Thursday, May 26, 2016

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ ငွေကြေးခဝါချမှုမရှိရန် စစ်ဆေး ------------------

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ ငွေကြေးခဝါချမှုမရှိရန် စစ်ဆေး
--------------------------------------
ရန်ကုန်၊ မေ ၂၅

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် ငွေကြေးခဝါချမှုများ ဝင်ရောက်မလာစေရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က စစ်ဆေးပေးရန် အကူအညီတောင်းသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စစ်ဆေးနေကြောင်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့မှ ရဲမှူးကြီးကျော်ဝင်းသိန်းက ပြောကြားသည်။

“သူ့တို့အဖွဲ့အစည်းအနေနဲ့တော့ ရင်းနှီးမြှုပ်နှံမှုအားလုံးကို စစ်ခိုင်းတဲ့သဘောမျိုးတော့ မဟုတ်ပါဘူး။ တချို့ကိစ္စတွေတော့ အကူအညီတောင်းပြီး စစ်ခိုင်းတာမျိုးလည်းရှိတယ်” ဟု ၎င်းကဆိုသည်။

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လက်နက်မှောင်ခိုရောင်းမှုနှင့် လူကုန်ကူးမှုများမှရရှိသောငွေကြေးများကို အိမ်၊ ခြံ၊ မြေ၊ ကျောက်စိမ်းရောင်းဝယ်ရေးနှင့် ဘဏ်လုပ်ငန်းတို့တွင် အများဆုံးရင်းနှီးမြှုပ်နှံကာ ငွေကြေးခဝါချကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှလည်း ငွေကြေးခဝါချမှုများ ဖြစ်နိုင်ခြေရှိသောကြောင့် ယင်းကဲ့သို့စစ်ဆေးပေးမှုများ လည်း ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

ငွေကြေးခဝါချမှုကို စုံစမ်းစစ်ဆေးသည့် နည်းစနစ်ရှိသော်လည်း မြန်မာ့ငွေကြေးဈေးကွက်တွင် ငွေမည်းများဝင်ရောက်နေသည့်ပမာဏကို စစ်ဆေးရန် နည်းပညာပိုင်းမရှိသောကြောင့် ငွေကြေးခဝါချမှုများစုံစမ်းရာတွင် အခက်အခဲများကြုံတွေ့နေရကြောင်း ရဲမှူးကြီးကျော်ဝင်းသိန်းကဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ငွေမည်းများဝင်ရောက်မလာစေရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အသစ် မဖွဲ့ရသေးသောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များကို လက်မခံသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ငွေမည်းများစီးဝင်မှု လျော့နည်းစေရန် အိမ်၊ ခြံ၊ မြေ၊ ကျောက်စိမ်းရောင်းဝယ်ရေးဆောင်ရွက်သူများ၊ ဗဟိုဘဏ်နှင့် စီးပွားရေးလုပ်ငန်းရှင်များကို အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့မှ ရဲမှူးကြီးကျော်ဝင်းသိန်းက ပြောဆိုသည်။


No comments: