Thursday, May 26, 2016

ဖားကန့်မြို့နယ်အတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုနှင့် မီးရှို့ဖျက်ဆီးမှုတွင် ကိုယ်တိုင်ပါဝင် လုပ်ဆောင်ခဲ့ သူများအား ဖမ်းဆီးရမိ ============================================

ဖားကန့်မြို့နယ်အတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုနှင့် မီးရှို့ဖျက်ဆီးမှုတွင် ကိုယ်တိုင်ပါဝင် လုပ်ဆောင်ခဲ့ သူများအား ဖမ်းဆီးရမိ
============================================
မေ ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း KIA လက်နက်ကိုင်အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုများနှင့် ပတ်သက်၍ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်း သတင်းဖော်ထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် သတင်းအရ ဖားကန့်မြို့နယ်၊ ထုံးဘိုကျေးရွာရှိ KIA လက်နက်ကိုင်အဖွဲ့မှ ယောထုံ(ခ) မဂျန်ယောထုံ(ထွက်ပြေးတိမ်းရှောင်နေသူ) ငှားရမ်းနေထိုင်သော နေအိမ်အား ၀င်ရောက်ရှင်းလင်းစဉ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုနှင့် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများအား မီးရှို့ဖျက်ဆီးမှုတွင် ကိုယ်တိုင်ပါဝင် လုပ်ဆောင်ခဲ့သူများအား ဖမ်းဆီးရမိသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးခဲ့ရာ KIA လက်နက်ကိုင်အဖွဲ့ဝင် ဖားကန့်မြို့နယ်၊ ဝှေ့ခါကျေးရွာနေ မရမ်ဘောမ်ယော်(ခ) လယော်(ဘ)ဦးလဘောမ်နှင့် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်နေ ဂွမ်ဂျာနော်(ခ)နောနော် (ဘ) ဦးမရစ်ဇော်၊ KIA လက်နက်ကိုင်အဖွဲ့၏ အမာခံသတင်းပေး ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာနေ အောင်အောင်(ဘ)ဦးတိုး တို့ဖြစ်ကြောင်းသိရှိရသည်။

၎င်းတို့အား စစ်ဆေးချက်အရ ထွက်ပြေးတိမ်းရှောင်နေသူ ယောထုံသည် မေ ၉ ရက် တွင် ဂွမ်ဂျာနော်နှင့် အဖွဲ့ဝင်တစ်ဦးတို့အား မရှီကထောင်ကျေးရွာအုပ်စု၊ ဂျန်ကတ်ကျေးရွာ ရှိ KIA လက်နက်ကိုင်အဖွဲ့ဝင် တစ်ဦးဖြစ်သော လဂျောင်၏နေအိမ်သို့ ခေါ်ဆောင်ပြီး လက်ပစ်ဗုံးများ ကြံ့ခိုင်ရေးပြုလုပ်ခြင်း၊ ဖောက်ခွဲနိုင်ရန် ပြင်ဆင်ခြင်းများပြုလုပ်ကာ သိုဝှက်ထားကြောင်းသိရှိရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ လဂျောင်မှာ တိမ်းရှောင်လျက်ရှိပြီး ၎င်း၏ပထွေးဖြစ်သူ ဦးသန်းလွင်အား ဖမ်းဆီးရမိခဲ့သည်။ ဦးသန်းလွင်အားစစ်ဆေး မေးမြန်းချက်အရ ဖားကန့်-ထုံးဘို-ဂျန်ကတ် လမ်းပေါ်ရှိ ထုံးဘိုကျေးရွာအနီး လမ်းညာဘက်၌ တပ်မတော်စစ်ကြောင်းအား မိုင်းထောင်ဖောက်ခွဲရန် အသက်သွင်း အသင့်တပ်ဆင်ထားသော ဒေသန္တရ ရီမုတ်မိုင်းတစ်လုံးအား ဖော်ထုတ်သိမ်းဆည်းရမိသည်။

ထို့ပြင် မရမ်ဘောမ်ယော်၊ ဂွမ်ဂျာနော်နှင့် အောင်အောင်တို့သုံးဦးသည် ပြည်သူလူထုများ အထိတ်တလန့် ဖြစ်စေရန်ရည်ရွယ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဖားကန့်မြို့နယ်အတွင်းရှိ ဌေးမြန်မာ(ခ)ဌေးမြင့် မော် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်း၊ ၂၀၁၆ ခုနှစ် မေ ၉ ရက် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် ဖားကန့်မြို့မရဲစခန်းနှင့် ဥရုရတနာ ကျောက်စိမ်းတောင် တံတားအနီးတို့၌ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းနှင့် မေ ၁၅ ရက်တွင် မှော်စီစာကျေးရွာအနီးရှိ ကောင်းမြတ်သုခ(ခ) စိန်စိန် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းများကိုလည်း ကိုယ်တိုင်ပါဝင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူလူထုများ အထိတ်တလန့်ဖြစ်စေရေး၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုဖြစ်စေရေးရည်ရွယ်၍ KIA လက်နက်ကိုင်အဖွဲ့ဝင်များက ဖားကန့်မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်နေခြင်း ကြောင့် တပ်မတော်အနေဖြင့် ပြည်သူ့ဘ၀ လုံခြုံစေရေးအတွက် နယ်မြေလုံခြုံရေးနှင့် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဖျက်အမှောင့်လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ခဲ့သော ဖမ်းဆီးရမိသူ များအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဖားကန့်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


No comments: