Wednesday, May 25, 2016

စစ်ဘေးရှောင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ရှမ်းပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆို တင်မည်

စစ်ဘေးရှောင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ရှမ်းပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆို တင်မည် --------------------------------------------- ရန်ကုန်၊ မေ ၂၂ ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ စစ်ဘေးရှောင် ဒေသခံများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့ အရေးကြီးအဆို တစ်ရပ်တင်သွင်းမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်က ပြောကြားသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ တိုက်ပွဲများကြောင့် ကျောက်မဲနှင့် သီပေါမြို့နယ်များတွင် စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက် နေ့စဉ် တိုးပွားလာလျက် ရှိသည်။ ယင်းကြောင့် မေလ နောက်ဆုံးအပတ်အတွင်း ပြန်လည် စတင်မည့် ရှမ်းပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆိုတင်ရန် ပြင်ဆင်လျက်ရှိကြောင်း ကျောက်မဲမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးစိုင်းထွန်းဥာဏ်က ဆိုသည်။ “တင်ပြနိုင်ဖို့ စာရင်းအချက်အလက်တွေလည်း ကောက်ယူထားပါတယ်။ စစ်ရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ပြည်နယ်အစိုးရရဲ့ထောက်ပံ့ငွေနဲ့ ဆောင်ရွက်ပေးနိုင်အောင်လို့ပါ”ဟု ၎င်းကရှင်းပြသည်။ အလားတူ ဧပြီလအတွင်း ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရေးအတွက် ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အရေးကြီးအဆို တစ်ရပ် တင်သွင်း အတည်ပြုထားပြီးဖြစ်သည်။ ယင်းနောက် ရခိုင်ပြည်နယ် အစိုးရကလည်း လွှတ်တော်၏အဆိုကို အကောင်အထည်ဖော်သည့်အနေနှင့် စစ်ဘေးရှောင်များကို ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA တို့အကြား တစ်ကျော့ပြန် တိုက်ပွဲများကြောင့် ဒေသခံ စစ်ဘေးရှောင်ထောင်ချီကာ နေရပ်စွန့်ခွာလျက်ရှိကြောင်း ဒေသခံ အဖွဲ့အစည်းများထံမှ သိရသည်။

No comments: