Tuesday, May 24, 2016

ဖားကန့်ကျောက်စိမ်း အလွန်အကျွံတူးဖော်စဉ်က ရပ်ဆိုင်းထားခဲ့သည့် နယ်စပ်မှ ယာဉ်ယန္တရားများ တင်သွင်းခွင့်ကို ပြန်လည်ခွင့်ပြု

 ဖားကန့်ကျောက်စိမ်း ဒေသတွင် စက်ယန္တရား မြောက်မြားစွာဖြင့် ကျောက်စိမ်း အလွန်ကျွံတူးဖော်မှု ပြုလုပ်ခဲ့သည့် အတွက် ကန့်ကွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့သောကြောင့်၂၀၁၅ ဒီဇင်ဘာလမှ စတင်ကာ တရုတ်မြန်မာ နယ်စပ်မှ ယာဉ်ယန္တာရား တင်သွင်းခွင့်ကို ပိတ်ပင်ထားသည့်အတွက် နယ်စပ်တရုတ်ဘက်ခြမ်းတွင် သောင်တင်နေသော သွင်းကုန်လိုင်စင်ရပြီးသား ယာဉ်ယန္တရားများကို တင်သွင်းခွင့် ပြုလိုက်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
ယခုစီမံချက်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အရ အရေးကြီးသည့် ပြုပြင်ပြောင်းလဲမှုများ အနေဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကာ နယ်စပ်စခန်းများတွင် သွင်းကုန်လိုင်စင်ရရှိထားပြီး တင်သွင်းရန် ကျန်ရှိနေသည့် ယာဉ်ယန္တရားများကို သွင်းကုန်လိုင်စင် တိုးမြှင့်ပေးပြီး တင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ဒီဇင်ဘာလအတွင်းက ယာဉ်တင်သွင်းခွင့် ရပ်ဆိုင်းခဲ့မှုကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်း အသီးသီးတွင် ကုန်တင်ယာဉ် ၉၂၀၄ စီး ၊ လယ်ယာသုံးယာဉ် ၃၄၁၁ စီး ၊ ခရီးသည်တင်ယာဉ် ၉၂၇ စီးနှင့် ရေယာဉ် မီးသတ်ယာဉ်အချို့ ပါဝင်သည်။
ယာဉ်တင်သွင်းခွင့် ပိတ်ပင်ခဲ့မှုကြောင့် တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက်ခြမ်းတွင် ယာဉ်အများအပြား သောင်တင်နေခဲ့ပြီး တရုတ်နိုင်ငံ လုပ်ထုံလုပ်နည်းအရ အဆိုပါယာဉ်များမှာ ပို့ကုန်အဖြစ် သတ်မှတ်ခဲ့ပြီး ဖြစ်သောကြောင့် ပင်လယ်ရေ လမ်းကြောင်းမှ ပြန်တင်ပါကလည်း ပင်လယ်နှင့် ဝေးလံသည့် ဒေသဖြစ်သောကြောင့် အဆင်ပြေစေရန် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာန ရက် ၁၀၀ စီမံချက်တွင် ယန္တရားကြီးများ ပိုမိုတင်သွင်းခွင့်နှင့် ကုန်သွယ်မှု ဖြေလျှော့ရန် ဦးစားပေးဆောင်ရွက်မည် ခေါင်းစဉ်ဖြင့် နိုင်ငံပိုင်သတင်းစားတွင် ဖော်ပြထားသည်။
လုပ်ငန်းသုံး ယာဉ်ယန္တရားများ တင်သွင်းခွင့်ပြုရာတွင် ကုမ္ပဏီတစ်ခုလျှင် တစ်နှစ်အတွင်း ၁၀ စီးသာ ခွင့်ပြုပေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်အရ ယာဉ်ယန္တရားများ လိုအပ်ချက်ရှိသည့် ကုမ္ပဏီများအနေဖြင့် အခြားသော ကုမ္ပဏီများမှ တစ်ဆင့် ပြန်လည် ၀ယ်ယူနေရခြင်းကြောင့် ကုန်ကျစရိတ်များ ပိုမိုကြုံတွေ့နေကာ အခက်အခဲများ ဖြစ်ပေါ်နေမှုအပေါ် အမှန်တကယ် လိုအပ်ချက်ရှိသည့် ကုမ္ပဏီများ အနေဖြင့် လိုင်စင်တစ်စောင်လျှင် ယာဉ်ယန္တရား ၁၀ စီးနှုန်း တင်သွင်းခွင့်ပြုမည် ဖြစ်သည့်အပြင် လိုင်စင်ထပ်မံ လျှောက်ထားမှုများကိုလည်း ဖြေလျှော့ကာ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် သွင်းကုန်လိုင်စင်ရရှိပြီး နယ်စပ်တွင် တင်သွင်းရန် ကျန်ရှိနေသည့် ယာဉ်ယန္တရားများ လိုင်စင်သက်တမ်း တိုးမြှင့်ခွင့်ပြုကာ တင်သွင်းခွင့်ပြုရန် ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း သက်တမ်းတိုးမြှင့်ခွင့် ပြုပေးခြင်းကို နေပြည်တော်ရုံးချုပ်၊ မြ၀တီကုန်သွယ်ရေးဇုန်နှင့် မူဆယ်ကုန်သွယ်ရေးဇုန် တို့တွင် ဆောင်ရွက်ပေးလျက်ရှိပြီး လိုင်စင်ပါ အချက်အလက်များ ကွဲလွဲမှုမရှိစေရန်နှင့် မှန်မှန်ကန်ကန် စနစ်တကျ တင်သွင်းရန်အတွက် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေး ဆောင်ရွက်ကာ မြ၀တီ ကုန်သွယ်ရေးဇုန်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် တာချီလိတ် နယ်စပ် ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းခွင့် ပြုသွားမည်ဟုသိရပြီး ရက် ၁၀၀ အတွင်း စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
ဇော်မင်းထွန်း
Photo - ဖားကန့်မြေ
The Ladies News

No comments: