Wednesday, May 25, 2016

ချစ်သူမိန်းကလေး၏ မျက်နှာကို ဓားဖြင့်မွှန်းခဲ့သည့် အမျိုးသား တရားစွဲဆိုခံရ မှု ကျေအေးလွှာတင်မည် -----------------------------------------------------------

ချစ်သူမိန်းကလေး၏ မျက်နှာကို ဓားဖြင့်မွှန်းခဲ့သည့် အမျိုးသား တရားစွဲဆိုခံရ မှု ကျေအေးလွှာတင်မည် ----------------------------------------------------------- ရန်ကုန်၊ မေ ၂၄ ချစ်သူအသစ်ရှာသည်ဟုဆိုကာ မိန်းကလေး၏ မျက်နှာကို ဓားဖြင့်မွှန်းခဲ့သော အမျိုးသား၏ အမှုကို လာမည့် ဇွန်လ ၇ ရက်နေ့တွင် တရားလိုဘက်မှ တရားရုံးတွင် ကျေအေးလွှာတင်မည်ဖြစ်ကြောင်း အလုံမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ကျေအေးလွှာတင်မည့် အမျိုးသားမှာ လက်ရှိ အလုံမြို့နယ် တရားရုံးတွင် ပြစ်မှုပုဒ်မ ၃၂၆/ ၃၂၄ တို့ဖြင့် တရားစွဲဆိုခံနေရသူဖြစ်ကြောင်း၊ ၎င်းမှာ ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က အလုံလမ်းဘေးရှိ လိုတရ စားသောက်ဆိုင်မှ ဝန်ထမ်းဖြစ်သူ အသက် ၂၄ နှစ် အရွယ် ၎င်း၏ ချစ်သူအမျိုးသမီးကို ချစ်သူအသစ် ရှာသည်ဟု စွပ်စွဲပြောဆို၍ မျက်နှာကို ဓားဖြင့် မွှန်းခဲ့ကြောင်း အလုံမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ “သူတို့နှစ်ဦးက ချစ်သူတွေ ဖြစ်ပြီး နှစ်ဖက်မိဘတွေက သဘောတူထား သူတွေပါ၊ မျက်နှာဓားနဲ့ မွှန်းခံရသူ မိန်းကလေးရဲ့ မိခင်ကိုယ်တိုင်က နှစ်ဖက် အုပ်ထိန်းသူတွေဘက်မှာ ထောက်ထားစရာတွေ ရှိနေတာကြောင့် အမှုကျေအေးပေးဖို့ သဘောတူခဲ့တာလို့ စစ်ဆေးချက်အရ သိရတယ် ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ ပြစ်မှုကျူးလွန်ခဲ့သည်ဟု တိုင်ကြားခံခဲ့ရသော အသက် ၂၈ နှစ် အရွယ် အမျိုးသားမှာ အလုံမြို့နယ်၊ စောရန်ပိုင် အရှေ့ ရပ်ကွက်ရှိ ပုံနှိပ်စက်တွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပြီး ၎င်း၏ ချစ်သူမှာ စားသောက်ဆိုင်တွင် အတူလုပ်ကိုင်နေသော ဝန်ထမ်း အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက်နေသည်ဟု အထင်လွဲမှားခဲ့ရာမှ အမျိုးသမီး၏ မျက်နှာကို စက္ကူဖြတ် ဓားဖြင့် မွှန်းခဲ့ကြောင်း အလုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။။ “အထင်လွဲခံရတဲ့ ဆိုင်ဝန်ထမ်း အမျိုးသားမှာ အိမ်ထောင်ရှိတယ်၊ အခင်းဖြစ် စဉ်နေ့က ဆိုင်ဝန်ထမ်း အမျိုးသား ပါ ထိခိုက်ဒဏ်ရာ အနည်းငယ် ရခဲ့တယ်၊ သူ့ကို တရားလိုပြသက်သေအဖြစ် ထည့်သွင်းထားပေမယ့် တရားရုံးမှာ လာရောက် အစစ်ဆေးမခံတာ တစ်လခွဲလောက် ရှိပြီမို့ လာအစစ်ခံဖို့ ဆင့်ခေါ်စာ ထုတ်ပြန်ထားတယ်”ဟု အလုံ မြို့နယ် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဓားဖြင့်မွှန်းခံရသည့် အမျိုးသမီးမှာ မျက်နှာတွင် ကန့်လန့်ဖြတ် ပြတ်ရှဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း၊ ယင်းအမှုမှ ပြစ်မှုကျူးလွန်သူကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အလုံမြို့နယ် တရားရုံးတွင် ပြစ်မှုပုဒ်မ ၃၂၆/ ၃၂၄ ဖြင့် တရားစွဲဆိုခဲ့ပြီး စစ်ဆေးနေကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။

No comments: