Thursday, May 26, 2016

KBZ Gateway ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးနိုင်ထွန်းကျော်နှင့် တွေ့ဆုံခြင်း

KBZ Gateway ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးနိုင်ထွန်းကျော်နှင့် တွေ့ဆုံခြင်း

By:
မြင့်ကျော်လှိုင်

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် သြဂုတ်လက ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလိုင်စင် (အထူး) ကို ရရှိခဲ့တဲ့ KBZ Gateway ကုမ္ပဏီဟာ သိပ်မကြာခင်ကာလမှာ ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှုကို ပေးအပ်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ KBZ Gateway ရဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ အင်တာနက်ဂျာနယ်က ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးနိုင်ထွန်းကျော်နဲ့ အခုလိုတွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

KBZ Gateway အနေနဲ့ ဆက်သွယ်ရေးလိုင်စင်ကို ဘယ်အချိန်ကစပြီး ရရှိခဲ့တာပါလဲ။

ဆက်သွယ်ရေးလိုင်စင်ကို ၂၀၁၅ နိုဝင်ဘာလကတည်းက ရခဲ့တာပါ။

KBZ Gateway အနေနဲ့ ဘယ်လို လိုင်စင်အမျိုးအစားကို ရရှိခဲ့တာပါလဲ။

ကျွန်တော်တို့ Network Facilities Service (Individual) Licence အမျိုးအစားကို ရရှိခဲ့တာပါ။

KBZ Gateway က ဂြိုဟ်တု ဆက်သွယ်ရေးဝန်ဆောင်မှုကို ဝန်ဆောင်မှုပေးမယ်ဆိုတော့ ရင်း နှီးမြှုပ်နှံမှု ပမာဏက ဘယ်လောက်ထိရှိပါလဲ။

အမေရိကန်ဒေါ်လာ ၄ သန်း ရှိပါတယ်။ ဒါကလည်း ကျွန်တော်တို့အနေနဲ့ ပမာဏရင်းနှီးမြှုပ်နှံမှု တစ်ခုပါ။ တကယ်ဆိုရင် ဒီထက်ပိုပါတယ်။ ကျွန်တော်တို့အလုပ်က စလောင်းတစ်ခုဝယ်ရုံနဲ့ ပြီးသွားတာတော့ မဟုတ်ပါဘူး။

ဂြိုဟ်တုဆက်သွယ်ရေး ​ဝန်ဆောင်မှုအတွက် ဘယ်လိုအမျိုးအစား Spectrum ကို ရယူထားပါလဲ။ အစိုးရဆီကိုကော Spectrum နဲ့ပတ်သက်ပြီး အခကြေးငွေ ဘယ်လောက်ပေးခဲ့ရပါလဲ။

ကျွန်တော်တို့ လိုင်စင်လျှောက်ထားစဉ်တုန်းက လိုင်စင်ကြေးတွေ ပေးခဲ့ရတာရှိပါတယ်။ Spectrum ကြေးကတော့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ သုံးမယ့် အတိုင်းအတာ ကိုဖော်ပြခဲ့တယ်။ အဲဒီထဲမှာပါပြီးသားလို့ ကျွန်တော်တို့ သဘောပေါက်ထားတယ်။

KBZ Gateway က ပေးအပ်မယ့် ဂြိုဟ်တုဝန်ဆောင်မှု အမျိုးအစားတွေကို သိလို့ရနိုင်မလား။

ကျွန်တော်တို့ လက်ရှိပေးမယ့် ဝန်ဆောင်မှုကတော့ C Band , KU Band တွေပါ။

ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုကို ရောင်းချပေးမယ့် ပုံစံကိုလည်း သိချင်ပါတယ်။

ကျွန်တော်တို့ လက်ရှိသွားနေတဲ့ပုံက B to B ပုံစံပေါ့။ ကျွန်တော်တို့မှာ လက်တွဲဖော်တွေရှိမယ်။ သူတို့ကမှတစ်ဆင့် ဝန်ဆောင်မှုတွေကို ရောင်းသွားမှာပါ။ ဈေးနှုန်းတွေလည်း သူတို့ဆီမှာ ရှိပါလိမ့်မယ်။ လက်ရှိကတော့ ပါတနာ ၁၅ ခုလောက်ရှိပါတယ်။ နောက်ပိုင်းတော့ များလာပါလိမ့်မယ်။

ဂြိုဟ်တုဆက်သွယ်ရေးအတွက် KBZ Gateway က Asia Set ကနေပြီးတော့ ဂြိုဟ်တုစနစ်ကို ရယူအသုံးပြုထားတယ်လို့ သိရတယ်။ ပမာဏ ဘယ်လောက်အထိ ရယူထားပါလဲ။

စကာစဆိုတော့ အနိမ့်ဆုံးအဆင့်ကနေပြီးတော့ စခဲ့ပါတယ်။ ၂ နှစ်အတွင်းမှာဆိုရင်တော့ transformer နှစ်ခုသုံးခုစာလောက် အပြည့်သုံးနိုင်မှာပါ။ အဲဒါတွေကတော့ ဒီဘက်က Network ဘယ်လောက်ထိဆွဲလာပြီလဲဆိုတဲ့ သဘောရှိမှာပေါ့။ အဲဒီပေါ်မှာမူတည်ပြီးတော့ ဖြစ်လာမှာပါ။

ဝန်ဆောင်မှုက ဘယ်တော့ စရမှာလဲ။

ကျွန်တော်တို့ စမ်းသပ်တာက နှစ်ပတ်၊ သုံးပတ်လောက်တော့ အမြဲတမ်းကြာတယ်။ ဒီစမ်းသပ်မှုကို ကျွန်တော်တို့ လာမယ့် ဇွန်လထဲမှာ လုပ်မှာ။ စမယ်ဆိုရင်လည်း KBZ Group အောက်မှာရှိတဲ့ ဘဏ်တွေ ၊ အာမခံလုပ်ငန်းတွေ ဒါတွေကို အရင်ဆုံး လုပ်ပေးသွားမှာပါ။ တစ်ပြိုင်တည်းမှာလည်း ပါတနာတွေကတစ်ဆင့် အခြားသုံးချင်တဲ့လူတွေကိုလည်း တပ်ဆင်ပေးသွားမှာပါ။

ဂြိုဟ်တုဆက်သွယ်ရေးမှာရ ရှိနိုင်မယ့် အမြန်နှုန်းတွေကို သိလို့ရမလား။

အမြန်နှုန်းတွေကတော့ ထွက်နေပါပြီ။

ဂြိုဟ်တုဆက်သွယ်ရေးအတွက် လုံခြုံမှုအတိုင်းအတာ ဘယ်လောက်အတိုင်းအတာထိရှိလဲ။

TR 3 အဆင့်လုံခြုံမှုရှိပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက စစ်ဆေးခဲ့ ပြီးဖြစ်ပါတယ်။ အဆင့်တိုင်းမှာလည်း လုံခြုံရေးအစီအမံတွေရှိပါတယ်။

ရောင်းချမယ့်အထဲမှာ VoIP ဖုန်းတွေလည်းပါတယ်လို့ သိရတယ်။ ဂြိုဟ်တုစနစ် အင်တာနက်ကို ဝယ်တာနဲ့ တွဲပါလာမှာလား။ တစ်ခုချင်းစီ ဝယ်သုံးချင်ရင်ကော ရလား။

တစ်ခုချင်းစီလည်း ဝယ်သုံးလို့ရပါတယ်။ Data , Voice , Vedio စိတ်ကြိုက်ခွဲဝယ်လို့ ရပါတယ်။

KBZ Gateway ရဲ့မြေပြင် ထိန်းချုပ်ရေးစခန်းက ဘယ်မှာရှိပါလဲ။

ပဲခူးမှာ မြေပြင်အခြေစိုက်စခန်း ရှိပါတယ်။


No comments: