Thursday, May 26, 2016

ခေတ်သစ် ကျန်စစ်သား ===============

ခေတ်သစ် ကျန်စစ်သား
===============

ကျန်စစ်သား ခမြာ အလုပ်မရှိရှာ။
အညာမှာ မိုးတွေက ခေါင်။ သီးနှံတွေက မဖြစ်ထွန်း။ ဈေးကောင်းလည်းမရ။
ပြီးတော့ သားတွေ၊ မယားတွေလည်း များသမို့ အိမ်စားရိတ်မတတ်နိုင်တော့။
အရင်လို ပလ္လင်ပေါ်မှာ ခန့်ခန့်ကြီးထိုင်ပြီးနေလို့ မရ။ အခြား အလုပ်လုပ်မှ ဖြစ်မည်။
ဒါကြောင့် ရန်ကုန်ကို ဆင်းပြီး အလုပ်ရှာတော့သည်။ သို့သော် ဘွဲ့ကလည်း မရသဖြင့် ကုမ္ပဏီမှာ တောက်တိုမယ်ရတောင် မရရှာ။
ဒီလိုနှင့် ဟိုတယ်မှာ ဧည့်ကြိုဖြစ်သွားပင်။

ရန်ကုန်ရောက်စက ကျန်စစ်သားတစ်ယောက် နေရာ အနှံ အလုပ်လိုက်ရှာသေးသည်။
အပေါ်မှာ ပြောခဲ့သလို ဘွဲ့က မရတော့ အလုပ်မပေးကြ။
နောက်ပြီးတော့ ကျန်စစ်သား အကျင့်ကိုလည်း လူတွေက မကြိုက်။
ငါ့အလုပ်မှာ ခန့်လိုက်ရင် ငါ့မိန်းမကို သုတ်သွားမလား ဆိုပြီး စိုးရိမ်ကြသည်။
လူတွေက မဏိစန္ဒာကိစ္စကို သိပ်ပြီး အခဲကြေတာမှ မဟုတ်တာ။
ပြီးတော့ ကျန်စစ်သားက ရုပ်ကလည်း ဖြောင့်တာကိုး။ ကြေးနီရောင် အသားနဲ့ ခက်ထန်ထန် မျက်နှာထား။ အမျိုးသမီးတွေ သဘောကျမည့်ရုပ်။
နောက်ပြီး လှံကြီး တကားကား၊ သံလျှက်ကြီး တကားကားနှင့် ဆိုတော့ လူတွေက လန့်သည်။
ရဲတွေကလည်း ၁၉ င ဖြင့် ဖမ်းလိုသော်လည်း လှံနဲ့ ပြစ်လိုက်လျှင် မလွယ်ဟုတွေးကာ မဖမ်း။

သံလျှက်ကြီး တကားကားနှင့် အလုပ်ရှာသဖြင့် မြို့ထဲက လူတွေက ပန်းရံလုပ်ရန် အကြံပေးသည်။
သို့နှင့် ကျန်စစ်သားလည်း ဆောက်လုပ်ရေးလုပ်ငန်းများသို့ သွားပြီး အလုပ်တောင်း၏။
သံလျှက်ကို လက်က မချဘဲ ကိုင်ထားတော့ ပန်းရံဆရာဟု ထင်ပြီး အလုပ်တန်းပေးသည်။
သို့သော်လည်း ကျန်စစ်သားခမြာ အုတ်မစီတတ်။
ဘိလပ်မြေ မဖျော်တတ်။
အဲ့တော့ နေ့တွက်တောင် မရဘဲ အလုပ်ပြုတ်ရှာသည်။ ဒါပေမဲ့ ကန်ထရိုက်ကတော့ ကျန်စစ်သားကိုပေးဖို့ ပန်းရံဆရာ နေ့တွက် ၁၂၀၀၀ ကို ၀ိုက်လိုက်တာပေါ့။

ရန်ကုန်စားရိတ်က ကြီးသည်။ တော်ရုံလူ မခံနိုင်။ အလုပ်မရှိလျှင် နေလို့မရ။
အိမ်ငှားခတွေက ဈေးကြီး။ အစားအသောက်က ဈေးမပေါ။ ကြာတော့ ကျန်စစ်သားလည်း ထိလာသည်။
အဲ့တော့ အိမ်ငှားခအတွက် ပါလာသည့် နားတောင်းတွေ၊ အ၀တ်အစားတွေကို အပေါင်ဆိုင်ပို့ရသည်။
အ၀တ်အစားတွေကိုတော့ အပေါင်ဆိုင်က လက်မခံ။ ဟောင်းလွန်းသည်ဟု အကြောင်းပြသည်။
နောက်ဆုံး ရှင်ပြုဝတ်စုံတွေ ငှားစားသည့် သင်္ကန်းဆိုင်ကို ရောင်းလိုက်မှ အဆင်ပြေသွား၏။

နောက်တော့ ကျန်စစ်သားလည်း အိပ်ပင် မငှားနိုင်တော့။
ပါလာသည့် သားမယားတွေကို ပုဂံသို့ ပြန်ပို့လိုက်ရသည်။
သူကတော့ လှည်းတန်းက အဆောင်မှာ ပြောင်းနေသည်။
အဲ့လိုနေရင်း စားစရာ မရှိတော့သဖြင့် သံလျှက်တွေ။ လှံတွေကို ပင်ရောင်းလိုက်ရသည်။
အခုဆို လူတွေ ခမြာ ကျန်စစ်သားကို ကျန်စစ်သားမှန် မသိကြတော့။
သာမန် သူလို ငါလို ပဲဖြစ်နေသည်။

အစက အရပ်မြင့်မြင်။ ဗလကောင်းကောင်း ကျန်စစ်သားခမြာ ထမင်းလည်း ကောင်းကောင်းမစားရသဖြင့်
အရပ်တွေပုသွားသည်။ လူလည်း အတော်ပိန်သွားသည်။
အဆောင်က လူတွေပင် သူ့ကို သနားလာသည်။ ရောက်စက မြောက်ကြွကြွ။
အခုတော့ သနားစရာ ဇီးရွက်လောက် မျက်နှာလေးနှင့်။

အဆောင်မှာ အနေကြာတော့ ဘေးနားက သူငယ်ချင်းတွေက အကြံပေးသည်။
ရန်ကုန်မှာ အလုပ်ရချင်ရင် သင်တန်းလေး ဘာလေးတတ်။
ပြီးရင် ဆာတီဖီကိတ်လေး ကိုင်ပြီး အလုပ်လျှောက် တဲ့။

ဘာသင်တန်း တတ်ရမှန်းမသိ။
နောက်ဆုံး ပုဂံဘက်မှာ တုန်းက ဟိုတယ်တွေ ပေါသမို့ ဟိုတယ်နှင့် ဆိုင်သည့် ဟောက်စကီးပင်း သင်တန်းကို တတ်သည်။
သင်တန်းကြေးကလည်း ဈေးကြီးတော့ ပုဂံက မြေတွေပါ ရောင်းလိုက်ရသည်။
နောက်ဆုံး သင်တန်းလည်း ပြီး အလုပ်လည်း ရ။
ရသည့်နေရာကလည်း ရှယ်။ ကြယ်ငါးပွင့်ယောင်ဆောင်ထားသည့် ကြယ်သုံးပွင့် ဟိုတယ်ကြီး။
အလုပ်ရတုန်းကတော့ လခရယ်လို့ မရ။ နေ့တွက်ပဲရရှာသည်။ တစ်ထောင်ပင်မပြည့်။ လမ်းစားရိတ်ပင်မရှိ။

အစတုန်းကတော့ ဟိုဟာ သိမ်းရ။ ဒီဟာ သိမ်းရ။
စားပွဲထိုးရ။ အထုတ်ထမ်းရပေါ့။
နောက်တော့ အချင်းချင်းကြားမှာ သူက ကျန်စစ်သားဆိုတာ သိသွားသည်။
အဲ့တော့ ဈေးကွက်အမြင်ရှိသည့် မန်နေဂျာက သူ့ကို ပွဲထုတ်တော့သည်။

ဟိုတယ်ရှေ့မှာ အသာလေးရပ်။
ဧည့်သည်တွေရဲ့ အထုတ်လေး ဘာလေး ကူသယ်ပေး။
ဓါတ်ပုံလေး ဘာတွေ တွဲ အရိုက်ခံ။
ဘောက်ဆူးတွေ၊ တစ်မန်းနီးတွေ ရ ချင်ရမယ်။ လခလည်း ပုံမှန်ရမယ်။
ဒါဟာ ကျန်စစ်သားအတွက်တော့ အခွင့်အရေးကြီးပဲ။
မဟာ အခွင့်အရေးပေါ့။ အမြဲဝတ်ခဲ့တဲ့ အ၀တ်ကြီးကို ပြန်ဝတ်ရမယ်။ တအားလည်း မပင်ပန်းတော့။
ဒါပေမဲ့ လှံတန်ကြီးကတော့ အတုပေါ့။ အစစ်ဆို မန်နေဂျာကလည်း သူ့ကို ထိုးမှာ ဆိုးသည်။

တကယ်တော့ ဒီလို ဧည့်ကြိုဟာ ကျန်စစ်သားတင်မဟုတ်။
အနော်ရထာတို့။ ဘုရင့်နောင်တို့၊ အလောင်းဘုရားတို့လည်း အခြားဟိုတယ်တွေမှာ ဧည့်ကြိုလုပ်နေတာ ကြာပြီ။
အချို့ဟိုတယ်တွေမှာ ရှမ်းပြည်က စော်ဘွားတွေလည်း ဧည့်ကြိုလုပ်ရသည်။
ပြီးတော့ အခြားသော တိုင်းရင်းသား ခေါင်းဆောင်တွေလည်း ဧည့်ကြိုလုပ်နေကြရသည်။
နောက်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးနုတို့ကိုပါ ဧည့်ကြို လုပ်ခိုင်းဖို့ စီစဉ်ထားကြသေးသည်။
ဒါပေမဲ့...............။

အခုတော့ ကျန်စစ်သားကို လူတွေက အပြစ်ပြောကြလေပြီ။
ကိုယ့်ဂုဏ်သိက္ခာကိုမှ မထောက်။
ဟိုတယ်မှာ ဧည့်ကြိုဝင်လုပ်သတဲ့။
မဖြစ်ဘူး။ ကန့်ကွက်ရမယ်။ ဟိုတယ်ကို ပြသနာရှာရမယ်။ အို ဟိုတယ်ကိုပါ ဖြိုပစ်ရမယ်။
နိုင်ငံခြားက လာဖွင့်တာ။ မြန်မာ့ ယဉ်ကျေးမှုကို စော်ကားတာလား။
ကျန်စစ်သားကို သိက္ခာချတာလား။

အခုဆို ကျန်စစ်သားတစ်ယောက် ၀တ်စုံကြီး ချွတ်လိုက်ရသည်။
သာမာန်သူလိုငါလို အ၀တ်အစားပဲ ပြန်ဝတ်ရတော့သည်။
ပြီးတော့ မန်နေဂျာကလည်း သူ့ကို သိပ်မကြည်။
ဒီကျန်စစ်သားကြောင့် အခုဆို ဘုန်းကြီးတွေက လာစစ်လို့ စစ်။ အထက်ကလည်း ခေါင်းရှောင်။
မကြာခင် ဟိုတယ်ခရီးတို့။ ယဉ်ကျေးမှုတို့လည်း ပြသနာလာရှာဦးမယ်။

လောလောဆယ်တော့ ကျန်စစ်သားကို အလုပ်က ခွင့်ပေးပြီးရှောင်ခိုင်းထားသည်။
ကျန်စစ်သားလိုပဲ အခြားဟိုတယ်တွေမှာ လုပ်နေသည့် အနော်ရထာတို့၊ ဘုရင်နောင်၊ အလောင်းဘုရားတို့လည်း ရှောင်နေရသည်။
ပြသနာတွေ မပြီးလျှင်တော့ ကျန်စစ်သားလည်း အလုပ်ပြန်ရဖို့ မလွယ်။

စိုပြေ
2:37 PM 5/26/2016

ဓာတ်ပုံ - ဆီဒိုးနားက service ပေးနေသည့်မြင်ကွင်း


No comments: