Thursday, May 26, 2016

တမူးမြို့နယ် နမ့်သလက်တံတားအနီးတွင် ပစ်ခတ်မှုများဖြစ်ပွား --- --- ---

တမူးမြို့နယ် နမ့်သလက်တံတားအနီးတွင် ပစ်ခတ်မှုများဖြစ်ပွား
--- --- ---

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်နှင့် ၁၉ မိုင်ခန့်အကွာအဝေးရှိသည့် မင်းသာရွာ၊ နမ့်သလက် တံတားအနီးတွင် မေလ ၂၅ ရက် နံနက်ပိုင်းက လက်နက်ငယ်အချို့နှင့် ပစ်ခတ်မှုများ ဖြစ်ခဲ့ကြောင်း တမူးဒေသခံများက ပြောသည်။

ပစ်ခတ်မှုမှာ မည်သည့်အဖွဲ့စည်းများ အကြား ဖြစ်ပွားသည်ကို အတိအကျ မသိရသော်လည်း ပစ်ခတ်မှုကြောင့် နမ့်သလက် တံတားအောက်ခြေတွင် အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။

“မနက်ပိုင်း ၅ နာရီဝန်းကျင်လောက်မှာ ဖြစ်တာ။ သေနတ်သံကြားပြီးတော့ သွားကြည့်တဲ့ အခါကျတော့ နန်းသလက် တံတားနားမှာ ကျည်ဆံခွံတွေတွေ့တယ်။ တိုက်ပွဲဖြစ်တာလား ဒီအတိုင်းပစ်ဖျက်တာလား ဆိုတာတော့ အတည်ပြုလို့မရဘူး။ အဲ့နားမှာတင် တိုက်ပွဲဖြစ်တဲ့ပုံစံမျိုး ဖြစ်တာပေါ့။ တံတားကတော့ ကြီးကြီးမားမား ပျက်စီးသွားတာတော့ မရှိဘူး”ဟု တမူးလူငယ်ကွန်ရက်မှ ကိုယဉ်ကိုဦးက The Ladies သို့ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းက မိုးရွာသွန်းပြီး ရေကြီးမှုများကြောင့် တံတားချဉ်းကပ်တံတားလည်း အနည်းငယ် ပျက်စီးနေကြောင်း၊ ပစ်ခတ်မှုကြောင့် ကြီးကြီးမားမား ပျက်စီးမှုမရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါနမ့်သလက်တံတားသည် ၂၀၁၂ ခုနှစ်ကလည်း အမည်မသိအဖွဲ့က မိုင်းခွဲဖျက်ဆီးခြင်းကို ခံခဲ့ရဖူးကြောင်း သိရသည်။

ဇော်မင်းထွန်း
Photo - တမူးမြို့သတင်း FB
The Ladies News


No comments: