Tuesday, May 24, 2016

အခြေခံပညာကျောင်းများ မေ ၂၅ မှ ကျောင်းစတင်အပ်နှံနိုင်မည်

 ၂၀၁၆-၁၇ ပညာသင်နှစ် တက်ရောက်မည့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အနေနှင့် မိမိတို့မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် မေလ ၂၅ ရက်မှ စတင်ပြီး ကျောင်းအပ်နိုင်မည်ဖြစ်သည်။
မေလ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ပညာရေးဝန်ကြီးဌာနက သက်မှတ်ထားသည်။
ကျောင်းအပ်နှံရာတွင် မိဘများ စုပြုံတိုးရခြင်း၊ ပုံနှိပ်စာအုပ်မရခြင်းစသော အခက်အခဲများ မဖြစ်စေရန် အပ်နှံမည့် အတန်းနှင့် အခန်းအလိုက် ဆရာ၊ ဆရာမများ ချထားပြီး အတန်းအလိုက် ပုံနှိပ်ပေးဝေရေး ဆရာ၊ ဆရာမကိုယ်စားလှယ် များစီစဉ်ထားကြောင်း ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းအုပ် ဆရာတစ်ဦးက ရှင်းပြသည်။
ကျောင်းသားမိဘများအနေနှင့် သက်ဆိုင်ရာ နယ်မြေအတွင်းသာ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်ရန်၊ ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများ မပေးရန်၊ တစ်ကျော့ပြန် ကျောင်းအပ်ခြင်း၊ ကျောင်းအပ်နှုန်း မြင့်လာခြင်းကြောင့် ပြဋ္ဌာန်းစာအုပ်များ မျှဝေခြင်းအစီအစဉ်နှင့် ပူးပေါင်း၍ လုံလောက်စွာ ဖြန့်ဝေလိုသဖြင့် သက်မှတ်မြို့နယ်အလိုက် ကျောင်းဝင်ခွင့် လျှောက်ထားမှုနှင့် ပတ်သက်၍ ပိုအဆင်ပြေမည့် နည်းလမ်းကို အကြံပြုရန် ပညာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။
ကျောင်းအပ်နှံရန် အခက်အခဲရှိသော အခြေခံလူတန်းစား လက်လုပ်လက်စား မိဘများအနေနှင့် မိမိကလေးငယ်များကို ကျောင်းအပ်နှံစေရေးအတွက် ဒေသအလိုက်ကျောင်းများရှိ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက စည်းရုံးတိုက်တွန်းကြရန် ပညာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။
ပညာရေးဝန်ထမ်းများ အနေနှင့် ကျောင်းအပ်နှံသည့် ကျောင်းသားများထံမှ မည့်သည့်အခကြေးငွေမှ ကောက်ခံခြင်း မပြုရန်၊ ကျောင်းအပ်နှံခြင်းအတွက် ငွေကြေး၊ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာလက်ခံခြင်း မပြုရန်၊ ကျောင်းဝတ်စုံအတွက် အတန်းတံဆိပ်၊ ကျောင်းတံဆိပ်ရောင်းချခွင့် မပြုကြောင်းနှင့် အခြားမည်သည့်ပစ္စည်းမှ ရောင်းချခွင့်မပြုကြောင်း ပညာရေးဝန်ကြီးဌာနက သက်မှတ်ထားသည်။
ကျောင်းအပ်နှံရာတွင် သူငယ်တန်း (KG) အတွက် ကျောင်းဝတ်စုံတစ်စုံ၊ မူလတန်းအဆင့် ကျောင်းဝတ်စုံတစ်စုံ၊ ဗလာစာအုပ် ၆အုပ်၊ ပြဋ္ဌာန်းစာအုပ်တစ်စုံ၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တွင် ပြဋ္ဌာန်းစာအုပ်တစ်စုံ၊ ကျောင်း လခ၊ မိဘဆရာ အသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာနှင့် စာကြည့်တိုက်ကြေး ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

No comments: