Friday, May 6, 2016

မွန်ပြည်နယ် ၄ လအတွင်း ယာဉ်မတော်တဆမှု ၁၂၅ ဦးသေဆုံး၊ ၄၈၂ ဦးဒဏ်ရာရရှိ

 မွန်ပြည်နယ်၊ (၁၀) မြို့နယ်တွင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ယာဉ်မတော်တဆမှုနှင့် ယာဉ်တိုက်မှု ၂၈၇ ခု ဖြစ်ပွားခဲ့ရာ အမျိုးသား ၁၀ဝ ဦးနှင့် အမျိုးသမီး ၂၅ ဦးသေဆုံးခဲ့ကာ ၄၈၂ ဦး ဒဏ်ရာရခဲ့သည်ဟု မွန်ပြည်နယ်ယာဉ်ထိန်းသိမ်းရေးတပ်ဖွဲ့မှ သိရသည်။


၂၀၁၅ ခုနှစ် မော်လမြိုင်ခရိုင် ယာဉ်မတော်တဆဖြစ်ပွားမှုဇယား(MNA)
အဆိုပါယာဉ်မတော်တဆမှုတွင် မော်တော်ယာဉ် ၁၃၅ စီး၊ မော်တော်ဆိုင်ကယ် ၁၄၀ စီး၊ ထော်လာဂျီ ၁၂ စီး ပါဝင်ပြီး လိုင်စင်ရှိသည့်ယာဉ် ၂၆၂ စီး၊ လိုင်စင်မဲ့ယာဉ် ၂၅ စီး၊ မဆင်မခြင်မောင်းနှင်မှု ၂၅၀ ခု၊ အရှိန်ပြင်းမောင်းနှင်မှု ၃၇ ခု ဖြစ်ပွားခဲ့သည်ဟု မှတ်တမ်းတွင် ဖော်ပြထားသည်။

ယာဉ်မတော်တဆဖြစ်ပွားမှုစာရင်းတွင် အမျိုးသား ၃၃၁ ဦးနှင့် အမျိုးသမီး ၄ ဦး တရားစွဲခံထားရပြီး အဆိုပါ ယာဉ်မတော်တဆမှုများတွင် ပစ္စည်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သိန်း လေးရာလေးဆယ်ကျော်(၄၄၄,ဝ၄,၃၀ဝိ) ရှိခဲ့သည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်တဝန်း နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ယာဉ်မတော်တဆမှုနှင့် ယာဉ်တိုက်မှု ၁၅,၄၀၆ ခုဖြစ်ပွားခဲ့ပြီး ၂၅,၆၁၄ ဦး ဒဏ်ရာရခဲ့၍ ၄၂၃၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ရေးသားသူ: မွန်ထော
မွန်သတင်းအေဂျင်စီ
http://burmese.monnews.org

No comments: