တပ်မတော်တင်မကပါဘူး
သံဃာအချင်းချင်းတောင် နည်းမျိုးစုံဖြင့်
စိတ်ဝမ်းကွဲအောင်လုပ်နေကြတယ် ၊
သံဃာတွေလည်း သိထားဖို့တော့လိုမယ် ။
~~~~~~~~~~~~~~~~~~~~
တပ်မတော် ပြိုကွဲစေရန် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လာနိုင်ဟု တပ်/ချုပ် ဆို
-------------------------------------------
ရန်ကုန်၊ မေ ၂
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်နေသော တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် အထင်အမြင်လွဲမှားသူ တချို့သည် တပ်မတော် ပြိုကွဲစေရန် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လာနိုင်သောကြောင့် သတိရှိကြရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
မေလ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း စစ်ဌာနချုပ် အနော်ရထာခန်းမတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်များ တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ ထည့်သွင်းပြောဆိုခြင်း ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
နိုင်ငံရေးစနစ် မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာ ရှိစေရန် နည်းလမ်းတကျ ပူးပေါင်းဆောင်ရွက်နေသည့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် အထင်အမြင်လွဲမှား သုံးသပ်သူတချို့သည် တပ်မတော် ပြိုကွဲစေရန် ခွဲထုတ်ဖြိုဖျက်ခြင်းများ နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ပြီး တပ်မတော်၏ စည်းလုံးညီညွတ်မှု ပျက်ပြားစေရန်၊ တပ်မတော် ‘အား’ ပျော့ သွားစေရန် လုပ်ဆောင်လာနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယင်းကြောင့် သတိတရား ရှိကြရန်နှင့် တပ်တွင်း စည်းလုံးညီညွတ်မှုကို အလေးထား လုပ်ဆောင်ကြရမည် ဖြစ်ကြောင်းဖြင့် ၎င်းက ဆိုသည်။
ထို့အပြင် အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် တိုင်းရင်းသားများ၏ အခွင့်အရေး တောင်းဆိုမှုအပေါ် မူတည်ဖြစ်ပေါ်လာသော်လည်း အချို့အဖွဲ့အစည်းများမှာ ဥပဒေတွင် ပြဋ္ဌာန်းပေးထားပြီး ဖြစ်သည့် အချက်အလက်များကို မျက်ကွယ်ပြု၍ အတင်းတောင်းဆိုမှုများလည်း ရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
ယင်းအပေါ်တွင် အချို့သော အဖွဲ့အစည်းများက သွေးထိုးရန်တိုက်၍ အမုန်းတရား ကြီးမားအောင် လုပ်ဆောင်နေခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို မခိုင်မြဲအောင် လုပ်ဆောင်ခြင်း ဖြစ်၍ များစွာ အန္တရာယ် ကြီးမားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
(ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
The Voice Weekly
No comments:
Post a Comment