Tuesday, November 3, 2015

ရွေးကောက်ပွဲနှင့် တရားဥပဒေစိုးမိုးမှု (နိဂုံး)

ရွေးကောက်ပွဲနှင့်  တရားဥပဒေစိုးမိုးမှု (နိဂုံး)

3-11-2015


လွှတ်တော်ကိုယ်စားလှယ်လောင်းမဟုတ်သော သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ် မဟုတ် သော အခြားသူတစ်ဦးဦးက ယင်းလွှတ်တော် ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရစေရန် ပြည်သူတို့နှင့် သက်ဆိုင်သော အစည်းအဝေးတစ်ရပ်ရပ် ကျင်းပ ပြုလုပ်ရန်အတွက် စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ၊ ငွေအကုန်အကျခံခြင်း၊ ငွေကုန်ကျရန် ခွင့်ပြုခြင်းတို့ကိုပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု ပြုလုပ်သည်ဟု မှတ်ယူရပါမည်။

ပုံနှိပ်သူ၊ ထုတ်ဝေသူတို့၏ အမည်နေရပ်မပါရှိသော ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ကြော်ငြာစာရွက် စာတမ်း၊ ပိုစတာ စသည်တို့ကို ဖြန့်ချိ ထုတ်ဝေခြင်းဖြင့် မိမိလိုလားသော လွှတ်တော်ကိုယ်စားလှယ်လောင်းအား အကျိုးရှိ စေသော ပြုလုပ်မှုသည်လည်း တရားမဲ့ ပြုကျင့်မှုဖြစ်ပါသည်။

ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့် မညီညွတ်သောအသုံးစရိတ်များ ကျခံ သုံးစွဲခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်များကို သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက် ခြင်း၊ မမှန်မကန်ပြုလုပ်ထားသော ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်ငွေစာရင်းကို တင်ပြခြင်း တို့သည်လည်း တရားမဲ့ပြုကျင့်မှု ပြုလုပ်ရာရောက်ပေသည်။

အကယ်၍ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲအများဆုံးရရှိကာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင် မြှောက်ခြင်းခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်သည် အထက် ဖော်ပြ ပါ တရားမဲ့ပြုကျင့်မှုတစ်ရပ်ရပ်ကြောင့် မဲအများဆုံးရကာ ရွေးကောက်ခံရခြင်း ဖြစ်ပါသည်ဟု ယှဉ်ပြိုင် အရွေးခံ ခဲ့သော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးက ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းကာ ကန့်ကွက်လာနိုင်ပါသည်။ အဆိုပါကန့်ကွက်လွှာအရ ရွေးကောက် တင်မြှောက်ခြင်းခံရသည့် လွှတ်တော် ကိုယ်စားလှယ်သည် တရားမဲ့ပြုကျင့်မှု တစ်ရပ်ရပ်ကြောင့် ရွေးကောက်ပွဲမဲအများဆုံးရရှိကာ ရွေးကောက် တင်မြှောက်ခံရခြင်းဖြစ်သည်ဟု ပေါ်လွင်ထင်ရှားလျှင် လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲ ခုံအဖွဲ့က ဆုံးဖြတ်မည်ဖြစ်ပါသည်။

တစ်နည်းဆိုရသော် ဖော်ပြပါ တရားမဲ့ပြုကျင့်မှုများသည် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများလည်း ဖြစ်ကြပါ သည်။ အကယ်၍ ရွေးကောက်ပွဲ အနိုင်ရရှိကာ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသော လွှတ်တော် ကိုယ်စားလှယ် သည် တရားမဲ့ပြုကျင့်မှု တစ်ရပ်ရပ်ဖြင့် ငြိစွန်းကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည် ဖြစ်ပါသည်။ လက်ရှိအချိန် တွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အများစုမှာ ဥပဒေများကို ချိုးဖောက်မှန်းမသိ ချိုးဖောက်လျက်ရှိပေသည်။

အထူးသဖြင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေကို မဲမထည့်ဖို့ ပြောခဲ့ဖူးပြီး မိန့်ခွန်းတိုင်းမှာ “တချို့လူတွေ၊ တချို့လူတွေ”ဆိုတဲ့စကားကို အကြိမ်ကြိမ် သုံးပြီး တစ်ဖက်ကိုတိုက်ခိုက်မှုများရှိနေခြင်းမှာ တရားမဲ့မှုများ ဖြစ်ပါသည်။ အလားတူ စည်းရုံးရေး ခရီးစဉ်များမှာ စင်းလုံးငှားလေယာဉ်မသုံးရဟု သတ်မှတ်ထားသော် လည်း စင်းလုံးငှားလေယာဉ်သုံးစွဲခြင်း၊ ပြည်ပအစိုးရ များနှင့် ယင်းတို့၏သြဇာခံများထံမှ ငွေကြေးနှင့် အကြံဥာဏ် အထောက် အပံ့များကို သွယ်ဝိုက်ရယူ နေခြင်းမှာလည်း တရားမဲ့မှုဖြစ်ပေသည်။

ယခုအချိန် အကြိတ်အနယ် ယှဉ်ပြိုင်စဲကာလဖြစ်၍ မည်သူမျှ မဖော် ထုတ်ကြသော်လည်း ကိုယ်စားလှယ်ဖြစ်သွားပါက ကိုယ်စားလှယ် ဘဝမှရပ်တန့်ရခြင်း၊ ထောင်ဒဏ်နှင့်ငွေဒဏ် များ ကျခံရနိုင်ပေသည်။ ထို့ကြောင့် နောင်မှ တရားစွဲကန့်ကွက်သူများကို ညစ်ပတ်သည်၊ မနာလိုသည်၊ ရှုံးမဲမဲ သည်ဟု အပြစ်မတင်ဘဲ ယခုကတည်းက ဥပဒေကို တိတိကျကျလိုက်နာဖို့ လိုအပ်ပေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ၂၀၁၅ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်တို့သည် ကိုယ်ချင်းစာ တရားကင်းမဲ့ပြီး တရားလက်လွတ် ပြုမူကျင့်ကြံရာရောက်သည့် တရားမဲ့ပြုကျင့်မှုလုပ်ရပ်များကို မပြုလုပ်ကြဘဲ ရှောင်ရှားကြမည် ဆိုပါက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီး ဖြစ်လာနိုင်မည်ဖြစ် ကြောင်း တင်ပြလိုက်ရပေသည်။

ဒေါက်တာမျိုးချစ်
credit >> wearemyanmar

https://www.facebook.com/NonAlignedJournal.mm/posts/867266936693943
ရွေးကောက်ပွဲနှင့် တရားဥပဒေစိုးမိုးမှု(၁)

No comments: