Saturday, November 21, 2015

လာမည့်နှစ်မှစ၍ မြန်မာနိုင်ငံ၌ နစ်ဆန်းကားများ မလေးရှားအခြေစိုက်ကုမ္ပဏီက ဖြန့်ဖြူးရောင်းချမည် ==================================================

လာမည့်နှစ်မှစ၍ မြန်မာနိုင်ငံ၌ နစ်ဆန်းကားများ မလေးရှားအခြေစိုက်ကုမ္ပဏီက ဖြန့်ဖြူးရောင်းချမည်
==================================================

သုတ

မြန်မာနိုင်ငံ၌ နစ်ဆန်းမော်တော်ကားများ သီးသန့်ဖြန့်ဖြူးရောင်းချခွင့်အား မလေးရှားနိုင်ငံအခြေစိုက် Tan Chong Motor Holdings Bhd (TCM) ကုမ္ပဏီသို့ ပေးအပ်လိုက်ကြောင်း The Star Online ဝက်ဘ်ဆိုဒ်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံတွင် နစ်ဆန်းမော်တော် ကားများရောင်းချပြီး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန် Nissan Motor Co.,Ltd. က Tan Chong Motor (Myanmar) Co.,Ltd. သို့ သီးသန့် အခွင့်အရေးပေးအပ်လိုက်ကြောင်း သိရသည်။ အဆိုပါအစီအစဉ်များတွင် နစ်ဆန်းကားများရောင်းချရန် အရောင်းကိုယ်စားလှယ်များ ခန့်အပ်ခွင့်နှင့် ရောင်းချပြီးကားများအား ဝန်ဆောင်မှု ဆောင်ရွက်ပေးရန်တို့ ပါဝင်သည်။ မြန်မာနိုင်ငံရှိ နစ်ဆန်း ကားအရောင်းကိုယ်စားလှယ်များ ခန့်အပ်မှုသက်တမ်းမှာ ငါးနှစ်ကာလဖြစ်ပြီး သက်တမ်းကုန်ပါက သက်တမ်းတိုးဖွယ်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နစ်ဆန်းကားများဖြန့်ဖြူးမှုကို လာမည့် နှစ်လယ်၌စတင်ရန် မျှော်မှန်းထားကြောင်း မလေးရှားနိုင်ငံ၌ နစ်ဆန်းခရီးသည်တင်ကားနှင့် စီးပွားရေးလုပ်ငန်းသုံး အပေါ့စားကားများ သီးသန့်ဖြန့်ဖြူးခွင့်ရထားသည့် TCM ကုမ္ပဏီက ဆိုသည်။

မြန်မာနိုင်ငံတွင် နစ်ဆန်းကားများဖြန့်ဖြူးမှုကို ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့၌ TCM အုပ်စု၏ နီဆန်းကားများ ဖြန့်ဖြူးမှုဆောင်ရွက်ချက်များမှ စုပေါင်းညှိနှိုင်းဆောင်ရွက်မှုများအပေါ် အခြေတည်လုပ်ဆောင်မည်ဟုသိရသည်။ ပဲခူးတိုင်းဒေသကြီးတွင် ဧက ၅ဝ ရှိ မော်တော်ကား တပ်ဆင်ရေးစက်ရုံ တစ်ရုံတည်ဆောက်မည့်အစီအစဉ်ကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာလတွင် TCM ကုမ္ပဏီက ကြေညာခဲ့သည်။ ကနဦးထုတ်လုပ်မှုစွမ်းရည် တစ်နှစ်လျှင် ကားစီးရေ ၉၁ဝဝ ထိ ထုတ်လုပ်နိုင်ရန် အစီအစဉ်ရေးဆွဲထားသည့် ယင်းစက်ရုံတည်ဆောက်မှုကို တစ်နှစ်အတွင်း စတင်ရန် နှင့် ၂ဝ၁၆ ခုနှစ် မတိုင်မီပြီးစီးရန် စီစဉ်ခဲ့သည်။ စက်ရုံ နှင့် အရောင်းပြခန်း တည်ဆောက်မှုအပါအဝင် ကနဦး ပထမသုံးနှစ်အတွက် TCM အုပ်စု၏ စုစုပေါင်းမတည် ရင်းနှီးငွေမှာ အမေရိကန်ဒေါ်လာ သန်း ၅ဝ ရှိမည်ဟု ခန့်မှန်းတွက်ချက်ထားသည်။

(The Star Online)


No comments: