Wednesday, November 18, 2015

မြန်မာအစိုးရသစ် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ ================================

မြန်မာအစိုးရသစ် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ
================================
ပြည့်ဖြိုးနိုင်
================================

ဒေါ်အောင်ဆန်းစုကြည် ခေါင်း ဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် နိုဝင်ဘာ ၈ ရက်က ကျင်းပ ခဲ့သော အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်နှစ်ရပ်အတွက် နေရာအများစု တွင် အနိုင်ရခဲ့ပြီးဖြစ်သောကြောင့် အစိုးရ သစ်ဖွဲ့ခွင့်ရမည့်အခြေအနေကို ပိုင်ဆိုင် ထားပြီးဖြစ်သည်။ စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ ၂ဝ၁၁ ခုနှစ်က စတင် ကူးပြောင်းခဲ့သော မြန်မာနိုင်ငံတွင် အသွင် ပြောင်းအစိုးရလက်ထက်၌ အပြောင်း အလဲများစွာ ဖော်ဆောင်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများစွာ ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။ ပေါ်ထွက်လာမည့် မြန်မာအစိုးရသစ် ရင် ဆိုင်ရမည့် စိန်ခေါ်မှုများအနက် အဓိက အကျဆုံးစိန်ခေါ်မှုများမှာ အောက်ပါ အတိုင်းဖြစ်ဖွယ်ရှိသည်။

(၁) ချောမွေ့သောအသွင်ကူးပြောင်းမှု

မြန်မာနိုင်ငံသည် ၁၉၆ဝ ပြည့်နှစ် နောက်ပိုင်းမှစတင်ကာ ဒီမိုကရေစီအသွင် ပြောင်းဖြစ်စဉ်များနှင့်ပတ်သက်သော အတွေ့အကြုံတစ်စုံတစ်ရာမျှမရှိခဲ့ပါ။ အဆိုပါအခြေအနေဖြင့် ၂၁ ရာစုထဲသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ်က ကျင်းပခဲ့သော ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင် ရခဲ့သော်လည်း မြန်မာ့တပ်မတော်က ဆယ်စုနှစ်နှစ်ခုကြာ နိုင်ငံ့အာဏာကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ဒေါ် အောင်ဆန်းစုကြည်ကို ထောက်ခံအားပေး သူများသည် ချောမွေ့သောအသွင်ပြောင်း ဖြစ်စဉ်များကို ဆောင်ရွက်ဖူးသည့်အတွေ့ အကြုံရှိသူများမဟုတ်ပါ။ အစိုးရသစ် ဖွဲ့စည်းမည့်မတ်လမတိုင်မီ လိမ္မာပါးနပ် သည့် အပေးအယူပြုလုပ်မှုများ ဖန်တီး ကာ ဆန္ဒကိုရှေ့တန်းတင်သည့် အခြေ အနေမျိုးပေါ်ထွက်မလာစေရန် ကြိုးပမ်း နိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရ မည်ဖြစ်သည်။

(၂) နိုင်ငံ့ခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုအတွက် ခန့်ညားမှုအပြည့် ပိုင်ဆိုင်ထားသည့် အမှတ်လက္ခဏာတစ်ခုဖြစ်သည်။ နေ အိမ်တွင် အကျယ်ချုပ်ဖြင့်ထိန်းသိမ်းထား မှုကို ရဲရင့်စွာရင်ဆိုင်ခဲ့မှုကြောင့် လွတ် လပ်မှုအတွက် တိုက်ပွဲဝင်ရာတွင် ငြိမ်း ချမ်းသည့်နည်းကို ရွေးချယ်ခဲ့သည့် နိုင်ငံ တကာအဆင့် အသိအမှတ်ပြုသော ကျော် ကြားသူတစ်ယောက်လည်းဖြစ်လာခဲ့သည်။
ရွေးကောက်ပွဲတွင် သူမ၏ပါတီကို ယုံကြည်စွာ မဲပေးခဲ့သည့် မြန်မာပြည်သူ များကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရသစ်ကိုဦးဆောင်မည့် သမ္မတသစ် ကို ရွေးချယ်ခွင့်ရရှိသွားခဲ့သည်။ မြန်မာ နိုင်ငံ၏အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့် ရှိမည်မဟုတ်သော ဒေါ်အောင်ဆန်း စုကြည်က သမ္မတအထက်မှနေ၍ အစိုးရ အဖွဲ့ကို ဦးဆောင်သွားမည်ဟု ရွေး ကောက်ပွဲကျင်းပခဲ့သည့် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ပြောကြားခဲ့သည်။ မည်ကဲ့သို့ တရားဝင် နေရာတစ်ခု ယူမည်ဆိုသော အချက်ကိုမူ ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ် ရှင်းလင်းပြောကြားခြင်းမရှိခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်သည်လွှတ်တော် တွင် နေရာအများစုရရှိထားသော အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော် အမတ်များကို ထိန်းချုပ်ခွင့်ရမည့်အပြင် သမ္မတကိုပါ ရွေးချယ်ခွင့်ရရှိထားခြင်း ဖြစ်သည်။ သမ္မတရွေးချယ်ရန်အတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တပ်မတော်တို့က သမ္မတလောင်း တစ်ဦးစီကို ရွေးချယ်ပေးရမည်ဖြစ်သည်။ လွှတ်တော်နှစ်ရပ်တွင် လွှမ်းမိုးနိုင်သည့် အမတ်ဦးရေရရှိထားခြင်းကြောင့် ဒေါ် အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သမ္မတ လောင်းသုံးဦးအနက် နှစ်ဦးကို ရွေးချယ် ခွင့်ရမည့်အခြေအနေကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်သည် လွှတ်တော်ဥက္ကဋ္ဌရာထူး ရယူကာ မူဝါဒများချမှတ်ရေးအတွက် အဓိကကျသော အခြေအနေတစ်ရပ်ကို လည်း ရယူနိုင်ဦးမည်ဖြစ်သည်။ သို့သော် နိုင်ငံကို မည်သူကဦးဆောင်မည်ဆိုသည့် အချက်မှာမူရှင်းရှင်းလင်းလင်းမရှိသေးပေ။

(၃) တပ်မတော်နှင့်ဆက်ဆံရေး

မြန်မာနိုင်ငံ၏အသွင်ပြောင်းဖြစ်စဉ် များတွင် အရေးကြီးသည့် အချက်မှာ ထိရောက်သည့် လုပ်ပိုင်ခွင့်များရရှိထား သည့်တပ်မတော်နှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်နိုင်ရန်ဖြစ်သည်။ မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သည်နှင့် အညီ သူမအနေဖြင့် တပ်မတော်အပေါ် ချစ်မြတ်နိုးမှုအပြည့်ရှိကြောင်း ဒေါ်အောင် ဆန်းစုကြည်က မကြာခဏပြောကြားခဲ့ ဖူးသည်။
ထို့အပြင် တပ်မတော်ကို မြန်မာ့နိုင်ငံ ရေးနယ်ပယ်မှ ဖြည်းညင်းစွာဆုတ်ခွာနိုင် ရန် ဦးစားပေးမည့်သဘောမျိုးလည်း ဒေါ် အောင်ဆန်းစုကြည်ဘက်မှ ရှင်းလင်းစွာ ပြသပြီးဖြစ်သည်ဟု ယူဆရမည့်အခြေ အနေများလည်း ရှိခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် အစိုးရသစ်ဖွဲ့စည်း ရာတွင် အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပါက ယခင်စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့စဉ်ကာလက ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များအတွက် အရေးယူခြင်း၊ လက်စားချေခြင်းများပြုလုပ်လျှင် သင့် တော်မည်မဟုတ်ပါ။ ဆက်လက်ဖော် ဆောင်မည့်အသွင်ပြောင်းဖြစ်စဉ်များကို ရင်းနှီးနွေးထွေးမှုများဖြင့်သာ ဆောင်ရွက် သင့်သည်ဟု ဆိုရမည်ဖြစ်သည်။
တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့် အထိ တာဝန်ထမ်းဆောင်ခဲ့သော လက်ရှိ မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် လက်ရှိမြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့က နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ သော ရွေးကောက်ပွဲရလဒ်ကို လေးစား လိုက်နာမည်ဟု ပြောကြားခဲ့သည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့ ခြင်းအတွက်လည်း ဂုဏ်ပြုစကားများ ပြောကြားခဲ့ပြီးဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် အစိုးရသစ်ဖြင့် အသွင် ပြောင်းလုပ်ငန်းစဉ်များကို ဆက်လက် ဖော်ဆောင်ရာတွင် တပ်မတော်နှင့်ရင်းနှီး နွေးထွေးသော ဆက်ဆံရေးတည်ဆောက် နိုင်ခြင်းရှိမရှိဆိုသည့်အချက်ကို စောင့် ကြည့်ရမည်ဖြစ်သည်။
(၄) စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး

စစ်အုပ်ချုပ်ရေးဖြင့် ဆယ်စုနှစ်နှစ်ခု ကျော်ကြာဖြတ်သန်းခဲ့ရခြင်းကြောင့် မြန်မာ နိုင်ငံ၏စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံစာရင်းထဲ ရောက်ရှိလျက် ရှိကာ ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ်လည်း ရပ်တည်လျက်ရှိ သည်။ သို့သော် နိုင်ငံတကာရင်းနှီးမြှုပ်နှံ သူများသည် စီးပွားရေးနှင့် နိုင်ငံရေးအသွင် ပြောင်းဖြစ်စဉ်များဖော်ဆောင်ခဲ့သည့် ၂ဝ၁၁ခုနှစ်နောက်ပိုင်းမှစတင်ကာ မြန်မာ ဈေးကွက်ထဲသို့ အလုံးအရင်းဖြင့် ဝင် ရောက်လာခဲ့သည်။
နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးပညာရှင်များက မြန်မာဈေး ကွက်သည် အာရှဒေသ၏နောက်ဆုံး ထွန်းသစ်စဈေးကွက်ဖြစ်လာနေပြီး ကမ္ဘာ့ စီးပွားရေးအတွက် အဓိကကျသော တရုတ်၊ အိန္ဒိယနှင့် အာဆီယံဒေသများ ကို ပေါင်းကူးပေးနိုင်သည့် ပထဝီအနေ အထားကို ပိုင်ဆိုင်ထားခြင်းကလည်း ကြီးမားသည့်အားသာချက်တစ်ရပ်ဖြစ်နေ သည်ဟု သုံးသပ်ထားကြသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အတွက် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ဖော်ဆောင်ရမည်ဖြစ်သည့်အပြင် အား နည်းလျက်ရှိသော အခြေခံအဆောက်အအုံ ကဏ္ဍကိုလည်း တိုးချဲ့တည်ဆောက်ရ မည်ဖြစ်သည်။ စိန်ခေါ်မှုများစွာရှိနေသော် လည်း ပိုင်ဆိုင်နေသောအားသာချက်များ အပြင် ထုတ်ဖော်မသုံးစွဲရသေးသော သဘာဝသယံဇာတများလည်း ရှိနေခြင်း ကြောင့် မြန်မာ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုး တက်စေရန် ခက်ခက်ခဲခဲ ဆောင်ရွက်ရ ဖွယ်မရှိပါ။

(၅) ငြိမ်းချမ်းရေးဖော်ဆောင်မှု

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် ဖြစ်ပွားနေသောပဋိပက္ခများမှာ ဆယ် စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ် သည်။ လက်ရှိသမ္မတဦးသိန်းစိန်လက် ထက်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင် ရေးတို့အတွက် ဦးစားပေးဆောင်ရွက်ခဲ့ ပြီး ထင်သာမြင်သာရှိသည့်တိုးတက်မှု များပိုင်ဆိုင်ခဲ့သည်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့် အပစ်အခတ်ရပ်စဲ ရေးသဘောတူညီမှု ရယူနိုင်ခဲ့ပြီးဖြစ်သည်။
သို့သော် ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့၌ တိုက်ခိုက်မှုများ ဆက် လက်ဖြစ်ပွားလျက်ရှိသည်။ ဒေါ်အောင် ဆန်းစုကြည်ဖွဲ့စည်းမည့် အစိုးရသစ် အနေဖြင့် တိုင်းရင်းသားများ ပါဝင်ခဲ့ လျှင်သော်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက တပ်မတော်နှင့် သူမ၏အစိုးရ အဖွဲ့ကြားမှ သဘောတူညီမှုကို စောင့် ကြည့်လျက်ရှိသည်။

(The Asian Age သတင်းဌာနတွင် ဖော်ပြသော Five Challenges Ahead for New Myanmar Government ကို ကောက်နုတ်ပြန်ဆိုခြင်းဖြစ်သည်။)

Union Daily


No comments: