Wednesday, November 18, 2015

လွှတ်တော်ကို ကျောခိုင်းရတော့မယ်

လွှတ်တော်ကို ကျောခိုင်းရတော့မယ်

အစီအစဉ် (၁၃)ခုဖြင့် ကျင်းပမည့် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမရက်မြောက်နေ့ မစတင်မီ ရွေးကောက်ပွဲများကြောင့် မတွေ့တာကြာပြီဖြစ်သည့် လွှတ်တော်
ကိုယ်စားလှယ်များအချင်းချင်း နှုတ်ဆက်လျက်ရှိသည်။

‘‘ဘယ်လိုလဲ၊ စာမေးပွဲအောင်ရဲ့လား’’ ဟု ရှမ်းရိုးရာအင်္ကျီကို ကျကျနန
ဝတ်ဆင်ထားသော အမတ်တစ်ဦးက ၎င်း၏ မိတ်ဆွေကို ပြုံးပြီးမေးလိုက်သည်။

‘‘ကျတယ်’’ဟု တိုက်ပုံအဖြူ ဝတ်ဆင်ထား
သည့် အမတ်မင်းက မျက်နှာမသာမယာဖြင့် ပြန်ဖြေသည်။

‘‘ခင်ဗျားနောက်ငါးနှစ်မနေရတော့ဘူး မဟုတ်လား။ အဲဒါ အောင်တာလေ။ ဘွဲ့ရတာလေ’’ ဟု ရှမ်းတိုက်ပုံရှင်က ပြန်ပြောသည်။

‘‘ဟုတ်ပြီ၊ ဟုတ်ပြီ။ ဒါဆိုအောင်တယ်’’ဟု တိုက်ပုံအဖြူနှင့် အမတ်က လက်မထောင်ပြီး
ပြောလိုက်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီးနောက် ပထမဆုံးပြန်လည်စတင်သော လွှတ်တော်အစည်းအဝေးတွင် ရွေးကောက်ပွဲရှုံးနိမ့်သော အမတ်အချင်းချင်း
နှုတ်ဆက်နေသည့် ပုံရိပ်အချို့ ဖြစ်သည်။

တပ်မတော်အာဏာသိမ်းမှုကြောင့် နှစ်ပေါင်း ၅၀ ခန့် ရပ်နားထားခဲ့သော ပါတီစုံဒီမိုကရေစီလွှတ်တော်များကို ၂၀၁၁ ဇန်န၀ါ ရီ ၃၁ ရက်တွင် ပြန်လည်ကျင်းပနိုင်ခဲ့သည်။ တပ်မတော်က ယူနီဖောင်းပြောင်းပြီး ကျင်းပပေးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များ၏ သက်တမ်းမှာလာမည့် ဇန်န၀ါရီတွင် ကုန်ဆုံးတော့မည် ဖြစ်သည်။

နှစ်ပေါင်း ၅၀ ခန့် ဖိနှိပ်ချိုးနှိမ်ခြင်းခံထားရသော ဒီမိုကရေစီအားလွှတ်တော်အတွင်း ငါးနှစ်တာမျှ ပြန်လည်ဖော်ဆောင်ခဲ့ရသည်ကို ဒီမိုကရေစီအမှန်တကယ် မြတ်နိုးသော အမတ်မင်းအချို့ အားမရသေးပါချေ။ သို့ဖြစ်၍ လွှတ်တော်အတွင်း နောက်ထပ်ငါးနှစ် နေနိုင် ခွင့်ကို ပြည်သူ့ထံတွင် အဆုံးအဖြတ်ခံယူခဲ့ကြသည်။ ရွေးကောက်ပွဲအပြီး လွှတ်တော်ပြန်စသည့် အချိန်တွင်မူ အဖြူ၊ အမည်း သဲကွဲခဲ့ပြီဖြစ်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးမှ လွှတ်တော်ထဲဝင်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅တွင်ပါ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ထိုင်ခုံ စုစုပေါင်း၏ ၈၀ ရာ ခိုင်နှုန်းခန့်ကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့ဖြစ်ရာ ၂၀၁၀ အနိုင်ရ အမတ်မင်းအများစုသည် နေပြည်တော်မှ ပြန်လည်ထွက်ခွာရတော့မည်ဖြစ်သည်။

‘‘ကျွန်တော်တစ်ဦးချင်းကို ကြည့်ရတာတော့ ခံစားနေကြပုံရပါတယ်။ စိတ်မကောင်းကြဘူးပေါ့’’ဟု လွှတ်တော်သက်တမ်းအတွင်း အလုပ်ကြိုးစားသူစာရင်းဝင်ခဲ့သော်လည်း ရွေးကောက်ပွဲတွင် ပြန်အရွေးမခံရသည့် သီပေါအမတ် ဦးရဲထွန်းက ရွေးကောက်ပွဲရှုံးသည့် သူ၏မိတ်ဆွေများ၏အခြေအနေကို ပြန်ပြောပြသည်။ ဦးရဲထွန်းက ရွေးကောက်ပွဲအရှုံးကို ရယ်ပွဲဖွဲ့ထားသည့်စတေးတပ်တစ်ခုကို ဖေ့စ်ဘွတ်ခ်တင်ရန် ရွေးကောက်ပွဲဘဝတူဖြစ်သည့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျင်ဝမ်းကို ပြသခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ပွဲရှုံးသော သူ၏အမတ်များလွှတ်တော်ထဲမှ အောင်မြင်စွာဆုတ်ခွာရမည့်ပုံစံကို အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

‘‘ယနေ့လွှတ်တော်အတွင်းရှိ ကျွန်တော်အပါအဝင် ကိုယ်စားလှယ်တချို့ဟာ ရွေးကောက်ပွဲမှာ မဲရှုံးလို့ ဒုတိယအကြိမ်လွှတ်တော်အတွင်း ပြန်လာစရာအကြောင်းမရှိသော်လည်း ကျန်ရှိကာလလွှတ်တော်သက်တမ်းအတွင်းမှာ ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်များ၏ တာဝန်ဝတ္တရားများအပေါ် သစ္စာရှိရှိမှန်မှန်ကန်ကန် ဆောင်ရွက်ပြီး နိုင်ငံတော်နှင့်ပြည်သူများအတွက် လုပ်ဆောင်သွားကြရအောင်’’ဟု တိုက်တွန်းခဲ့သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့်ဒုဥက္ကဋ္ဌနှစ်ဦးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တစ်ဦးထဲသာ ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သည်။ သို့သော် အနိုင်ရပါတီမှာ ပြည်ခိုင်ဖြိုးပါတီမဟုတ်သဖြင့် ဥက္ကဋ္ဌရာထူးဆက်ရရန်မှာ မသေ ချာလှပေ။ ဦးခင်အောင်မြင့်သည် ရွေးကောက်ပွဲမတိုင်မီကပင် အစိုးရကပေးထားသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အိမ်တော်ကို ပြန်အပ်ပြီး ၎င်း၏ ကိုယ်ပိုင်အိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း မေးခွန်း ၁၅၀၊ ဆို ၃၀ နှင့် ဥပဒေကြမ်း ၂၈ ခုအ အထိ တင်သွင်းနိုင်ခဲ့သဖြင့် လွှတ်တော်မင်းသားကြီးဟု တင်စားခံခဲ့ရသူ ဦးသိန်းညွန့်လည်း ဒုတိယအကြိမ်လွှတ်တော် သက်တမ်းအတွက် အမတ်စာရင်းတွင် ပါမလာခဲ့ချေ။

‘‘ပထမအကြိမ် လွှတ်တော်ကြီးက ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လမ်းသစ်ဖောက်ပေးခဲ့ပြီပဲလေ။ အစိုးရကို ထိန်းကျောင်းတဲ့ပုံစံကိုလည်း ပြသခဲ့ပြီးပြီ။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာ ပါလာမယ့်သူတွေက အစိုးရအဖွဲ့ကို ထိန်းကျောင်းနိုင်မယ့် လွှတ်တော်၊ တရားစီရင်ရေးစနစ်ကို ပြုပြင်ပေးနိုင်မယ့် လွှတ်တော်ဖြစ်နိုင်အောင် နောက်လူတွေက ကြိုးစားပေးဖို့လိုပါတယ်’’ဟု ဦးသိန်းညွန့်က အကြံပြုသည်။

မြန်မာ့အနုသုခုမ လက်ရာများဖြင့် ပြောင်လက်တောက်ပနေသော လွှတ်တော်အဆောက်အအုံအတွင်းများမကြာမီ စွန့်ခွာရတော့မည့် အမတ်အချို့၏ မျက်ဝန်းက ဆွေးရိပ်သန်းလျက်ရှိသည်။ နိုဝင်ဘာ ၁၆ ရက်တွင် လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းဖြစ်သော ရွေးကောက်ခံမဟုတ်သော တပ်မတော်သားကိုယ်စားလှယ်များမှာ စိမ်းနုရောင်ယူနီဖောင်းအသစ်နှင့် အမြင်တစ်မျိုးဆန်းနေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်သရွေ့သူတို့ကတော့ လွှတ်တော်ကို လက်ပြရမည့်သူများထဲတွင်မပါဝင်။ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်လူလဲလှယ်မှသာ လွှတ်တော်ကို စွန့်ခွာရမည့်သူများဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် ၂၀၁၀ အနိုင်ရ ပြည်ခိုင်ဖြိုးအမတ် ၂၁၇ ဦးအထိ ရှိခဲ့သော်လည်း ၂၀၁၅ တွင်မူ လက်ရှိအမတ်များထဲမှ ၁၂ ဦးသာ ပြန်လည်ပါဝင်လာခဲ့သည်။ ထိုအထဲမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးကောင်းမွန်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စိတ်အားထက်သန်ခဲ့သူ သူရဦးအောင်ကိုပြန်ပါမလာခဲ့ခြင်းကို နှမြောသူများရှိခဲ့သည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ကြိုးပမ်းခဲ့သူ မလှိုင်အမတ်ဦးအေးမောင်လည်း ကျန်ရစ်ခဲ့သည်။

အမျိုးသားလွှတ်တော်ဘက်တွင် ၂၀၁၀ အနိုင်ရပြည်ခိုင်ဖြိုး အမတ် ၁၂၂ ဦးအထိရှိခဲ့သော်လည်း ၂၀၁၅ တွင်မူ လက်ရှိအမတ်များထဲမှ ပြန်လည်ပါဝင်လာသူ ၁၀ ဦးထက် မပိုပေ။ အငြင်းပွားဖွယ်ရာများ အမြဲပြောဆိုလေ့ရှိပြီး လွှတ်တော်ကို မငြီးငွေ့စေသူ ဘူး လက်ဦးလှဆွေလည်း ပါမလာတော့၍ လွှတ်တော်ကြီးက လွမ်းနေပေလိမ့်မည်။ ခြောက်ပွင့်ဆိုင်တွင်ပါဝင်ခဲ့သူ ဥပဒေပြုအမတ်ကောင်းတစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်မှာ
ပြည်နယ်လွှတ်တော်သို့ဆင်းပြီး ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ချေ။ သို့ဖြစ်ရာ ၎င်းကိုလည်း လွှတ်တော်ထဲတွင် မြင်တွေ့ရန်မရှိပေ။ လွှတ်တော်တွင် အချိုးကျကိုယ်စားပြုစနစ်နှင့် မျိုးစောင့်ဥပဒေများတင်သွင်းခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမတ်များလည်း တစ်ဦးမှ ရွေးကောက်ပွဲအနိုင်မရသဖြင့် လာမည့်သက်တမ်းတွင် မြင်တွေ့ရရန်မရှိချေ။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင် ပါတီ ၁၉ ခုထိ ရှိခဲ့သော်လည်း ၂၀၁၅ အပြီးတွင်မူ ၁၂ ခု သာရှိသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံစဝေါ်ဒီမိုက ရက်တစ်ပါတီ၊ အမျိုးသားဒီမိုက ရေစီအင်အားစုပါတီ၊ ကရင်ပြည်သူ့ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အင်းအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်စလုံးတွင် တစ်နေရာမှ အနိုင်မရခဲ့ပေ။

၂၀၁၀ ရွေးကောက်ပွဲအလွန် လွှတ်တော်တွင် ပြည်ခိုင်ဖြိုးက ရယူထားသော ပြည်ထောင်စုလွှတ်တော်ထိုင်ခုံများကို ၂၀၁၅ အလွန်တွင် ဒီချုပ်က ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

‘‘ဦးရွှေမန်းတုန်းက သူ့အမတ်တွေကိုပေးတဲ့ ဒီမိုကရေစီအခွင့်အရေးထက် မနိမ့်အောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပေးသင့်တယ်လို့ တိုက်တွန်းပါ တယ်’’ဟု ဦးရဲထွန်းက ပြောသည်။

ဒီချုပ်မပါသော ၂၀၁၀ အ လွန်ပြည်ထောင်စုလွှတ်တော်တွင် ပြည်ခိုင်ဖြိုးနှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ လွှမ်းမိုးမှုကို အနည်းငယ်မျှသော ဒီမိုကရေစီပါတီများ၏ အမတ်များက ထိုးဖောက်ပြီး ဒီမိုကရေစီအမူအကျင့်များ လွှတ်တော်ထဲသွင်းလာသည်မှာလည်း သတိရစရာဖြစ်ခဲ့သည်။

‘‘သမ္မတဖြစ်ချင်လို့၊အစိုးရဖွဲ့ချင်လို့ဆိုတဲ့ ရည်မှန်းချက်တစ်ခုတည်းနဲ့ လွှတ်တော်ထဲမှာ အတွေ့အကြုံရှိတဲ့ လူတွေကို အပြုတ်တိုက်ပစ်တဲ့လမ်းစဉ်က ရေရှည်မှာတိုင်းပြည်အတွက်ရော ဒီမိုကရေစီကူးပြောင်းရေးအတွက်ရော အထောက်အကူဖြစ်၊ မဖြစ်ကိုအ ပြုတ်တိုက်ရေးဦးဆောင်ခဲ့တဲ့ လူကိုမကြည့်နဲ့၊ ပါတီကိုကြည့်ပါလို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ဘာသာသူပြန်သုံးသပ်ဖို့ပါ’’ဟု ဦးသိန်းညွန့်က အကြံပြုသည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးဖြစ်သူ ချောင်းဦးအမတ်ဦးစောလှထွန်းကလည်း ‘‘မိသားစုဘဝလေးကို ပျော်ရွှင်စွာဖြတ်သန်းဖို့အချိန်ရပြီ’’ ဟု ရွေးကောက်ပွဲ ရှုံးပြီးနောက် သူ၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

‘‘ကိုယ်လုပ်နိုင်သမျှ လုပ်ပေးခဲ့ပြီးပြီဖြစ်တဲ့အတွက် လိပ်ပြာသန့်တယ်။ ပထမသက်တမ်းကုန်ဆုံးရင် နေပြည်တော်ကနေ ပြန်လည်ထွက်ခွာဖို့ရာ အကုန်လုံးပြင်ထားပြီးပါပြီ။ လွှတ်တော်မင်းသားကြီးဟု နာမည်ကြီးခဲ့သူ ဦးသိန်းညွန့်က ဆိုပါသည်။

မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူ့ကိုယ်စားလှယ်များ ငါးနှစ်တာ ကွန်းခိုခဲ့ရာ စည်ပင်ဧည့်ရိပ်သာသည်လည်း အိမ်ပြန်မည့်အမတ်ဟောင်းများကို လွမ်းနေမည်လားမသိ။ သို့သော် ၎င်းတို့နေရာတွင် ငယ်ရွယ်သော၊ ပိုမိုသစ်လွင်သော အမတ်များ မကြာမီ ရောက်လာတော့မည်ဖြစ်သည်။

credit: 7day


No comments: