Friday, November 20, 2015

လယ်/ဆည်ဝန်ကြီးဦးမြင့်လှိုင်ကိုမဲရရန်လာဘ်ပေးမှုဖြင့် NLD ပါတီတရားစွဲဆို

လယ်/ဆည်ဝန်ကြီးဦးမြင့်လှိုင်ကိုမဲရရန်လာဘ်ပေးမှုဖြင့် NLD ပါတီတရားစွဲဆို

ရန်ကုန်၊နိုဝင်ဘာလ၁၉

ဒက္ခိဏသီရိမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဦးမြင့်လှိုင်ကို မဲရရန်လာဘ်ပေးမှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတရားစွဲဆိုထားကြောင်း ဒက္ခိဏသီရိမြို့နယ်ရဲစခန်းမှရဲမှူးစိုးဝင်းကပြောကြားသည်။

ဦးမြင့်လှိုင်ကို NLD ပါတီက ဒက္ခိဏသီရိမြို့နယ်ရဲစခန်းတွင် နိုဝင်ဘာလ၁၈ရက်နေ့က အမှုဖွင့်ခဲ့ကာတရားဆွဲဆိုထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်ထွန်းက ဒက္ခိဏသီရိမြို့နယ်ရဲစခန်းတွင် တိုင်ကြားချက်အမှတ်၁၁၃/၂၀၁၅နှင့်၁၁၄/၂၀၁၅နှစ်မှုဖြင့်တိုင်ကြားခဲ့ပြီး ယင်းအမှုနှစ်မှုစလုံးသည်မဲရရန်အလို့ငှာလာဘ်ပေးလာဘ်ယူမှုမြောက်သောကြောင့် ပုဒ်မ၅၈(က)ဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးစိုးဝင်းကရှင်းပြသည်။

“၅၈(က)နဲ့၂မှုတရားစွဲထားပါတယ်၊အမှုကတရားရုံးကိုတင်လိုက်ပါပြီ၊ကျွန်တော်တို့လည်းစစ်ဖို့ကျန်ပါသေးတယ်၊ဘယ်နေ့စစ်ရမှာလဲဆိုတာကတော့ ကျွန်တော်တို့အဆင်ပြေသလိုပဲပေါ့၊ သူ့ဆီသွားစစ်ရင်လည်းစစ်ရမှာပဲပေါ့”ဟုရဲမှူးစိုးဝင်းကဆိုသည်။

တိုင်ကြားချက်အမှတ်၁၁၃/၂၀၁၅သည် နိုဝင်ဘာလ၁၁ရက်နေ့ကမဲဆန္ဒရှင်၄၀၀ကျော်ရှိသည့် သီရိမင်္ဂလာကျေးရွာရှိရပ်မိရပ်ဖများကို လယ်/ဆည်ဝန်ကြီးဦးမြင့်လှိုင်ကခေါ်ယူကာ ပစ္စည်းပေးပြီးမဲဆွယ်စည်းရုံးခဲ့သည့်အတွက် တိုင်ကြားရခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်ထွန်းက ရှင်းပြသည်။

ထို့နောက်တိုင်ကြားချက်အမှတ်၁၁၄/၂၀၁၅သည် စက်တင်ဘာလ၂၁ရက်နေ့က မဲဆွယ်စည်းရုံးရေးကာလတွင် “သက်ကြီးပူဇော်ပွဲ”ခေါင်းစဉ်တပ်ကာ တက်ရောက်လာသူများကိုတစ်ဦးလျှင် ကျပ်ငါးသောင်းကျော်တန်ဖိုးရှိသည့်ပစ္စည်းများကိုပေးခဲ့သည့်အတွက် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။

“ကျွန်တော်တို့ကဒီလိုကိစ္စတွေဖြစ်ခဲ့တဲ့အတွက် ရဲစခန်းကိုတိုင်ကြားခဲ့တာပါ၊ပုဒ်မတပ်တာကတော့ရဲစခန်းကပဲတပ်တာပါ၊၅၈(က)နဲ့လာဒ်ပေးလဒ်ယူမှုနဲ့ပါ၊”ဟုဦးသန့်ဇင်ထွန်းကဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာဥပဒေပြစ်မှုနှင့်ပြစ်ဒဏ်များအရ ရွေးကောက်ပွဲမျာတွင်မဲဆန္ဒရှင်ပြည်သူများကိုအကြမ်းဖက်ခြင်း၊ခြိမ်းခြောက်ခြင်း၊ မလျော်ဩဇာသုံးခြင်း၊လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်းသို့မဟုတ်
လာဘ်ယူခြင်းကိုပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းဖော်ပြထားသည်။

ထို့အပြင်နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မဲရုံအမှတ်(၁၃)တွင်တာဝန်ကျသောမဲရုံမှူးနှင့် ယင်းဒေသတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက်ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူဦးသန့်ဇင်ထွန်းတို့ရွေးကောက်ပွဲဥပဒေတို့ဖြင့်အပြန်အလှန်အမှုဖွင့်တိုင်ကြားထားကြောင်းယင်းမြို့နယ်ရဲစခန်းထံမှသိရသည်။

နိုဝင်ဘာလ၈ရက်နေ့ကညနေပိုင်းတွင်နေပြည်တော်ဒက္ခိဏသီရိမြို့နယ်တွင်တာဝန်ကျသောမဲရုံမှူးကဦးသန့်ဇင်ထွန်းကိုမဲရုံအတွင်းမဲဆန္ဒရှင်များကိုနှောက်ယှက်မှုဖြင့်ရွေးကောက်ပွဲဆိုင်ရာပြစ်မှုဥပဒေပုဒ်မ၆၀၊၆၂တို့ဖြင့်အမှုဖွင့်တိုင်ကြားထားကြောင်းရဲမှူးစိုးဝင်းကပြောသည်။

ထိုသို့မဲရုံမှူးကအမှုဖွင့်တိုင်ကြားခဲ့သည့်အတွက်NLDပါတီမှရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်ကို၁၂ရက်နေ့ကရဲစခန်းသို့ခေါ်ယူစစ်ဆေးခဲ့ပြီးNLDကိုယ်စားလှယ်လောင်းမှမဲရုံမှူးကိုမဲရုံအတွင်းမဲဆွယ်မှုဖြင့်ရွေးကောက်ပွဲဥပဒေပုဒ်မ၆၁(က)(ခ)တို့ဖြင့်တိုင်ကြားထားကြောင်း၎င်းကဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ထားသည့်ရလဒ်များအရနေပြည်တော်ဒက္ခိဏသီရိမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှလယ်။ဆည်ဝန်ကြီးဦးမြင့်လှိုင်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဦးသန့်ဇင်ထွန်းကိုရှုံးနိမ့်ခဲ့သည်။


No comments: