Wednesday, November 25, 2015

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ၏ သုံးပွင့်ဆိုင်အစည်းအဝေးကျင်းပ =============================

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ၏ သုံးပွင့်ဆိုင်အစည်းအဝေးကျင်းပ
==========================================

ရန်ကုန် နိုဝင်ဘာ ၂၄

နိုင်ငံတော်အစိုးရအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့ပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ သုံးပွင့်ဆိုင်အစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC) ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ယနေ့ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) စုံညီအစည်းအဝေးတွင် နိုင်ငံတော်အစိုးရအစုအဖွဲ့မှ ကိုယ်စား လှယ် ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ ကိုယ်စားလှယ် ၁၆ ဦးစီ တက်ရောက်ခဲ့ကြပြီး ၎င်း အစုအဖွဲ့ကိုယ်စားလှယ်များ၏ အကြံပေးများလည်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။
''ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က နိုင်ငံရေးပါတီ ၉၁ ပါတီရဲ့ ကိုယ်စားလှယ် ၁၆ ဦးကို ရွေးချယ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်တွေကို မရွေးနိုင်ခဲ့ရင် မူဘောင်ရေးဆွဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အချိန်မီ စတင်နိုင်ရေးတို့မှာ နှောင့်နှေးသွားမှာပါ။ ဒီအချက်ဟာ NCA စာချုပ်ကို ချိုးဖောက်သလို ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စုပေါင်းမူဘောင် ရေးဆွဲနိုင်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေစနိုင်ဖို့ အလုပ်တွေအများကြီး လုပ်စရာ ရှိပါတယ်။ အခုကနေ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဇန်နဝါရီ ၁၄ ရက်အထိဆိုရင် ရက်ပေါင်း ၅ဝ လောက်ပဲ ကျန်ပါတော့တယ်။ ဒါ့ကြောင့် သတ်မှတ်ထားတဲ့ လုပ်ငန်းတွေ အချိန်မီပြီးအောင် ကျွန်တော်တို့အခုကစပြီး အားပိုစိုက်ရပါမယ်''ဟု ယနေ့ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စုံညီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ ယနေ့ စုံညီအစည်းအဝေးတွင် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များထဲမှ (UPDJC) အတွက် ဒုတိယဥက္ကဋ္ဌတစ်ဦးနှင့် အတွင်းရေးမှူး တစ်ဦးစီရွေးချယ်ပေးရေး၊ မူဘောင်ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းပေးပြီးပြင်ဆင်ရေး၊ NCA Timeline ရက် ၉ဝ ပြည့်မည့် ဇန်နဝါရီ ၁၄ ရက်ထက်နောက်မကျဘဲ နိုင်ငံရေးဆွေးနွေး ပွဲများလုပ်နိုင်ရန် စသည့်အကြောင်းအရာများ ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။
''နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ဆိုရင် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်တွေကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာပါဝင်မယ့် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၊ ပါဝင်သူများရဲ့အချိုးအစား၊ ဆွေးနွေးရေးစည်းမျဉ်းစည်းကမ်းများနှင့် ဆုံးဖြတ်ချက်ချရမယ့် စည်းကမ်း၊ နည်းလမ်းများပဲ ဖြစ်ပါတယ်။ ပထမ အကြိမ် နိုင်ငံရေးဆွေးနွေးပွဲကိုစပြီးရင် ဘာတွေလိုတယ်ဆိုတာ ပိုသိလာလိမ့် မယ်။ ဒါမှ နောင်အစိုးရ လက်ထက်မှာပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ပိုပြီးပြည့်စုံအောင်လုပ်နိုင်မှာ၊ ပြင်နိုင်မှာဖြစ်တယ်။ NCA အခြေခံပေါ်မှာ NCA Timeline ကို မဖောက်ဖျက်ဘဲ အများစုလက်ခံနိုင်ပြီး ရှေ့ကိုဆက်သွား နိုင်မယ့် အခြေအနေမျိုးကို ဝိုင်းဝန်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ မူဘောင်ကိုလည်း ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် ဆောင်ရွက်စေလိုပါတယ်။ ဒါမှနောင်လာမယ့် အစိုးရအတွက် အဆင်ပြေမှာပါ''ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ထပ်မံရှင်းပြသည်။
''မြန်မာပြည်မှာ နှစ်ပေါင်းကြာရှည်စွာဖြစ်လာခဲ့တဲ့ လက်နက်ကိုင် ပြဿနာတွေဟာ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်များသာ တိုက်ရိုက်ပတ်သက်နေတာမဟုတ်ပါဘူး။ ပြည်တွင်းမှာရှိတဲ့ မြန်မာပြည်သူ၊ ပြည်သားအားလုံးနဲ့ ပတ်သက်နေကြတာဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာပါရှိရမယ့် အစုအဖွဲ့တွေ ထဲမှာ နိုင်ငံရေးပါတီအစုအဖွဲ့ဟာ မပါမဖြစ်ပါရမှာဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာ နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်အစုအဖွဲ့တို့ကို ၁၆ ဦးစီ အချိုးတူဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ အစုအဖွဲ့ သုံးခု ရယ်လို့ ရှိလာတယ်ဆိုပေမယ့်လည်း အနှစ်သာရအားဖြင့် မိမိတို့တသီး တခြားစီ ဖြစ်တည်နေတာမျိုးမဟုတ်ဘဲ တစ်သင်းတစ်ဖွဲ့တည်းသော စိတ်ဓာတ် မျိုး နှလုံးသွင်းကြရမှာဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ အဓိကတာဝန်တစ်ရပ်က NCA စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်း ရက်ပေါင်း ၆ဝအတွင်း အားလုံးလက်ခံနိုင်ပြီး နိုင်ငံရေးဆွေးနွေး ပွဲကြီးတစ်ရပ်လုံးကို အစီအစဉ်စနစ်တကျနဲ့ ထိန်းကျောင်းသွားပြီး နိုင်ငံရေး မူဘောင်ရေးဆွဲသွားနိုင်ရမှာဖြစ်ပါတယ်''ဟု ယင်းအစည်းအဝေးတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စားလှယ် ပဒိုစောကွယ်ထူးဝင်း (ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး)က ပြောကြား ခဲ့သည်။
ယနေ့ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ၏ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေးသည် ဒုတိယအကြိမ် အစည်း အဝေးဖြစ်ပြီး ပထမအကြိမ် (UPDJC) အစည်းအဝေးကို နိုင်ငံတော်အစိုးရ အစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တို့က နေပြည်တော်တွင် အောက်တိုဘာ ၁၆ ရက်က ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ယနေ့ သုံးပွင့်ဆိုင် ဒုတိယ အကြိမ်အစည်းအဝေးတွင် နိုင်ငံရေးပါတီများမှ (UPDJC) ၏ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးသုဝေ(ဒီမိုကရက်တစ်ပါတီ-မြန်မာ)နှင့် အတွင်းရေးမှူးအဖြစ် ဦးစိုင်းကျော်ညွန့် (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)တို့ကို ရွေးချယ်ခဲ့ပြီး လာမည့် ၂၇ ရက်တွင် MPC ၌ ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC)၏ အခြေခံမူဘောင်ရေးဆွဲရေးကော်မတီ အစည်းအဝေး တွင် နိုင်ငံတော်အစိုးရအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ ကိုယ်စားလှယ်ရှစ်ဦးစီပါဝင်ကာ ဆွေးနွေးမှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(မြန်မာ့အလင်း)



No comments: