Friday, November 20, 2015

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ပါတီဝင် ၂၈ ဦးကို ကြံ့ခိုင်ရေး ပါတီက အမှုဖွင့်

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ပါတီဝင် ၂၈ ဦးကို ကြံ့ခိုင်ရေး ပါတီက အမှုဖွင့်

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ထန်းတပင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စားလှယ် အပါအဝင် NLD ပါတီဝင် ၂၈ ဦးကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများဖြင့် နိုဝင်ဘာလ ၁၈ ရက်နေ့က ကြံ့ခိုင်ရေး ပါတီက တရားလိုပြု အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ဆန္ဒမဲပေးသည့် နိုဝင်ဘာလ ၈ ရက်နေ့က ထန်းတပင်မြို့နယ်၊ သဘော့ချောင်းကျေးရွာရှိ မဲရုံတွင် NLD ပါတီမှ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးမော်နှင့် မြို့နယ် NLD ပါတီဝင်များက ကျေးရွာ၏ ခွင့်ပြုချက်မရရှိဘဲ ကြိုတင်မဲပုံးကို သတင်းစာ စက္ကူအပါးဖြင့် ချိပ်ပိတ်ခဲ့မှု၊ ယင်းအပြင် ဒုမဲရုံမှူးက ဆန္ဒမဲပေးသူများကို NLD ပါတီတံဆိပ်နေရာ၌ တံဆိပ်တုံးထု မဲပေးရန် ကိုယ်တိုင် လက်ထောက် ပြသမှုတို့ဖြင့် လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီဝင် ၁၇ ဦးကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၅၈(ခ)။ ၆၁(က)(ခ) တို့ဖြင့် ပြည်ခိုင်ဖြိုး ပါတီဘက်မှ တရားလိုပြုကာ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ထန်းတပင် မြို့မ ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါ မြို့နယ် တလိုင်မှီကျေးရွာမဲရုံတွင် ဆန္ဒမဲပေးသည့်နေ့က မဲရုံ ပရိဝုဏ် ကိုက် ၅၀၀ အတွင်း လာရောက်မဲပေးသူများကို NLD ပါတီ မဲထည့်ရန် စည်းရုံးဆောင်ရွက်ခဲ့သည့် NLD ပါတီဝင် လေးဦး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၆၁(က) ဖြင့် အမှုဖွင့်ခံရကြောင်း၊ သံပုရာကုန်း ကျေးရွာတွင် မဲမပေးခင်ရက်နှင့် မဲထည့်မည့်နေ့တွင် သံဃာတော်နှင့် ပြည်သူများ ရိုက်နှက် အသတ်ခံရသည့် မှတ်တမ်းတင် DVD ၊ VCD ခွေ များကို NLD ပါတီဝင် အမျိုးသား နှစ်ဦးက ၎င်းတို့နေအိမ်တွင် အသံချဲ့စက်ဖြင့် ဖွင့်လှစ်ပြသခဲ့သောကြောင့် အစိုးရနှင့် ကြံ့ခိုင်ရေး ပါတီအပေါ် အကြည်ညိုပျက်စေရန် လုပ်ဆောင်မှုဖြင့် ၎င်းတို့ နှစ်ဦးကို ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၈(ဂ)/၆၁(က)တို့ဖြင့် အမှုဖွင့်ထားကြောင်း ထန်းတပင်မြို့မ ရဲစခန်းထံမှ သိရှိရသည်။

အလားတူ ဓနဲရီကျေးရွာနှင့် ချောင်းဝကျေးရွာတို့တွင် မဲရုံအတွင်း NLD ပါတီဝင်များက မဲပေးမည့် သက်သေခံ ကတ်ပြားမရှိသူများကို မှတ်ပုံတင်၊ သန်းခေါင်စာရင်းတို့ဖြင့် မဲပေးခွင့်ရရန် မဲရုံအတွင်း ဝင်ရောက်ကာ အတင်းအဓမ္မ ခွင့်ပြုစေခိုင်းခြင်း၊ NLD ပါတီလိုလားသူများကိုသာ ကြိုတင်မဲပေးခွင့်ပြုခြင်းတို့ကို ဝင်ရောက် ဆောင်ရွက်ခဲ့သောကြောင့် NLD ပါတီဝင် ငါးဦးကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မများဖြင့် ထပ်မံ အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

“ဒါ လီဆယ်တိုင်ကြားခံရတာ၊ ကျွန်တော်တို့ပါတီဝင်တွေ ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာ ပြီးဆုံးအောင် တစ်ဖက်က အတိုက်အခံလုပ် ရန်ရှာခံခဲ့ရပေမယ့် မတုံ့ပြန်ခဲ့ပါဘူး ၊ ပါတီဝင်တွေရဲ့ ရိုးသားစွာ ဆောင်ရွက်မှုအပေါ် တစ်ဖက်က ရည်ရွယ်ချက်ရှိရှိနဲ့ အမှုဖွင့် တိုင်ကြားတာပါ ” ဟု အမှုဖွင့် တိုင်ကြားခံရသူ NLD ပါတီမှ တိုင်းဒေသကြီး (၂) လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမော်က ပြောကြားသည်။

ယင်းအမှုဖွင့် တိုင်ကြားချက်အရ မဲပုံးကို သတင်းစာစက္ကူဖြင့် ချိပ်ပိတ်ခဲ့သည်မှာ ရပ်/ကျေး ကော်မရှင် အဖွဲ့ဝင် များထံ အသိပေးပြီး မဲမသမာမှု မပြုလုပ်စေနိုင်ရန် ဥပဒေခွင့်ပြုချက်အရ မဲပုံးတွင် သတင်းစာ စက္ကူအပါး ကပ်ကာ ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထန်းတပင်မြို့နယ်တွင် NLD ပါတီမှာ အခြားပြိုင်ဘက် ပါတီများကို မဲအရေအတွက် အပြတ်အသတ်ဖြင့် အနိုင်ရခဲ့ကြောင်း ရွေးကောက် ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။



No comments: