Monday, November 16, 2015

မမေ့နိုင်သော(ကျွန်တော်နှင့်ပရလောကအတွေ့ကြုံ)

မမေ့နိုင်သော(ကျွန်တော်နှင့်ပရလောကအတွေ့ကြုံ)

ကျွန်တော်ငယ်စဉ်ကတည်း စုန်းတစ္ဆေ၀တ္ထုတွေ ဖတ်ဖူးသည်။ ကလောင်အမည် ဆရာကြီး မြစကြာ၏ ၀တ္ထုတွေ ဖတ်လို့ကောင်းသည်။ ဖတ်လိုက်လျင် ကြက်သီးမွေးညင်းထသည်။ မဖတ်ဘဲလည်းမနေနိုင်။ ဘယာနကရသ ပေးသည်ကိုး။ သူ့ဝတ္ထုထဲမှ “ မောင်ကျော်ရွဲရေ….. ပြေးလိုက်ကြအုံးစို့လားဆိုလား ” ဇာတ်ဝင်စကားမှာ အပြင်လောတွင် အခြေအနေမဟတ်၍ နောက်ဆုတ်ရတော့မည့်အခါ၌ ဆွဲယူအသုံးပြု လာကြသည်အထိ အောင်မြင်ခဲ့လေသည်။ စာပေနည်းတူ ရုပ်ရှင်မှာလည်း စုန်းကား တစ္ဆေကား၊ သိုက်ကားများ ရှိခဲ့ဖူးသည်။
အဲဒီနောက် ယင်းကဲ့သို့သော ၀တ္ထု၊ ရုပ်ရှင်များကို ပိတ်ပင်သော ခေတ်ကာလတစ်ခု ရှိခဲ့သည်။ ခက်ခဲနက်နဲသော ဂမ္ဘီရပညာဇာတ်လမ်းများ၊ သေပြီးနောက်ဘ၀ဖြစ်သော ပရေလောကဇာတ်လမ်းများကို ရသမြောက်အောင် အနုပညာ၊ အတတ်ပညာဖြင့် ဖန်တီးတင်ဆက်နိုင်ခြင်း မရှိသောကြောင့် ပရိသတ်နှင့် အလှမ်းဝေးကွာသွားသည်။ ၀ိညာဉ်လောက၊ ပရလောကဆိုတာ တကယ်ရှိရဲ့လာဟု သို့လော သို့လော ဒွိဟ ဖြစ်လာကြသည်။
ဗုဒ္ဓဘာသာတွင် သုံးဆယ့်တစ်ဘုံရှိသည့်။ အပါယ်လေးဘုံပါဝင်သည်။ အပါယ်လေးပါဘုံပါဝင်သည်။ တိရစ္ဆာန်ကို လူတို့မျက်စိဖြင့် ပြင်ရသည်။ ငရဲ၊ ပြိတ္တာ၊ အသူရကာယ်ကို မမြင်ရသဖြင့် မရှိဟုဆိုမည်လား။ ဘုရားဟောတွင် ၎င်းဘုံသားတွေ ပါသည်။ မင်းကွန်းဆရာတော် ဘုရာကြီးက “ မြင်အပ် မမြင်အပ်ပုဂ္ဂိုလ် ” ဟု မေတ္တာပို့တွင် ထည့်သွင်းထားသည်။ ကျွန်တော်ကတော့ ယုံသည်။ ကိုယ်တိုင်ဒက်ထိမကြုံ သောလလည်း၊ ကြုံဘိ သကဲ့သို့သော ဖြစ်ရပ်မှတ်ရှိထားသည်ကိုး။

၁၉၉၂ ခုနှစ်က နဂါးမင်းစစ်ဆင်ရေး ဆင်နွှဲကြောင်း၊ အမှတ်(၄)အုပ်မှ ပီစီ-၆ လေယာဉ်များသည် ဖေဖော်ဝါရီ လ ၂၄ ရက်မှစတင်၍ မဲလထတောင်ကြောကို ဗုံးကြဲ တိုက်ခိုက်ကြောင်း၊ ၂၅ ရက် နံနက်စောစောတွင် တိုက်ပွဲဝင်မည့် လေယာဉ်များကို လက်နက်တပ်ဆင်စဉ် မတော်တဆ ဗုံးပေါက်ကွဲ၍ လက်နက်ဌာနမှ စစ်သည် ၅ ယောက်နှင့် အုပ်စက်မှုလက်မှုဌာနမှ တပ်ကြပ် တင်အောင်တို့ ကျဆုံးကြောင်းကို “ ကျွန်တော်နှင့် အမှတ်(၄)” နှင့် “ဖြည့်ပေးချင်သော သမိုင်းကွက်လပ်များ ” စာစုနှစ်ခုတွင် ရေးသားခဲ့ပြီးဖြစ်၏။

အရာရှိ/ စစ်သည်နှင့် အိမ်ထောင်သည် မိသားစုတွေ၏ ရှေ့မှောက်မှာပင် ရဲဘော်တွေ အတုံးအရုံး မီးလောင်ကျဆံးကုန်သည့် မြင်ကွင်းကို မြင်တွေ့နေကြပေရာ လေတပ်စခန်းတစ်ခုလုံး မသာမယာဖြစ်ကြရသည်။ အိမ်ထောင်သည်လိုင်းမှာ နာရေးအိမ်က ၆ အိမ်တောင် ဖြစ်သွားသည်။
ကျဆုံးသူတွေထဲမှာ ကျွန်တော့်အုပ်မှ တင်အောင် တစ်ယောက်သာပါသည်။ သူက ငယ်ငယ်ရွယ်ရယ်နှင့် မုဆိုးဖိုဖြစ်သည်။ သူ့မှာ မူလတန်းအရွယ် သမီးငယ်လေးတစ်ယောက် ရှိသည်။ တင်အောင့်သမီးလေးကာ ကုသိုလ်ကံ ဆိုးဝါးပေစွ။ အရွယ်မရောက်၊ အမွေးတောင်မပေါက်ခင်မှာပင် မိခင်မဲ့ ဖခင်မဲ့တစ်ကောင်ကြွက်ဘ၀သို့ ဆိုက်ရောက်ရှာလေပြီ။
` တင်အောင်၏ နာရေးကို မိဘဆွေမျိုးတွေလာကြကာ တင်အောင့်သမီးလေးကို သူတို့စောင့်ရှောက်ရမှာ ပေါ့ဟု ဆိုသည်။ သဘာဝကျသော အစီအစဉ်တစ်ခုဟု ကျွန်တော် လက်ခံသည်။ နာရေးအိမ်မှာ နေ့နေ့ညည ၀င်ထွက်၍ ကူညီလုပ်ကိုင်ဧည့်ခံပေးနေသောအုပ်မှ အိမ်ထောင်သည်တွေကြားရတာက တင်အောင်၏ မိဘဆွေမျိုး တစ်သိုက်ကြားတွင် ပြဿနာတစ်စုံတစ်ခုရှိနေပုံရသည်ဟူ၍ ဖြစ်၏။ သား၏ခံစားခွင့်တွေ ဘယ်ရွေ့ဘယ်မျှ ရှိသည်ကို ဖခင်ဖြစ်သူက မေးမြန်စုံစမ်းကြောင်း သတင်းရ၏။ သတင်းတွေကို စုစည်းလိုက်သောအခါ ခံစားခွင့်ငွေကို မက်နေ၊ မျှော်လင့်နေပုံရသည်ဟု ကောက်ချက်ချနိုင်၏။ ထိုအခါ တင်အောင်၏သမီးနောင်ရေးအတွက် ပူပန်လာမိ သည်။
ဤကိစ္စကို လေတပ်စခန်းမှူး ဆရာမောင်မောင်ကြည်ထံ တင်ပြခဲ့သည်။ ကလေးနောင်ရေးအတွက် စိတ်ချရအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲဟု ဆရာနှင့် ကျွန်တော် တိုင်ပင်ခဲ့ကြသည်။

ထိုနေ့ညနေ မှောင်ရီသန်းချိန်တွင် ဆရာနှင့် ကျွန်တော် တင်အောင်၏ အိမ်သို့သွားခဲ့ကြသည်။ အိမ်ဆိုသည်မှာ လိုင်းခန်းကိုပြောတာပါ။ အခန်းတွဲတန်းလျားပါ။ တင်အောင်က တပ်ကြပ်ဆိုတော့ ထောင့်ခန်းမှာ နေရသည်။ လိုင်းမှူးလား၊ ဒုတိယလိုင်းမှူးလား မမှတ်မိတော့။
ဆရာက လေတပ်စခန်းမှူးဆိုတော့ နာရေးအိမ်ခန်းတွေကို လှည့်လည်သွားရောက်ပြီး ကျန်ရစ်သူ မိသားစု တွေကို နှစ်သိမ့်အားပေးသည့် သဘောဖြစ်လေသည်။ ကျွန်တော်တို့ရောက်သွားတော့ အိမ်ခေါင်းရင်းမှာ နေရာ ပေးသည်။ ဖွင့်ထားသော ပြတင်းပေါက်ကို ကျောပေးလျက် ကျွန်တော်တို့ထိုင်သည်။ မောင်တင်အောင်မှာ လူရိုးလူအေး တစ်ယောက်ဖြစ်ကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ သူ့ဘ၀တွင် သူနှင့်သမီးလေး တစ်ယောက်သာရှိကြောင်း စကားပလ္လင်ခံရသည်။ တင်အောင်၏ ဖခင်က မြေးကိုတာဝန်ယူနိုင်ပါကြောင်း ပြောသည်။ ရက်လည်ပြီး သူတို့ပြန်သောအခါ တစ်ပါတည်းခေါ်သွားမည်ဟု ဆိုသည်။
ကျွန်တော်က လူကြမ်းဝင်လုပ်ရသည်။ တင်အောင်၏ အမွေကို သမီးကဆက်ခံရမည်ဖြစ်ကြောင်း၊ သို့သော် သမီးကအရွယ်မရောက်သေးသောကြောင့် တင်အောင်ရမည့် ငွေလုံး ငွေရင်းကို ဘဏ်မှာ အပ်ထားစေချင်ကြောင်း၊ မိသားစုဆွေမျိုးသားချင်းထဲမှ သင့်တော်သော လူကြီးနှစ်ယောက်က အမွေထိန်း သဘောမျိုး ပူးတွဲဘဏ်ငွေစာရင်း ဖွင့်သင့်ကြောင်းနှင့် ထိုကိစ္စအ၀၀အတွက် တပ်က ကူညီလုပ်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးတော့ မျက်နှာပျက်သူ ပျက်ကျလေသည်။ လူကြီးတွေက စီမံတာမို့ ငြင်းတော့ မငြင်းချေ။
ရက်မလည်မီ တစ်ရက်တွင် “ တင်အောင်က အုပ်မှူးကို ကျေးဇူးတင်လိုတဲ့ ” ဟု လေယာဉ်ရုံတာဝန်ခံ အရာခံဗိုလ် ကြီးက ရယ်ကျဲကျဲနှင့် လာပြော၏
“ ဘယ်လိုဗျ ”
သေတဲ့သူက ကျေးဇူးတင်တယ်တဲ့။ သူ့စကားက ခပ်ဆန်းဆန်း။
` “ လိုင်းထဲက မိန်းမတွေ လေချွန်နတ်ကိုသွားမေးတော့ ပြောလိုက်တာတဲ့ ”
ဆရာကြီးက ရှင်းပြသည်။ ကြို့ပင်ကောက်မှာ လေချွန်နဆိုတာ နည်မည်ကြီးသည်။ သေပြီးသူတွေ၏ ၀ိညာဉ်ကိုခေါ်ပြီး မေးလိုတာ မေးနိုင်သည်။ လေချွန်သလို အသံပြုရသောကြောင့် လေချွန်နတ်ဟု ခေါ်ကြောင်း ကျွန်တော်လည်း ကြားဖူးသည်။
“ တင်အောင့် ၀ိညာဉ်လို့ ဘယ်လို ပြောနိုင်မလဲ ”
“ နာရေးအိမ်မှာ ဖြစ်နေတာတွေ အကုန်သိနေတယ်၊ သူပြောတာတွေ အကုန်မှန်တယ်၊ သူ့သမီးအတွက် စခန်းမှူးနဲ့ အုပ်မှူးဆောင်ရွက်ပေးလို့ ကျေးဇူးတင်တယ်လို့ သူကစပြောတာ ”
မှော်ဘီနှင့် ကြို့ပင်ကောက်မှာ ထိုင်နေတဲ့နတ်ခေါ်ပေးသူက အပ်ကျတာကအစ ဘယ်လိုလုပ်ပြီး စုံစမ်း ထောက်လှမ်းနိုင်မှာလဲ။
“ နေပါအုံး- တင်အောင့် ၀ိညာဉ်ပဲထားပါတော့၊ သူ့သမီးနောင်ရေးအတွက် စခန်းမှူးနဲ့ ကျွန်တော် ပြောဆို နေတာကို သူက ဘယ်လိုလုပ်သိတာလဲ ”
“ အဲဒီညက အုပ်မှူးတို့နောက်က သစ်ပင်ပေါ်မှာ သူရှိတယ်တဲ့ ”
“ ဟေ ..”
ကျွန်တော့်နှုတ်မှ အာမေဍိတ်တစ်ခုသာ ထွက်ပေါ်လာပြီး ကျောတစိမ့်မိမ့် ခံစားရကာ ကြက်သီး မွေးညင်း တွေ ထောင်ထသွားတယ်။
တင်အောင်တို့ အိမ်ခေါင်းရင်းမှာ တကယ်လည်း သစ်ပင်ကြီးတွေရှိသည်။ ဗျိုင်းတွေ အသိုက်လုပ်နေသော အပင်မြင့်မြင့်ကြီးတွေ၊ ဒီအပင်တွေထဲက ပြတင်းနှင့်နီးသော အပင်ပေါ်မှာ ဘသားချောက ရှိနေတာကိုး။ သမီးသံယောဇဉ်ကြောင့် ဒီတောင် ကျွတ်လွတ်ပါ့မလားမသိ။ “ တင်အောင်ရေ….. အမျှ .. အမျှ.. အမျှကွာ ” ဟု နှုတ်မှ တိုးတိုး ရေရွတ်မိသည်။
အမှတ်(၄) အုပ်တွင် အုပ်မှူးတာဝန်ထမ်းဆောင်နေရာမှ မိတ္ထီလာ မြေပြင်အတတ်သင်လေတပ်စခန်းသို့ ကျွန်တော်ပြောင်းရသည်။ အုပ်ချုပ်ရေးအတတ်သင်ကျောင်းတွင် တပ်မှူးဖြစ်လာသည်။ အရာရှိနှင့် အခြားအဆင့် တို့၏ အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပေးရသည်။ ကျောင်းအုပ်ကြီး ကျွန်တော့လက်အောက်တွင် နည်းပြချုပ်၊ တပ်ရေးဗိုလ်ကြီးနှင့် သင်တန်းဆိုင်ရာနည်းပြဆရာတွေရှိသည်။ အမှတ်(၄)အုပ်တုန်းက ပျံသန်းရေး စစ်ဆင်ရေးတာဝန်။ သည်ကျောင်းမှာတော့ အုပ်ချုပ်ရေးလေ့ကျင့်ရေးတာဝန်ပေါ့။ တာဝန်နှစ်ခုက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေ၏။
ကျောင်းတာဝန်အပြင် လေတပ်စခန်းမှူးက သီးခြားပေးအပ်သော တာဝန်တွေကိုလည်း အခါအားလျော်စွာ ထမ်းဆောင်ရပါသေး၏။ စင်စစ်လေတပ်စခန်း ဖွဲ့စည်းပုံတွင် စခန်း၏ ရေး၊ ထောက်ကိစ္စတွေကို လုပ်ဆောင်ရသော အုပ်ချုပ်ရေး တပ်မှူးဆိုတာရှိသည်။ သူက အလုပ်တော်တော်များသည်။ ထို့ကြောင့် အချို့သော အုပ်ချုပ်မှုကိစ္စကလေးတွေကို လေတပ်စခန်းမှူးက ကျွန်တော့ကို ခိုင်းတတ်သည်။
တစ်နေ့ လေတပ်စခန်းမှူး ဗိုလ်မှူးကြီး မျိုးတင်က လုံခြုံရေးအရာရှိ ဗိုလ်မှူး ကျော်ဝင်းကို သစ်ကိုင်း ခုတ်ခိုင်းသည်။ လေယာဉ်ဆီလှောင်ကန်ပေါ်သို့ ကိုင်းအုပ်နေသော ပေါင်လုံးခန့် တုတ်သည့် သစ်ကိုင်းကြီး။ ပင်မ သစ်ပင်ကြီးက လှောင်ကန်နှင့် ဆယ်ပေကျော်ကျော်ခန့်မှာ အကိုင်းအခက်အလက် ဝေေ၀ဆာဆာခြင့် ထီးကြီးတစ်လက် မိုးပေးထားသကဲ့သို့ပင်။
လေတပ်စခန်းမှူးအမြင်မှာ မတော်တဆ သစ်ကိုင်းကြီးကျိုးကျလျှင် ဆီလှောင်ကန်အဖုံးပျက်စီးကာ လေယာဉ်ဆီတွေထဲ အမှိုက်သရိုက်တွေ၊ အခက်အလက်အရွက်တွေ ကျသွားနိုင်သည်။ လေယာဉ်ဆီတွေ အလဟဿ ဆုံးရှုံးသွားမည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် အန္တရာယ်ပေးနိုင်သည့် သစ်ကိုင်းကို လက်ဦးမှုယူပြီး ဖယ်ရှားပစ်ရန် ဖြစ်သည်။
သို့ဖြင့် ကျွန်တော့်ထံ ဗိုလ်မှူး ကျော်ဝင်း ပေါက်ချလာသည်။ စခန်းမှူးအမိန့်ကို ပြောသည်။ ကျွန်တော်ထံ သတင်းပို့ရမည်ဆိုပဲ။ စခန်းမှူးက ဖုန်းကြိုဆက်ထား၍ ကျွန်တော် သိပြီးသားပါ။ ဘ၀င်တော့မကျ။ ဘယ်နှယ့်ဗျာ - သစ်ကိုင်းတစ်ကိုင်းခုတ်တာ ဒုတိယဗိုလ်မှူးကြီးတစ်ယောက်လိုလို့လား။ ထို့ကြောင့်-
“ ကျော်ဝင်းရာ- သစ်ကိုင်းခုတ်တာလေးများ ဘာခက်တာမှတ်လို့ မင်းဘာသာကြည့်လုပ်လိုက်ကွာ၊ အခက် အခဲရှိမှ ငါ့ကိုပြော ” ဟု တုံးတိတိ ပြောချလိုက်သည်။
“ ဟုတ်ကဲ့ အစ်ကိုကြီး ” ဟု ဆိုကာ အလေးပြု လှည့်ထွက်သွားသည်။
သူ့ကို ကျွန်တော် စိတ်ချသည်။ ဘာခိုင်းလိုက် ခိုင်းလိုက် ပြီးအောင် လုပ်နိုင်သည်။ စခန်းမှူးကလည်း သူ့ကို အားထားသည်။ ထိုအချိန်က လေတပ်ဦးစီးချုပ်၏ လက်သုံးစကားမှာ “ Result ကိုသာ ကြည့်မည် ” ဖြစ်၏။ တာဝန်ပေးလိုက်လျှင် ဘယ်နည်းလမ်းကိုသုံးသုံး Result ကောင်းဖို့က အဓိက ဖြစ်သည်။ အတော့်ကို ပြင်းထန်သော မောင်းနှင်အားပါပေ။
တစ်ခါက တပ်ထဲမှာ လမ်းခင်းဖို့ ကတ္တရာပုံ လိုအပ်သေသည်။ ဒီတာဝန်က သူကောင်းသားနှစ်ယောက် ပခုံးပေါ် ကျလာသည်။ ကျွန်တော်နှင့် ကျော်ဝင်းမျက်စိထဲမှာ မြင်နေတာက ရန်ကုန်-မန္တလေးလမ်းဘေးက ကတ္တရာ ပုံးတွေ။ နည်းဗျူဟာ အသေးစိတ်ကိုတော့ မရေးတော့ပါ။ တပ်မတော်က သင်ပေးသော ညတိုက်ပွဲသင်ခန်းစား၊ အသံလုံအောင် ချဉ်းကပ်မှု၊ လှုပ်ရှားမှုတွေကိုသုံး၍ ကတ္တရာတစ်ပုံးအရယူနိုင်ခဲ့ပါ၏။ ရှေ့တန်းကိုထွက်၍ ခေါင်းဆောင်စွန့်စားသူက ဗိုလ်မှူး ကျော်ဝင်းပါတည့်။
ဒီအရည်အချင်းကြောင့် သူ့ကို အရေးပေးခဲ့သည်။ ဒီအပြင် အကြောင်းတစ်ခုရှိသေးသည်။ အဲဒါက ကျွန်တော်တို့ နှစ်ယောက်စလုံ ကန်ရေသောက် မြက်ခြောက်စား….. တစ်နယ်တည်းသားတွေ ဖြစ်နေခြင်းပင်။ ဒီလောက် မြေပြင်မှာ အရည်အချင်းရှိသူက လေထဲမှာအရည်အချင်းမပြည့်၍ လေသူရဲ မဖြစ်ရှာတာ နှမြောစရာ။ သူက စစ်တက္ကသိုလ် အမှတ်စဉ်(၁၉)ဆင်း ဖြစ်သည်။ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၄၀)မှာ တက်ရသည်။ ကိုယ်တော်ချောက ဆိုလို(Solo) မရ။ တစ်ဦးချင်း မမောင်းနိုင်။
သို့ဖြင့် လေယာဉ်မောင်းသင်တန်းကို နှုတ်ဆက်ကာ စက်မှုလက်မှုဌာနခွဲသို့ ရောက်သွားသည်။ တစ်ယောက်တည်းတော့ မဟုတ်။ သူနှင့်အတူ ကိုယ်ပိုင်နံပါတ်ကပ်လျက် မင်းအောင်ပါလာသည်။ နှစ်ယောက်စလုံး လေကြောင်း လက်နက်အရာရှိတွေ ဖြစ်လာကြသည်။ လက်နက်အရာရှိဆိုတာ သူ့မူလတာဝန်။ စခန်းမှူးက အပိုတာဝန်အဖြစ် စခန်းလုံခြုံရေး အရာရှိခန့်အပ်ထားတော့ အုပ်ချုပ်ရေးကျောင်း ကောင်းအုပ်ကြီးနှင့် လုပ်ငန်း သဘောအရ ပေါင်းမိကြသည်။
ကျွန်တော်စိတ်ချပါသည်ဆိုသော ဗိုလ်မှူး ကျော်ဝင်းတစ်ယောက် ကျွန်တော့ထံ တစ်ကျော့ပြန် ရောက် လာ၏
“ ခုတ်ပြီးပြီလား၊ မြန်လိုက်လာ ”
“ ခုတ်လို့မရဘူး ”
“ ဓားတုံးနေလို့လားကွ ”
“ မဟုတ်ဘူး အစ်ကိုကြီး၊ ကိုထင်ပြလို့ ”
“ ဘာကွ ”
သူ့စကားက ဆန်းလှသည်။ သူရှင်းပြမှ ပိုလို့တောင် ဆန်းကြယ်သွားသည်။ အဖြစ်က ဒီလိုပါ။
လူတစ်ယောက်က သစ်ပင်ပေါ်တက်၍ သစ်ကိုင်းကြီးကို အားရပါးရ ခုတ်နေစဉ် သူ့အနားမှာ ပြိုးပြိုး ပြက်ပြက်နှင့် မှုန်မငန်ဝါးဝါး လူရိပ်သဏ္ဍာန်တစ်ခုပေါ်လာပြီး မခုတ်ဖို့တားသည် ဆိုပဲ။ သူကြောက်လန့်တကြား ဆင်းလာပြီး ဖြစ်ပျက်ပုံ အလုံးစုံကို ဗိုလ်မှူး ကျော်ဝင်းအား သတင်းပို့သည်။ ကျော်ဝင်းက မယုံ။ ဒီလူ ကယောင် ချောက်ချားနဲ့ ကြောင်နေသည် တင်ပြီး နောက်တစ်ယောက်ကို တက်ခုတ်ခိုင်းသည်။ ဒုတိယလူ အားမာန်အပြည့်နှင့် တက်သွား၍ ခုတ်ပြန်သည်။ “ အား”ခနဲအောပြီး ဓားကိုပစ်ချကာ ကသောကမျောဆင်းသည်။ ချွေးစေးများတောင် ပြန်လို့၊ သူ့ကိုလည်း ပြိုးပြိးပြက်ပြက်ကြီးက လာတားသည်တဲ့။
“ တော်ပြီ၊ မလုပ်တော့ဘူး၊ ပိုက်ဆံလည်း မယူတော့ဘူး ” ဆိုပြီး ပြန်မည်လုပ်နေ၍ “ နေပါအုံး၊ တပ်မှူးဆီ သွားသတင်းပို့ပါအုံးမယ် ” ဟု ပြောပြီး တာထားခဲ့သည်ဆို၏။
“ မင်းတို့ကော မြင်သလား ”
“ မမြင်ဘူး - အောက်ကလူတွေကတော့ ဘာမှ မတွေ့ရဘူး ”
“ ထူးဆန်းတယ်ကွာ၊ စခန်းမှူး သတင်းပို့ရင် ယုံချင်မှယုံမယ် ”
ကိုမျိုးတင်က ခရစ်ယာန်ဘာသာဝင် ဖြစ်သည်။ ဗုဒ္ဓဘာသာအလိုအရတော့ ဒါမျိုးတွေ ရှိနိုင်သည်။
“ ကျွန်တော်တို့ ဘယ်လုပ်လုပ်မလဲ ”
ကျော်ဝင်းက မေးသည်။ ကျွန်တော်ခဏစဉ်းစားသည် ဓမ္မစက် - အာဏာစက်ဆိုတာတွေ ခေါင်းထဲ ၀င်လာသည်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ စမ်းကြည့်ရန် တွေမိသည်။
“ ဒီလိုလုပ်ကွာ၊ ဒီတပ်ကို လေတပ်စခန်းမှူးက အုပ်ချုပ်နေတာ၊ သူက အာဏာပိုင်ပဲ၊ တပ်ဝင်းထဲမှာ၊ တပ်မြေပေါ်မှာရှိတဲ့ သက်ရှိသက်မဲ့အားလုံးအပေါ်မှာ သူ့အာဏာတည်တယ်၊ ဒီတော့ အဲဒီပြိုးပြိုးပြက်ပြက်ကြီးကို တပ်လုပ်ငန်းမှာ ၀င်မနှောင့်ယှက်ဖို့ စခန်းမှူး အခွင့်အာဏာသုံးပြီး အမိန့်ပြန်မယ် ”
“ ကောင်းတယ် အစ်ကိုကြီး ”
ကျောင်းဝင်းက ထောက်ထံသည်။ သူက စဉ်းစားရင်း - “ ကျွန်တော်ကြားဖူးတာက ရုက္ခစိုးတွေ ဘာတွေက သစ်ပင်တွေမှာ ဗိမာန်နဲ့နေတယ်တဲ့၊ ပြိုးပြိုးပြက်ပြက်ကြီးရဲ့ အိမ်…အဲလေ… ဗိမာန်က ကျွန်တော်တို့ ခုတ်မယ့် သစ်ကိုင်းမှာ ရှိပုံရတယ်၊ အမိန့်ပြန်ပြီး ခုတ်လိုက်ရင် ဒီမောင် ဘုံပျောက်သွားလိမ့်မယ် ” ဟု ဆက်ပြောသည်။
“ လွယ်ပါတယ်ကွာ၊ ဂေါက်ကွင်းရပ်(ဖ်)တွေ ထဲမှာ သစ်ပင်တွေပေါမှပေ၊ တို့တပ်ပိုင်ဂေါက်ကွင်းထဲက ကြိုက်ရာအပင်မှာ တက်နေပါဘို့ ပြန်တမ်းမှာ ထည့်ပေးလိုက်၊ နေရာချပေးလိုက်တဲ့ သဘောပေါ့ ”
“ ဒါဆို ပြိုးပြိုးပြက်ပြက်ကြီး ကျေနပ်မှာပဲ …. ဟဲ ဟဲ ”
ကျွန်တော်တို့ ညီအစ်ကိုတိုင်ပင်ပြီး အမိန့်စာရေးသည်။ တပ်တံဆိပ်နှိပ်လိုက်သေးသည်။ စခန်းမှူးကိုယ်စား လက်မှတ်ထိုးသည်။ သဏ္ဍာန်လုပ် သရုပ်တူရမယ်လေ။
တိုတိုပြောရလျှင် ထိုသစ်ကိုင်းစစ်ဆင်ရေးလည်း ကတ္တရာပုံးစစ်ဆင်ေ၇းလို အောင်မြင်၏။ အမိန့်ပြန်ပြီး တက်ခုတ်တော့ ဘာပြိုးပြိုးပြက်ပြက်မှ မလာတော့ချေ။ သူ့ဘ၀ အခြေတကျ ဖြစ်သွားပုံရသည်။ ကျွန်တော်တို့လည်း Result ကောင်းသွားခဲ့ပါသည်။
ချုပ်လိုက်လျှင် တင်အောင် ၀ိညာဉ်ပြောတာကို ကျွန်တော်ကြားရခြင်းမဟုတ်ပါ။ ပြိုးပြိုးပြက်ပြက်ကြီးကို ကျွန်တာ် မြင်ရခြင်းမဟုတ်ပါ။ သို့သော် ကျွန်တော်ကြားရ၊ မြင်ရဘိသကဲ့သို့ ဖြစ်ရပ်အမှန်တွေ ဖြစ်ပါသည်။ စာရှုသူတို့ဘ၀တစ်ကွေ့တွင် ဒီလိုမျိုးကြုံတွေ့လာပါက ၎င်းတို့ကို ကြောက်ရွံ့ရန် မလိုပါ။ ကုသိုလ်ကောင်းမှုပြု၍ အမျှအတန်း ပေးဝေရန်သာ လိုအပ်ပါသည်ဟု ပြောကြားရင်း ကျွန်တော်မမေ့နိုင်သော ပရလောက အတွေကအကြုံ နှစ်ခုကို တင်ပြလိုက်ရပါသည်။

ကို (တက္ကသိုလ်)


No comments: