Saturday, September 28, 2013

ဘာခုမှဘာလုပ်မှာလဲ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်နယ်နှင့် တိုင်းများသို့ သွားရောက်ရှင်းပြရန် NLD ပါတီဝင်များ တာဝန်ခွဲဝေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ပြည်သူလူထုအား အခြေခံဥပဒေနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းရာတွင် အဖွဲ့ငယ်များ ဖွဲ့စည်းရန်၊ တာဝန်ခွဲဝေ ယူရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၂၆ ရက် နံနက် ၉ နာရီ မိနစ် ၃၀ မှ စတင်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(ဗဟို) ရုံးတွင် ပြုလုပ်သည့် ဆွေးနွေးပွဲအတွင်း အဖွဲ့ငယ် တစ်ဖွဲ့တွင် ဗဟိုမှ ဥပဒေ ပညာရှင်တစ်ဦး၊ လွှတ်တော် ကိုယ်စားလှယ်နှင့် အလုပ်အမှုဆောင် အဖွဲ့များက ပြည်နယ်နှင့်တိုင်း ဥပဒေ ထောက်ကူပြုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် မည့်အပြင် ပြည်နယ်နှင့် တိုင်းအလိုက် ခရီးစဉ်များ သတ်မှတ်ကာ အောက်တိုဘာလ ဒုတိယပတ်မှ စတင်ကာ ဒီဇင်ဘာ ၃၁ ရက်အထိ နောက်ဆုံး သတ်မှတ်ထားကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။ ထို့နောက် ၎င်းက အခြေခံဥပဒေကို ပြည်သူများ မသိဟု ဆိုခြင်းမှာ မှားယွင်းကြောင်းနှင့် ပြည်သူများမှာ အခြေခံဥပဒေကို မည်သို့မည်ပုံ အတည်ပြုခဲ့သည်မှ စတင်ကာ အားလုံးကို သိသည်ဟုလည်း ပြောကြားသည်။ ရှမ်းပြည်နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုင်းမြင့်မောင်က ''ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်နယ်နဲ့ တိုင်းတွေရဲ့သဘောထား တွေကိုမေးတယ်။ ဘာတွေပြင်ဆင် သင့်တယ်ဆိုတဲ့ ပြည်သူလူထုဆီက အသံကိုလည်းရဖို့ ယူဖို့ ဆွေးနွေးကြပါတယ်။ အခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် နားလည်တာ မလည်တာထက် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သွားနေတဲ့ လမ်းကြောင်း ကြီးထဲမှာ လူထုက ခံစားပြီးတော့မှ မကြိုက်တာလေ။ စာဖတ်ပြီး မကြိုက်တာကိုပြောတာ မဟုတ်ဘူး။ ဒါကြောင့် အဲဒါကိုပြင်ဖို့ လိုတယ်လို့ ပြောတာကိုး။ ရှမ်းပြည်နယ် အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီလို့ ပြောရင်လဲ မိမိဒေသအလိုက် ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီးရတာ ဖြစ်လေတော့၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရတဲ့ ဖက်ဒရေးတစ်ကိုတော့ အများပြည်သူက တောင်းဆိုကြတာပဲလေ'' ဟု ပြောကြားသည်။ ထိုတွေ့ဆုံ ဆွေးနွေးပွဲအား ပြည်နယ်နှင့် တိုင်းအသီးသီးမှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ၂၈ ဦး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီဝင်များနှင့် CEC အဖွဲ့များ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းလည်း သတင်းရရှိသည်။ NLD ပါတီမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား သဘောမတူသဖြင့် ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်ရန်ဟူသော ကြွေးကြော်ချက်ဖြင့် ရွေးကောက်ပွဲအား ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။

No comments: