မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, September 29, 2013
ငါတို့တွေ ဟာ ၉၉
ငါတို့တွေဟာ ၉၉ ရာခိုင်နှုန်း
(ဆောင်းပါးရှင်-ကေသွယ်)
စက်တင်ဘာလ ၁၇ ရက် တုန်းက Occupy Wall Street လှုပ်ရှားမှုရဲ့ နှစ်နှစ်ပြည့် နှစ်လည်ဆိုတဲ့ မထင်မရှား သတင်းလေးတစ်ခုကို ဖတ်လိုက်ရတော့ အတွေးတွေ ဟိုဒီခုန်ပေါက်ရင်း လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၁၅ နှစ် လောက်က အကြောင်းကလေးတစ်ခုဆီ သတိရမိသွား၏။
အဲဒီနေ့က ဘုရင့်နောင် တိုက်ခန်းတစ်ခုမှာနေတဲ့ သူငယ်ချင်းနောက်ကို လိုက်လည်ခြင်း ဖြစ်သည်။ ကြို့ကုန်း အာအိုင်တီကျောင်းဝင်းထဲက ပြန်လာကြတာဆိုတော့ အင်းစိန် လမ်းမကြီးပေါ်မှာပဲ ဘူတာရုံလမ်းထိပ်မှာဆင်း၊ ဆိုက်ကားငှားစီးပြီး လမ်းထဲဝင်ခဲ့ကြသည်။ လမ်းတစ်ဝက် မီးရထားလမ်းအကျော်လောက်မှာ ရထားတံခါး အပိတ်အဖွင့်နဲ့ ကားတွေ၊ ဆိုက်ကားတွေ ကျပ်ညပ်နေတော့ ဆိုက်ကားဆရာက ဘေးနားက ရပ်ကွက်အသစ်ကြီးတွေထဲက ဖြတ်ချသည်။ ဒီနေရာတွေဟာ အရင်က ဘုစုခရု ကျူးကျော်လူနေရပ်ကွက်တွေ ဆိုတာတော့ သိထားဖူးသည်။ ၉၁ ခုနှစ်လောက်ကမှ မီးအကြီးအကျယ် လောင်လိုက်လို့ အခုလို အကွက်သစ်တွေ ဖြစ်လာတယ်ဆိုတာလည်း သိထားပေမယ့်လို့ အထဲမှာ ဒီလောက်ကြီး သီးသီးသန့်သန့် ရှိနေမယ်လို့ ထင်မထားမိ။ ရပ်ကွက်ထဲမှာတော့ ဘူတာရုံလမ်းပေါ်က ဆူညံရှုပ်ထွေးနေတဲ့ ဆိုက်ကားတွေ၊ ဈေးသွားတွေရဲ့ မြင်ကွင်းနဲ့ ဆန့်ကျင်စွာပဲ တိတ်ဆိတ် သန့်ရှင်းနေသည်။ တချို့တိုက်အိမ်ကြီးတွေဆိုရင် နန်းတော်ကြီးတွေလားပင် အောက်မေ့ရသည်။ အထဲမှာလည်း ကားကြီးတွေရပ်ထားလိုက်တာ သုံး၊ လေးစီး ။ ဒါပေမဲ့ ဆိုးလိုက်တဲ့လမ်းတွေဆိုတာ။ ဆိုက်ကားဆရာက ချိုင့်တွေ၊ခွက်တွေကို ကြိုးစားရှောင်ရင်း ဒီသူဌေးကြီးတွေကလည်းဗျာ အိမ်ကြီးတွေမှ အားမနာ လမ်းကလေး ဘာလေးတောင် ကောင်းအောင်မခင်းကြဘူးလို့ ညည်းရှာသည်။ အရာရာကို နိုင်ငံရေးလုပ်ချင်နေတတ်တဲ့ ကိုယ်ကလည်း မနေနိုင်။ လမ်းတွေ၊ တံတားတွေဆိုတာ အစိုးရက ပြည်သူ့ဘဏ္ဍာတွေနဲ့ လုပ်ပေးရတာလေလို့ လျှာရှည်မိတော့ ဆိုက်ကားဆရာက ''ဟာ အစ်မကလည်း အစိုးရက နေပြည်တော်မှာ လမ်းတွေခင်းနေတာ အကုန်အကျတွေ များနေမှာပေါ့''တဲ့။ ကိုယ်လည်း ဘာဆက်ပြောရမှန်းကို မသိခဲ့။ သူငယ်ချင်းက တံတောင်နဲ့တွက်ပြီး ကြိတ်ရယ်ရင်း ဟုတ်တာပဲ သူတို့ဒီလောက် ၀င်ငွေတွေကောင်းနေတာ ဆင်းရဲနေတဲ့ နိုင်ငံအတွက် နည်းနည်းတော့ ပြန်လုပ်ပေးမှပေါ့။ ငါဖြင့် ဒီဧရာမ တိုက်အိမ်ကြီးတွေကို ဈေးသွားဈေးပြန် နေ့တိုင်းမြင်နေတာ သူတို့လို ဖြစ်ချင်စိတ်ပေါက်မလာဘဲ ဓားပြတိုက်ချင်စိတ်တွေပဲ ပေါက်ပေါက်လာတယ်''လို့ စိတ်ချဉ်ပေါက်ဟန် နောက်လေ၏။
အဲဒီတုန်းက ကြုံခဲ့၊ ပြောခဲ့၊ ရယ်ခဲ့၊ မောခဲ့တာလေးကို အခုနေ ပြန်စဉ်းစားကြည့်တော့ သြော် ဒါဟာ ခေတ်စနစ်တစ်ခုရဲ့ လူမှုစီးပွားကို သရုပ်ဖော်နိုင်တဲ့ အကျစ်လျစ်ဆုံး ဇာတ်ကွက်ကလေး တစ်ခုပါလားလို့ သဘောပေါက်လာရသည်။ ကိုယ်တိုင်ကတော့ အဲဒီတုန်းက သူငယ်ချင်းဖြစ်သူ နောက်ပြောခဲ့သလို ဓားပြတိုက်ချင်စိတ်တွေ ပေါက်မနေခဲ့ပေမယ့်လို့ ခေတ်စနစ်တစ်ခုရဲ့ ရေဆန်မှာ ရုန်းကန်လှုပ်ရှားနေခဲ့တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဘာတွေလုပ်လို့ အဲဒီလောက် ချမ်းသာနေမှန်း မသိတဲ့ သူဌေးကြီးတွေကိုတော့ မုဒိတာပွားကြည်နူး အားကျမနေမိခဲ့တာတော့ သေချာလှသည်။
အဲဒီလိုပါပဲ။ ၀င်ငွေကွာဟမှု မြင့်မားလာတဲ့ အမေရိကန်နိုင်ငံမှာ အခြေခံလူတန်းစားတွေ ဓားပြတိုက်ချင်စိတ်ပေါက်ပြီး ငွေရှင်ကြေးရှင် ဘဏ်တိုက်ကြီးတွေရှိရာ စတော့အိပ်ချိန်းတွေရှိရာ နယူးယောက်မြို့လယ်ကောင်က ကမ္ဘာကျော် ဝေါလ်လမ်းမကြီးပေါ်ကို စုဝေး ရောက်ရှိလာကြပြီး Occupy Wall Street ဝေါလ်လမ်းမကြီးကို သိမ်းပိုက်ကြဆိုတဲ့ လှုပ်ရှားမှုကို လွန်ခဲ့တဲ့ နှစ်နှစ်က စတင်ခဲ့ကြသည်။
ဖိနှိပ်မှုတွေအောက်မှာ လူနေမှု အဆင့်အတန်း ကွာခြားချက်တွေ မြင့်မားခဲ့တဲ့ လူ့သမိုင်းတစ်လျှောက် တော်လှန်ရေးတွေ အမျိုးမျိုးကို ဖြတ်သန်း ပြီးခဲ့ကြပြီ။ အခုလည်း လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်ပေမယ့် စီးပွားရေး ကွာဟချက်တွေ တစ်နည်းတစ်ဖုံ ရှိလာပြန်တော့ မကျေနပ်မှုတွေ ပေါ်ပေါက်လာကြပြန်သည်။ အရင်းရှင် စီးပွားရေးစနစ်ရဲ့ အညွန့်အဖူးတွေကို အလွယ်အသင့် စားသုံးနိုင်နေတဲ့ တစ်ရာခိုင်နှုန်းလောက်သာရှိတဲ့ ငွေရှင်ကြေးရှင်ကြီးတွေကို ၉၉ ရာခိုင်နှုန်းလို့ တင်စားထားတဲ့ ပြည်သူတွေက အော်ဟစ်တောင်းဆို နေကြပြန်လေပြီ။ We are the 99% - ငါတို့တွေဟာ ၉၉ ရာခိုင်နှုန်းဆိုတဲ့ စာသားက Occupy လှုပ်ရှားမှုရဲ့ဆောင်ပုဒ်ဖြစ်လာသည်။ သို့ပေမဲ့ ဒီ ၉၉ ရာခိုင်နှုန်းထဲကမှ အင်မတန် နည်းပါးသော အစိတ်အပိုင်းကသာ ဒီလှုပ်ရှားမှုကို စတင်ခဲ့ကြခြင်းဖြစ်သည်။ သေချာစဉ်းစားကြည့်တော့ ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့ သူဌေးရပ်ကွက်ထဲက ဆိုက်ကားဆရာလို ပြည်သူ့အခွင့်အရေး ရပိုင်ခွင့် ဆိုတာတွေကို နားမလည်နိုင်အားကြတဲ့ ပြည်သူတွေကပဲ ဒီကမ္ဘာကြီးမှာ အများစုမဟုတ်လား။
စိတ်မကောင်းစရာကောင်းတာက အဲဒီလှုပ်ရှားမှုအပေါ်မှာ ထောက်ခံအားပေး ပါဝင်မှုတွေထက် အထင်သေးဝေဖန် မျက်ကွယ်ပြုမှုတွေကသာ ပိုများနေခဲ့ကြခြင်းဖြစ်သည်။ ဦးတည်တောင်းဆိုချက် သတ်သတ်မှတ်မှတ် မရှိဘူးလို့ ဝေဖန်ကြပေမယ့် ၀င်ငွေမညီမျှမှု၊ စီးပွားရေး မကျေနပ်မှုတွေကို အခြေခံပြီး ဖြစ်လာတယ်ဆိုတာကိုတော့ အားလုံး သိနေကြသည်ပင်။ တချို့ကလည်း အိမ်ခြေယာမဲ့တွေ၊ အလုပ်မလုပ်တဲ့ အချောင်သမားငပျင်းတွေလို့ နှာခေါင်းရှုံ့ မျက်နှာလွှဲကြသည်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုကို ပိုပြီး နက်ရှိုင်းလာစေတာ က တက္ကသိုလ်ပညာသင်စရိတ် ကြီးမြင့်မှုတွေကို မကျေနပ်တဲ့ ကျောင်းသားတွေပါဝင်လာမှု။ ဒါ့အပြင် လူလတ်တန်းစား ပညာတတ်တချို့ကပါ ထောက်ပြဝေဖန်လာတာတဲ့ ပုဂ္ဂလိကပိုင် ဘဏ်ကြီးတွေ၊ အာမခံလုပ်ငန်းကြီးတွေနဲ့ အစိုးရတွေရဲ့ ဒွေးရောယှက်တင် ဖြစ်လာမှုတွေ၊ ကော်ပိုရေးရှင်းကြီးတွေရဲ့ အခွန်ရှောင်ရှားမူတွေ၊ တစ်ကမ္ဘာလုံးက အကောင်းဆုံးရယ်လို့ သတ်မှတ်ပြီး ဦးတည် ချီတက်နေကြတဲ့ အရင်းရှင် ဈေးကွက်စီးပွားရေးစနစ်ရဲ့ ဟာကွက်ကြီးတွေ ကြီးမားထင်ရှားလာတာနဲ့အမျှ ဒီလှုပ်ရှားမှုကြီးရဲ့ မီးစာက ငြိမ်းတော့မသွားခဲ့။
၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ Occupy လှုပ်ရှားမှုဟာ နိုင်ငံပေါင်း ၈၀ ကျော်အထိ ပျံ့နှံ့ခဲ့သည်။ နိုင်ငံအသီးသီးရဲ့ မြို့လယ်ကောင် စီးပွားရေးရပ်ကွက်တွေက ဘဏ်ကြီးတွေ စတော့အိပ်ချိန်းကြီးတွေရှေ့မှာ ဆန္ဒပြပွဲတွေ လုပ်ကြသည်။ တချို့က သပိတ်စခန်းတွေဖွင့်ကြသည်။ အာရှတိုက်မှာဆိုရင် တောင်ကိုရီးယား မွန်ဂိုလီးယားနဲ့ ဟောင်ကောင်လို နိုင်ငံတွေအထိပင် ကူးစက်လာခဲ့သည်။ Occupy Cetral လို့ခေါ်တဲ့ ဟောင်ကောင်ရဲ့ လှုပ်ရှားမှုဆိုရင် မြို့လယ်ခေါင်က HSBC ဘဏ်ကြီး ရှေ့မှာ သပိတ်စခန်းဖွင့်ပြီး အကြာရှည်ဆုံး သပိတ်အဖြစ်နဲ့ တစ်နှစ်နည်းပါးကြာအောင် စံချိန်ချိုးခဲ့ပြီး နောက်တော့ ဘဏ်က တရားစွဲလို့ ရုပ်သိမ်းခဲ့ရသည်။
ဘာကြောင့်လဲတော့မသိ၊ အဲဒီ လှုပ်ရှားမှုသတင်းတွေဟာ ကမ္ဘာ့မီဒီယာတွေမှာ ဟုန်းခနဲ သတင်းဖြစ်သွားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လူထုစိတ်ဝင်စားမှု လျော့ပါးသွားလို့လား၊ မီဒီယာကြီးတွေကကို အသားမပေးချင်တော့တာလားတော့မသိ။ မှေးမှိန် အရှိန်ကျသွားခဲ့သည်။ အခုလို နှစ်ပတ်လည် ကာလမှာတောင် နာမည်ကြီး သတင်းမီဒီယာကြီးတွေမှာ ရှာမတွေ့တော့။
တချို့ကလည်း ဒါဟာ ကမ္ဘာ့စီးပွားရေး စနစ်ကြီးတစ်ခုလုံးကို ခြိမ်းခြောက်တဲ့ Radical movement - အစွန်းရောက် တော်လှန်မှုလို့ သမုတ်ပြီးတော့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ ရောထွေး တံဆိပ်ကပ်ပစ်ချင်ကြသည်။ ရှေးရိုးစွဲဝါဒီ- Conservative တွေကလည်း အလုပ်သမား သမဂ္ဂတွေရဲ့သွေးထိုး လှုံ့ဆော် ဖြားယောင်းမှုကြောင့် ဖြစ်လာတဲ့ စိတ်ကူးယဉ် ထင်ယောင်ထင်မှားဖြစ်မှုလို့ နှိမ်ချကဲ့ရဲ့ကြသည်။ ဒါပေမဲ့ ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုရဲ့ ချန်ပီယံ လူမည်းကြီး မာတင်လူသာကင်းက I have a dream လို့ ပြောခဲ့တဲ့အချိန်တုန်းက တစ်နေ့မှာ အမေရိကန် သမ္မတဟာ လူမည်းတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်ခဲ့ကြမည်မဟုတ်။ ပိုမိုကောင်းမွန်ပြီး တရားမျှတလာတဲ့ လူ့ဘောင်တစ်ခုဖြစ်လာဖို့ ဒီလိုပဲ မျိုးဆက်တစ်ခုကနေ နောက်တစ်ခုကို ပခုံးပြောင်းပြီး သွားရပေမည် ။
တကယ်တော့ Radical လား၊ Conservative လား၊ လက်ဝဲလား လက်ယာလား၊ သူဌေးကြီးလား ဆင်းရဲသားလားဆိုတဲ့ အရှိတရား အစွန်းတွေဆီကနေ အသိတရားတွေနဲ့ နည်းနည်းချင်းစီ ရှေ့တိုးချဉ်းကပ်နိုင်ကြမှသာ မျှခြေကျတဲ့ တည်ငြိမ်မှုတစ်ခုကို ရနိုင်မယ်ဆိုတာဟာ တရားဓမ္မတစ်ခုဖြစ်သလို သဘာဝ ဓမ္မတစ်ခုလည်းဖြစ်သည်မဟုတ်လား။ အလယ်အလတ်လမ်းစဉ် လိုက်တယ် -Liberal ကျတယ် ဆိုတာလည်း ဖက်ရှင်လုပ်ရုံ သက်သက်မဟုတ်ဘဲ တကယ်ကို အပေးအယူလုပ်နိုင်မှ။ ပြုပြင်ပြောင်းလဲတယ်ဆိုတာလည်း ဟန်ပြသက်သက်မဟုတ်ဘဲ တကယ်ကို လိုအပ်မှုတစ်ခုအဖြစ် လက်ခံပြီး စိတ်ရောကိုယ်ပါ ပြောင်းလဲလိုစိတ်ရှိမှ။
ဒါပေမဲ့ ဒီမိုကရေစီ တိုင်းပြည်တွေမှာတောင် တိုင်းပြည်ခေါင်းဆောင် တချို့က လူထုအသွင်နဲ့ လှုပ်ရှားမှုတွေကို စိုးရိမ် ကြောင့်ကြနေကြသည်။ တချို့ တော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ခေါင်းဆောင်တွေဟာလည်း တော်လှန်ရေးဆိုတဲ့ စကားလုံးကို ဆက်ပြီး မနှစ်သက်ကြတော့။ Radical ဆိုတဲ့ စကားလုံးဆိုရင်တော့ အားလုံးက အလန့်တကြား လက်ရှောင်ကြပေလိမ့်မည်။ အမေရိကန် ဒီမိုကရက်ပါတီ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဟီလာရီကလင်တန်ရဲ့ ကမ္ဘာကျော် စကားတစ်ခွန်း ရှိခဲ့ဖူးသည်။ တစ်ခါတစ်ရံမှာ ပုံရိပ်တွေနဲ့ တကယ့်အဖြစ်မှန်တွေ၊ စကားလုံးတွေနဲ့ အလုပ်ဖြစ်မှုတွေကို ကျွန်မတို့ ရောတိရောထွေး ဖြစ်နေကြရတဲ့ ဟောဒီကမ္ဘာကြီးမှာ ဒီမိုကရေစီဆိုတာကိုက Radical အတွေးအခေါ်တစ်ခုပဲ ဖြစ်နေပါသေးတယ်တဲ့။
တိုက်တိုက်ဆိုင်ဆိုင်ပဲ Occupy လှုပ်ရှားမှုတွေအကြောင်း အတွေးစိုက်ရာ လက်ကလိုက်ရေးနေမိတုန်း စက်တင်ဘာ ၂၃ ရက်က စင်ကာပူနိုင်ငံမှာ လုပ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ စိတ်ဝင်စားစရာ မေးခွန်းတစ်ခုကို ကြားလိုက်ရတယ်။ ဟောင်ကောင် သတင်းဌာနတစ်ခုက သတင်းထောက်မလေးတစ်ယောက်က မေးခြင်းဖြစ်သည်။ ဟောင်ကောင်မြို့လယ်က စီးပွားရေးရပ်ကွက်မှာ ပြန်စဖို့လုပ်နေတဲ့ Occupy Central အကြမ်းမဖက် လှုပ်ရှားမှုဟာ ဟောင်ကောင်ရဲ့ စီးပွားရေးကို အဟန့်အတားဖြစ်စေတယ်လို့ မြင်နေတဲ့သူတွေ ရှိပါတယ်။ အဲဒါကို ဘယ်လိုထင်ပါသလဲတဲ့။ ပြီးတော့ ဒီမိုကရေစီနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လို ဟန်ချက်ညီအောင် လုပ်ပါမလဲတဲ့။ ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ''မြန်မာပြည်မှာတော့ ငွေကြေးဆိုင်ရာ အဆောက်အအုံကြီးတွေ မရှိတော့ အဲဒီပြဿနာမရှိဘူးလေ''လို့ ဟာသနှောတော့ တချို့ပွဲကျသွားကြသည်။ ပြီးတော့မှ လေးလေးနက်နက် သူမဆက်ပြောတာက ''ဒီမိုကရေစီဆိုတာ အများထင်နေကြသလို နိုင်ငံရေးနဲ့ စီးပွားရေးကို ဟန်ချက်ညီအောင် ထိန်းညှိနေရတာမျိုးမဟုတ်ဘဲ အခွင့်အရေးနဲ့ တာဝန်ကျေပွန်မှုကိုသာ ဟန်ချက်ညီဖို့ လိုအပ်တာပါ''လို့ ဖွင့်ဆိုသွားခဲ့သည်။
လူတော်တော်များများကတော့ ဒီမိုကရေစီလို့ဆိုတာနဲ့ အရင်းရှင် စီးပွားရေးစနစ်ကိုပါ တွဲမြင်နေတတ်ကြသည်။ တကယ်တော့ နိုင်ငံတစ်နိုင်ငံဟာ လှည်းကြီးတစ်စီးဆိုရင် ဒီမိုကရေစီဆိုတာက လှည်းဘီးကြီးရဲ့ ၀င်ရိုးကြီးဖြစ်ပြီး စီးပွားရေးစနစ်၊ ပညာရေးစနစ် ဆိုတာတွေက ဒီလှည်းကြီး ခရီးပေါက်အောင်ဟန်ချက်ညီညီ ရွေ့လျားပေးနေတဲ့ လက်တံတွေသာမို့ ဒီမိုကရေစီ ၀င်ရိုးဆုံလည်ကြီးမှာ မြဲမြဲမြံမြံ တွဲစပ်နေဖို့သာ အရေးကြီးလေသည်။ သင်္ချာတစ်ပုဒ်လိုဆိုရင်တော့ မတူညီတဲ့ ကိန်းဂဏန်းတွေကို ဒီမိုကရေစီပိုင်းခြေနဲ့ ပျမ်းမျှချနိုင်သလို မတူညီတဲ့မျဉ်းတွေကိုလည်း ဒီမိုကရေစီ စက်ဝန်းထဲက လွတ်လပ်ခြင်း တရားမျှတခြင်းဆိုတဲ့ ဆုံမှတ်တွေမှာ ဖြတ်နိုင်ဖို့သာ မဟုတ်လား။
ဒီမိုကရေစီ အတောင်အလက် မစုံသေးသလို အရင်းရှင် ဈေးကွက်စီးပွားရေးစနစ်လည်း အရွယ်မရောက်သေးတဲ့ မြန်မာနိုင်ငံမှာတော့ ဒေါ်အောင်ဆန်းစုကြည် ရယ်သွမ်းသွေးသလို ငွေကြေးဈေးကွက် အဆောက်အအုံကြီးတွေ မပေါ်သေးလို့ Occupy လှုပ်ရှားမှု လုပ်စရာမလိုသေးပေမယ့် ၉၉ ရာခိုင်နှုန်းသော ပြည်သူတွေကတော့ စီးပွားရေးမညီမျှမှု ပင်လယ်ကြီးထဲမှာ ကမ်းမမြင်လမ်းမမြင် ကူးခပ်နေကြဆဲ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment