Monday, September 30, 2013

ယနေ့ကမ္ဘာတွင် ဝိပဿနာတရားကိုအထူးပြန်ပွားအောင်

ယနေ့ ကမ္ဘာတွင် ဝိပဿနာတရားကို အထူးပြန့်ပွားအောင် ဆောင်ရွက်နေနိုင်သူမှာ ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာဖြစ်သည်။ ဦးဂိုအင်ကာသည် အိန္ဒိယအမျိုးသား၊ မာရာဝါရီ လူမျိုးဖြစ်သည်။ မြန်မာနိုင်ငံဖွား၊ မန္တလေးသား ဖြစ်သည်။ အမည်အပြည့်အစုံမှာ ဆတျနာရာယန်း ဂိုအင်ကာ ဖြစ်သည်။ သူ၏ ဘိုးဘွားများသည် မင်းတုန်းမင်းနှင့် သီပေါမင်း လက်ထက်ကပင် အိန္ဒိယပြည်မှ မန္တလေးမြို့ သို့ ပြောင်းရွှေ့ နေထိုင်ကြပြီး ကုန်သည်လုပ်ငန်းကို လုပ်ကိုင်ကြသူများ ဖြစ် သည်။ ဦးဂိုအင်ကာသည် စီးပွားရေးကို ထူးချွန်စွာ လုပ်ကိုင်နိုင်သူ ဖြစ်သည်။ အသက် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ကျောင်းမှထွက်ပြီး မိဘတို့၏ ဆန်စက်၊ ဖွဲနုစက်၊ ပလတ်စတစ်စက်ရုံတို့ကို အောင်မြင်စွာ ထူထောင်နိုင်ကာ ကြွယ်ဝချမ်းသာသူ ဖြစ်ခဲ့သည်။ သို့ရာတွင် သူ၏ မပြေလည်သော အချက်တစ်ခု ရှိခဲ့သည်။ ယင်းမှာ ငယ်ရွယ်စဉ်ကပင် ခေါင်းကိုက်ဝေဒနာခံစားရခြင်း ဖြစ်သည်။ ထိုရောဂါမှာ ၁၂ ရက်တစ်ကြိမ် ခံစားရ သည်။ အရွယ်ကြီးရင့်လာသောလည်း မပျောက်။ ပြည်တွင်းပြည်ပမှ ဆရာဝန်ကြီးများနှင့် ကုသသော် လည်း မရ။ နောက်ဆုံးတွင် ခေါင်းကိုက်ရောဂါ ပေါ်လာတိုင်း မော်ဖီးယား ထိုး၍ သက်သာမှုကို ရှာခဲ့ရသည်။ ရောဂါမှာကား ပျောက်ကင်းသည် ဟူ၍ မရှိခဲ့ပေ။ နောက်ဆုံးတွင် ရောဂါပျောက်ကင်းလို ပျောက်ကင်းငြား အားကိုးရှာသည့် အနေဖြင့် ၁၉၅၅ ခုနှစ်တွင် ငွေစာရင်းမင်းကြီးဟောင်း ဦးဘခင်၏ အပြည်ပြည်ဆိုင်ရာ ဝိပဿနာရိပ်သာ (IMC)တွင် ဝင်ရောက် တရားထိုင်ခဲ့သည်။ ဦးဘခင်မှာ လယ်တီဆရာတော် ဘုရားကြီး အနာဂါမ် ဆရာ သက်ကြီး၏ ဝိဿနာရှုနည်းဖြင့် တရားပြသည်။ ဦးဘခင်မှာ လယ်တီဆရာတော်ဘုရားကြီး တပည့် အနာဂါမ် ဆရာသက်ကြီး၏ ဝိပဿနာရှုနည်းဖြင့် တရားပြသည်။ ဦးဂိုအင်ကာသည် တရားထိုင်သည့်နေ့မှစ၍ ခေါင်းကိုက်ရော ဂါ အံ့ဖွယ်ပျောက်ကင်းသွားသည်။ ထို့ပြင် ၁ဝ ရက်အတွင်းမှာပင် တရားထူး ရသွားသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတရားများကို ပိုင်နိုင် ရှင်းလင်းစွာ ပို၍ခံစား သိရှိခဲ့ သည်။ ဦးဂိုအင်ကာသည် ထိုအချိန်မှစ၍ ဘုရားရှင်နှင့် ဘုရားတရားတော်တို့ကို ယုံကြည်သွားကာ သရဏဂုံသုံးပါးကို ဆောက်တည်လိုက်လေသည်။ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အစိုးရက လုပ်ငန်းကြီးများကို ပြည်သူပိုင် ပြုလုပ်လိုက်ရာ ဦးဂိုအင်ကာ၏ စီးပွားရေး လုပ်ငန်းများလည်း ပါဝင်သွားလေသည်။ တရားတွေ့နေ သော ဦးဂိုအင်ကာသည် ထိုအတွက် ပူပင်သောကမရောက်၊ ဦးဘခင်ထံတွင် ၁ဝ နှစ်ကြာမျှ ယောဂီ များအတွက် ဟင်ဒီစကားပြော စကားပြန်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။ သူသည် ၁၉၆၂ ခုနှစ်တွင် အိန္ဒိယပြည်သို့ သွား၍ မိခင်၊ ဖခင် အမှူးပြုသော ဆွေမျိုးများကို တရားပြရာမှ မိတ်ဆွေများကိုပါ တရားပြလျက် အောင်မြင်သော ဝိပဿနာ ဆရာအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ဦးဂိုအင်ကာသည် အိန္ဒိယပြည်တွင် ဝိပဿနာရိပ်သာကြီး ၃ ခုအမြဲဖွင့်လျက် တရားပြသရာ အိန္ဒိယနိုင်ငံသားများသာမက ပြည်ပမှ နိုင်ငံခြားသားများ လူမျိုးမရွေး၊ ဘာသာမရွေးလာရောက် တရားထိုင်ကြသည်။ သူသည် တရားပြသရာ၌ အိန္ဒိယပြည်တွင်သာမက ပြည်ပနိုင်ငံများသို့လည်း သွားရောက်ကာ တရားပြသခဲ့သည်။ ၁၉၈၂ ခုနှစ်စာရင်းအရ ဦးဂိုအင်ကာ တရားပြပြီးသော ယောဂီများမှာ စုစုပေါင်း ၂ သိန်းကျော်ရှိသည်။ တရားပြနိုင်သော သူ၏ တပည့် ဝိပဿနာဆရာ ၁ဝဝ ကျော်ရှိခဲ့သည်။ ထိုစဉ်က စာရင်းဖြစ်သည်။ ယခုမည်မျှ တိုးတက်နေသည်ကို ခန့်မှန်းနိုင်သည်။ ထိုသူများထံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစံမှ လူငယ်လူရွယ်၊ လူကြီးများသာမက အကျဉ်းသားများလည်း ပါဝင်သည်။ သို့ရာတွင် သူပြုစုပျိုးထောင်ပေးသော နိုင်ငံခြားသား ဝိပဿနာ ဆရာပေါင်းများ စွာ ပေါ်ထွန်း၍ သူ့လုပ်ငန်းကြီးမှာ အထူး အောင်မြင်လျက်ရှိသည်။ Ref: နိုင်ငံခြားသား ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် ယောဂီများ မြတ်မင်္ဂလာ ကမ္ဘာကျော် ဝိပဿနာဆရာကြီး ဦးဂိုအင်ကာ

No comments: