Wednesday, September 25, 2013

ဒေါ်စုပြန်ရောက်ပြီး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စင်ကာပူ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ စင်ကာပူနိုင်ငံသို့ စက်တင်ဘာ ၂၀ ရက်က သွားရောက်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁၂ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း စင်ကာပူ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ရာ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တာဝန်ယူသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လိုအပ်ကြောင်း မြန်မာ့စီးပွားရေးနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ ဆက်ဆံရေးများသည်လည်း တိုးတက်ကောင်းမွန်လာပြီး တရုတ်နိုင်ငံ အပါအ၀င် နိုင်ငံတကာ ဆက်ဆံရေးကို မြန်မာနိုင်ငံ အနေဖြင့် ဆက်လက်ထိန်းသိမ်း နိုင်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူတွင် ရောက်ရှိနေသော မြန်မာများနှင့် တွေ့ဆုံပွဲကို စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်ခဲ့ရာ လူဦးရေ ၆၀၀၀ နီးပါး တက်ရောက်ပြီး တက်ရောက်လာသူများ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေး ကဏ္ဍများနှင့် ပတ်သက်၍ မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။ ထိုသို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော မြန်မာများ အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လာရမည်ဟု မဟုတ်ဘဲ မိမိနိုင်ငံ တိုးတက်ရေး ဆောင်ရွက်ရန်အတွက် တိုက်တွန်းပြောကြားသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၃ ရက်တွင် စင်ကာပူနိုင်ငံ သမ္မတ၊ ၀န်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်လာမည့် အကြောင်းတို့နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အလားတူ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်းဖြစ်သူ နိုင်ငံမှ တိမ်းရှောင်နေသည့် သက်ဆင်ရှင်နာဝပ်နှင့်လည်း စင်ကာပူနိုင်ငံတွင် ပြုလုပ်သည့် စင်ကာပူ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲတွင် အမှတ်မထင် တွေ့ရှိခဲ့သည်ဟု သိရသည်။ စင်ကာပူနိုင်ငံ စီမံခန့်ခွဲမှု တက္ကသိုလ်တွင် ခေါင်းဆောင်မှု စိတ်နေသဘောထားဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ရာ ကျောင်းသူကျောင်းသား၊ ပညာရှင်များနှင့် စီးပွားရေး ခေါင်းဆောင်များ ပါဝင်သည့် လူဦးရေ ၆၀၀ ခန့် တက်ရောက်ခဲ့သည်။ ယခု ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူနိုင်ငံသို့ သွားရောက်သော ပထမဆုံး ခရီးစဉ် ဖြစ်သည်။

No comments: