Monday, September 30, 2013

ျနော်ဝေးနိုင်ငံအနေနဲ့ဦးသိန်းစိန်ကိုအားပေး

“နော်ဝေးနိုင်ငံအနေနဲ့ ဦးသိန်းစိန်အစိုးရကို ပိုမိုအားကောင်းစေပြီး အခွင့်အရေးတိုက်ပွဲဝင်နေသူတွေကို အင်အားချိနဲ့စေမှုမျိုးတွေ မပြုမိစေဖို့လိုတယ်၊ အစိုးရ သီရိလင်္ကာနိုင်ငံ ကို သင်ခန်းစာယူစေလိုတယ်။ သီရိလင်္ကာနိုင်ငံနဲ့ မြန်မာ မတူတာတွေ အများကြီးပါ၊ တမီးလ်ပျောက်ကျား LTTE က တဖွဲ့သာဖြစ်ပေမယ့် မြန်မာက အရပ်လေးမျက်နှာမှာ တိုင်းရင်းလက်နက်ကိုင် များစွာရှိတယ်၊ ဘယ်တော့မှလည်း ပြိုမှာမဟုတ်ဘူး” မာန်ပါပါ အသံသြဇာပြည့်ပြည့်နဲ့ မတ်မတ်ရပ်ပြောနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားရေးရာကို တာဝန်ယူဆောင်ရွက်နေသူ ကိုမြအေးရဲ့ပြောဆိုမှုကို အခမ်းအနားတက်ရောက်လာတဲ့ နော်ဝေးနိုင်ငံသား အင်ဂျီအိုအဖွဲ့ တာဝန်ရှိသူတွေ၊ သတင်းသမားတွေ၊ သုသေတီတွေ၊ အစိုးရဝန်ကြီးဌာနက ပုဂ္ဂိုလ်အများ စိတ်ဝင်တစား နားထောင်နေတယ်။ စစ်အာဏာသိမ်း ၂၅ နှစ်ပြည့်မတိုင်မီ အင်္ဂါနေ့က နော်ဝေးမြန်မာကောင်စီရုံးမှာပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲဟာ မြန်မာနိုင်ငံအပေါ်စိတ်ဝင်စားတဲ့ နော်ဝေနိုင်ငံသား အတွက် သီးသန့်ဖန်တီးတဲ့ပွဲ ဖြစ်ပါတယ်။ အဲဒီပွဲမှာ အဓိက ဟောပြောသူတွေက ကိုမြအေး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးသိန်းဦး၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း တို့ပဲဖြစ်တယ်။ NLD ဦးသိန်းဦးကတော့ ပါတီနောက်ခံသမိုင်းတွေကို အဓိက ရှင်းပြခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့အနေအထားကို ပရိသတ်ထဲကမေးတဲ့အခါ NLD ဟာ ၂၀၁၅ ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ် မပြိုင်ဘူးဆိုတာကို စဉ်းစားဆုံးဖြတ်ထားချက် မရှိသေးဘူးလို့ ဖြေသွားပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ဆင်ရေးကို ဆောင်ရွက်မယ်လို့ မဲဆွယ်ကတိပြုခဲ့ပေမယ့် ဒီအရာ (၃) ခုစလုံးကို ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်နိုင်သေးတာတော့ မဟုတ်ပါဘူး။ “အုပ်ချုပ်ရေးစနစ်ရဲ့အောက်ခြေပိုင်းမှာ ဘာမှအပြောင်းအလဲ မရှိသေးဘူး၊ ဖိနှိပ်မှုတွေက အရင်အတိုင်းပဲရှိနေတုန်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အဟန့်အတားတွေနဲ့ ရင်ဆိုင်နေရတုန်းပါ” လို့ ဦးသိန်းဦးက ပြောတယ်။ ၈၈ အဖွဲ့ ကိုယ်စားလှယ် ကိုမြအေးကတော့ ၂၀၁၅ ဟာ ဒီမိုကရက်တစ်နိုင်ငံဖြစ်ဖို့ အဖြေမဟုတ်ဘူး၊ ဒီမိုကရေစီပန်းတိုင်ကို ဖြတ်သန်းသွားရမယ့် မှတ်တိုင်တခုသာ ဖြစ်တယ်လို့ ရှင်းရှင်းလေးပဲဖြေခဲ့ပါတယ်။ ဒေါက်တာမင်းစိုးလင်းကတော့ တိုင်းရင်းသားလူမျိုးစုတွေရဲ့အခွင့်အရေးနဲ့ နောက်ခံသမိုင်းကြောင်းတွေကို အဓိကပြောတယ်။ မြန်မာ့ပြည်တွင်းစစ်ဟာ တိုင်းရင်းသားပြည်သူတွေအပေါ် ခွဲခြားဆက်ဆံမှု၊ ကိုယ့်ကြမ္မာကိုယ်မဖန်တီးနိုင်မှု၊ အခွင့်အရေးတန်းတူမရှိမှု၊ ဖိနှိပ်မှုတွေကနေ အခြေခံပေါ်ပေါက်လာတာဖြစ်တယ်လို့ သုံးသပ်သွားသလို “တိုင်းရင်းသားတွေဟာ အုပ်ချုပ်ရေးနယ်ပယ်မှာရော၊ ပညာရေးနယ်ပယ်မှာပါ ဒုတိယတန်းစားအဆင့်မှာပဲ ရှိတယ်။ ကိုယ့်လူမျိုးစာပေကို သင်ကြားခွင့်မရဘူး၊ စစ်တပ်ထဲမှာ ဗိုလ်ချုပ်အဆင့် ၁၀၀ မှာ တိုင်းရင်းသားတယောက် ပါချင်မှပါလိမ့်မယ်” လို့ ဆိုတယ်။ လာမယ့် အောက်တိုဘာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ အပစ်အခတ်ရပ်ရေးလက်မှတ်ထိုးပွဲဟာ မရေမရာသေးတဲ့ အခြေအနေမျိုးရှိနေကြောင်းလည်း သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေအထိ သွားရောက်ခဲ့သူ ကိုမြအေးကို ဧရာဝတီက သီးသန့်တွေ့ဆုံမေးမြန်းရာမှာ “အမှန်တကယ် တိုင်းရင်းသားတွေနဲ့ တန်းတူညီမျှမှုရှိရမယ်ဆိုတဲ့ ယုံကြည်မှုမျိုး လေးလေးနက်နက်ရှိဖို့သာ လိုပါတယ်။ မရှိဘူးဆို လုပ်နည်းလုပ်ဟန် ရွေးဖို့ပဲ ကျန်ပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးက အင်မတန် ရွတ်လို့ကောင်းသလို စိတ်ကူးယဉ်လို့လည်း ကောင်းတယ်လေ၊ ရိုးသားဖို့နဲ့ ရည်ရွယ်ချက်မှန်ဖို့ပဲ အရေးကြီးတယ်။ တိုင်းပြည်ဖွံ့ဖြိုးဖို့၊ ဒီမိုကရေစီပြည့်ဝဖို့ အဲဒီအခြေခံမူမရှိဘဲ အရင် အစိုးရအဆက်ဆက်လုပ်တဲ့ပုံစံနဲ့ နိုင်ငံတကာ အမြင်ကောင်းအောင်လုပ်လို့တော့ ငြိမ်းချမ်းရေးတည်ဆောက်လို့ မရနိုင်တော့ပါဘူး” လို့ ဆိုတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ပေါ် နော်ဝေးနိုင်ငံရဲ့ ချည်းကပ်ပုံလွဲမှားမှာ စိုးရိမ်ကြောင်းလည်း သူက ဆက်ပြောတယ်။ “တဖွဲ့တစည်း တစုအပေါ် တည်ပြီးလုပ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ကျနော်တို့နိုင်ငံနဲ့ အဆင်မပြေလောက်ဘူး၊ MPC မှမဟုတ်၊ ကျနော်တို့ ၈၈ အပါအဝင် အားလုံးကို ရည်ညွှန်းတာပါ၊ တိုင်းပြည်ပြဿနာဟာ တိုင်းရင်းသားအားလုံးရဲ့ ပြဿနာပဲ၊ အမြင်မတူတဲ့ပြဿနာတွေရှိနေလို့ ငြိမ်းချမ်းမှု ရှာရတာဖြစ်တယ်၊ ဒါကို တအုပ်စုထဲက ရှာလို့မရနိုင်ဘူး” လို့ ကိုမြအေးက ပြောတယ်။ သူကဆက်ပြီး ပြဿနာရဲ့ဇစ်မြစ်က တိုင်းရင်းသားတွေ တန်းတူညီမျှအခွင့်အရေးကိုရအောင် ဖော်ဆောင်ပေးတဲ့စနစ်ကို သွားဖို့သာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အစိုးရပြောင်းပစေ၊ ပြောင်းရမယ့်အရာမဟုတ်တာကြောင့် ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကို တဖွဲ့တည်းကလုပ်တာမျိုးမဖြစ်သင့်ဘဲ အားလုံးစုပေါင်းပြီး အဖြေရှာရမှာဖြစ်တယ်လို့ ပြောခဲ့တယ်။ နော်ဝေးရဲ့ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး ဧရာဝတီက သီးသန့်မေးမြန်းရာမှာတော့ နော်ဝေးရဲ့ စေတနာနဲ့ အကူအညီကို လေးစားတန်ဖိုးထားပေမယ့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ အခြေအနေတွေရော၊ အောက်ခြေကအသံတွေလည်း နားထောင်ဖို့လိုတယ်လို့ ရှင်းပြပါတယ်။ “တခြား NGO တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ အဖွဲ့အစည်းတွေရဲ့စကားသံတွေကိုလည်း သေသေချာချာသိဖို့ လိုတယ်။ မသိဘဲနဲ့ ငြိမ်းချမ်းရေးကို တဖက်ဖက်ယိမ်းပြီးလုပ်မယ်ဆိုရင်တော့ အဖြေထွက်မှာ မဟုတ်ဖူးလို့ မြင်တယ်။ တိုင်းပြည်ရဲ့ သဘာဝအခြေအနေဟာ သီရိလင်္ကာလို ဖြစ်မလာဘဲ ပိုဆိုးသွားလိမ့်မယ်။ တိုင်းရင်းသားတွေ လက်နက်ကိုင်အဖွဲ့တွေဟာ တမီးလ်တိုက်ဂါးတွေလို အသေခံဗုံးခွဲ၊ နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရတွေကို လုပ်ကြံနေတဲ့ အကြမ်းဖက်မှုတွေလုပ်နေတာ မဟုတ်ဘူး၊ အကြမ်းဖက်သမားတွေလည်း မဟုတ်ဘူး၊ သူတို့အခွင့်အရေးအတွက်၊ တန်းတူညီမျှရေးအတွက် လက်နက်ကိုင်တာဖြစ်သလို မိမိတို့ပြည်နယ်လွတ်မြောက်ရေး၊ ခွဲထွက်ရေးအတွက်လုပ်နေကြတာ မဟုတ်ဘူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖယ်ဒရယ်စနစ်နဲ့ အုပ်ချုပ်ဖို့ လုပ်နေကြတာ။ အဲဒီတော့ သူတို့ရဲ့သဘာဝကိုလည်း သိထားဖို့လိုတယ်။ အဲလိုမသိဘဲ အစိုးရ ကျောထောက်နောက်ခံအဖွဲ့အစည်းတခုကိုပုံပြီး ကူညီတာမျိုးတော့ မကြိုက်ဘူးဗျာ” လို့ ပွင့်ပွင့်လင်းလင်း ပြောသွားတယ်။ တက်ရောက်လာသူတွေထဲက ပြည်ပရင်းနှီးမြှုပ်နှံ့မှုနဲ့ပတ်သက်ပြီး သဘောထားကိုမေးမြန်းရာမှာတော့ ကိုမြအေးက အနောက်နိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှု များများလိုချင်ကြောင်း၊ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံ့မှုနဲ့ ချိန်ခွင်လျှာ ညှိချင်တာရယ်၊ မြန်မာနိုင်ငံသားတွေအတွက် ဒီမိုကရက်တစ် စံချိန်စံနှုန်းနဲ့အညီ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးစံနှုန်းတွေနဲ့အညီ တိုးတက်စေချင်လို့ဖြစ်တယ်လို့လည်း ပြောပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ၈၈ အဖွဲ့တွေ သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံမှုဟာ မိမိတို့ကြိုတင် အစီအစဉ်မဟုတ်ဘဲ MPC ငြိမ်းချမ်းရေးစင်တာရဲ့အစီအစဉ်နဲ့သွားရောက်ခဲ့တာဖြစ်ကြောင်းနဲ့ တွေ့ဆုံမှုဟာ ကောင်းမွန်တဲ့အခြေအနေဖြစ်ပေမယ့် အားလုံးဟာ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်နေပြီလို့တော့ မယူဆလိုကြောင်း ကိုမြအေးက ပြောပါတယ်။ “သမ္မတနဲ့ တွေ့တယ်ဆိုတာကို မူတည်ပြီးတော့မှ အားလုံးဟာ ပြုပြင်ပြောင်းလဲရေးတွေဖြစ်နေပြီ အားလုံးဟာ ပြုပြင်ပြောင်းလဲနေတဲ့အတွက် ၈၈ က တွေ့တယ်ဆိုတဲ့ ကောက်ချက်မျိုးကိုတော့ မယူဆစေချင်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ ဒီနေ့ဒီအချိန်ခါဟာ ခက်ခဲတဲ့အခြေအနေ၊ သတိကြီးကြီးနဲ့လှမ်းရတဲ့ အနေအထားမျိုးမှာ ရှိနေတယ်လေ။ အခုလို သမ္မတကို တွေ့လိုက်တာနဲ့ ၈၈ က သမ္မတရဲ့အစီအစဉ်တွေအားလုံးကို လက်ခံသွားပြီလို့ သုံးသပ်ရင်တော့ မမှန်ဘူးဗျ” အော်စလို မြန်မာ့အရေးဆွေးနွေးပွဲမှာ မေးခွန်းမေးသူတွေက ကိုမြအေးကိုသာ အဓိကမေးမြန်းခဲ့ပြီး ဒီပွဲမှာ ကိုမြအေးက မြန်မာ့နိုင်ငံရေး အတွေးအခေါ်ပြောင်းလဲမှုတွေကို မီးမောင်းထိုးပြောခဲ့ပါတယ်။ စစ်အေးတိုက်ပွဲကာလ မြန်မာနိုင်ငံရေးလောကမှာ ကွန်မြူနစ်အတွေးအခေါ်တွေ လွှမ်းမိုးခဲ့သလို၊ ၁၉၈၈ တုန်းက ဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ပေမယ့် ဆိုရှယ်ဒီမိုကရေစီလား၊ လစ်ဘရယ်ဒီမိုကရေစီလား ရှင်းရှင်းလင်းလင်း မသိခဲ့ကြကြောင်း၊ ၁၉၉၀ ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်ပိုင်း တန်းတူအခွင့်အရေးနဲ့ ဒီမိုကရေစီစနစ်ကို လိုလားတယ်ဆိုတာ ရှင်းလင်းသွားခဲ့ကြောင်း၊ “ဒါပေမယ့် အဲဒီတန်းတူညီမျှ ဒီမိုကရေစီအခွင့်အရေးတိုက်ပွဲဟာ ဒီနေ့အထိ မပြီးဆုံးသေးဘူး” လို့ ဆိုပါတယ်။ ပြီးတော့ “ဒီကနေ့ နိုင်ငံရေးဟာ သိမ်မွေ့ပြီး အကဲဆတ်တဲ့ကာလ ဖြစ်တယ်။ ကျနော်တို့ရဲ့စိုးရိမ်မှုက အတိတ်က ဆိုရှယ်လစ်ကိုအရေခြုံပြီး အုပ်ချုပ်ခဲ့သလို ဒီကနေ့ ဒီမိုကရေစီအရေခြုံ ဖြစ်သွားမှာကိုပါပဲ။ နိုင်ငံတကာအနေနဲ့ ဦးသိန်းစိန် အစိုးရကို သတိကြီးကြီးထား ဆက်ဆံဖို့ လိုတယ်၊ မြန်မာပြည်သူတွေဟာ နိုင်ငံတကာရဲ့ စေင့်ကြည့်မှု၊ အားပေးထောက်ခံမှုကို လိုအပ်နေပါတယ်” လို့ ပြောသွား

No comments: