Monday, November 16, 2015

ငိုချင်ငို အလိုမလိုက်နိုင်ဘူး ******************* (မျိုးချစ် ရွှေမြန်မာများအတွက်ပါ)

ငိုချင်ငို အလိုမလိုက်နိုင်ဘူး
*******************
(မျိုးချစ် ရွှေမြန်မာများအတွက်ပါ)
ပဋိက္ခရားရေ....
အိမ်စည့်အသည်းနှလုံးတွေကို
တစ်စစီဖဲ့ချွေခဲ့လေသလား?
စွန့်စွန့်စားစား
တိုင်းတစ်ပါးကနေ မင်းရောက်လာခဲ့တယ်နော်
ရင်ထဲက အချစ်တွေအားလုံး
သိမ်းကျုံးယူငင်ပြီးခါမှ
မင်းကစွန့်ခွာသွားပြီလား?
မစွန့်စားရဲတာလား?
သတ္တိနည်းလွန်းတာလား?

အိမ်စည်ဟာမိန်းမသားပါကွယ်
ဒါပေမယ့်လေ
မင်းနဲ့သာအတူနေရမယ်ဆိုရင်
ရွှေနန်းစည်းစိမ်တွေ
စွန့်ခွာရင်စွန့်ခွာရစေအုံးတော့
ခမည်းတော် မယ်တော်တို့နဲ့တကွ
အိမ်စည်အရမ်းချစ်ရမြတ်နိုးခဲ့ရပါတယ်ဆိုတဲ့
ပုဂံပြည်ကြီးကို စွန့်ခွာရစေအုံးတော့
ခေါင်းမော့ရင်ကော့ပြီး
အချစ်ခရီးနှင်ရဲသူပါကွယ်

နားလည်မှုမဲ့စွာ အပြစ်ဖွဲ့တယ်ဆိုလေမလား?
မင်း နေနိုင်တာတော့အမှန်ပဲလေ
အရမ်းလွမ်းနေတယ်
ပွဲတော်လည်းမတည်ချင်
စက်တော်လည်းခေါ်လို့မရ
အိမ်စည့်ဘဝရဲ့
ပျော်ရွှင်ခြင်းတွေအားလုံး
မင်းနဲ့အတူဆုံးရှုံးရတော့မယ်
ထင်ပါရဲ့ကွယ်....

"ခေါင်ဖုရားကြီးနဲ့
မဏိစန္ဒာ မိဖုရားကြီးတို့
ကြွချီလာကြပါပြီထိပ်ထားသခင်မလေးဖုရား"

ဟင်! မကြားချင်ဆုံးအသံပါလား
မယ်ဖုရားရယ်
အိမ်စည့်ကို တကယ်သနားရင်
ခွဲခွာခြင်းတရားတွေ
ဟောမနေပါနဲ့တော့လား ဟင်
ထိပ်ထားရူးချင်နေပြီ်
မယ်မယ်တို့လဲ မိန်းမသားတွေပဲမို့လား?
မချစ်တတ် မလွမ်းတတ်ကြလို့လားဟင်?

"သမီးတော်လေး နေသာ ဖြေသာရဲ့လား
မယ်မယ်တို့လည်း ကိုယ်ချင်းစာပါတယ် သမီးတော်
ခမည်းတော်မင်းတရားကြီးက
သမီးတော်လေး အားငယ်နေမယ်
နှမတော်တို့သွားနှင့်ကြ
အားပေးစကား ဆိုနှင့်ကြတဲ့"

အားငယ်နေမယ်တဲ့လား?
အားပေးစကားဆိုကြမယ်တဲ့လား?
နားမလည် ကြတာလား မယ်မယ်တို့ရယ်
ခမည်းတော်ရဲ့စကားလုံးတွေအောက်မှာ
အိမ်စည့်နှလုံးသားလေး
ဘယ်လိုစတေးခံရမယ်ဆိုတာ
တွေးထားပြီးသားပါလေ....

ဖြေသိမ့်ဖို့မလွယ်တာကိုသာ
မယ်မယ်တို့ခံစားမိကြမယ် ထင်ပါတယ်
မိန်းမသားတွေပဲမို့လား?
ကိုယ်ချင်းစာတရားနဲ့တော့ ပြောကြပေါ့လေ

"ဆိတ်ဆိတ် နေပေမယ့် သမီးတော်လေးရဲ့ရင်ထဲမှာ
ဘယ်လိုခံစားနေရမယ်ဆိုတာ
မိထွေးတော် နားလည်ပါတယ်ကွယ်
မဏိစန္ဒာရဲ့ ငယ်ဘဝဟာ
*ခင်ဦး* ကစခဲ့တယ် သမီးတော်"

"အိမ်စည့် ခမည်းတော် အပေါ်
အသက်တမျှချစ်ခဲ့ရပေမယ့်
နှစ်ပြည်ထောင်မင်းတွေရဲ့
ချစ်ကြည်ရေးလမ်းကြောင်းမှာ
ခင်ဦးဆိုတာ ပဏ္ဏာတော်ဖြစ်ခဲ့ရတယ်လေ "

"တိုင်းပြည်အတွက် လူမျိုးအတွက်
ခင်ဦးရဲ့ နှလုံးသားတစ်ခုလုံး ဘဝတစ်ခုလုံး ဆုံးရှုံးခဲ့ရတာ
ခုထိအနာမကျက်သေးပါဘူး
သမီးတော်ရယ် ....
ဒါပေမယ့်ဖြေသာပါတယ်
မိန်းမသားတစ်ဦးရဲ့ပေးဆပ်မှုဟာ
ဘယ်လောက်အရေးပါခဲ့တယ်ဆိုတာ
ခံစားမိလာတဲ့အခါမှာပေါ့ကွယ်"....

စကားလုံးအကြီးကြီးတွေနဲ့
ဒီလိုပဲ နှိပ်စက်နေကြတော့မှာလား
လူငယ်တစ်ယောက်ရဲ့ ခံစားချက်
ချစ်တတ်တဲ့နှလုံးသား
တိုင်းပြည်အတွက် ချနင်းခံထားရမယ်တဲ့လား
လူမျိုးအတွက် အသုံးချလိုက်ရမယ်တဲ့လား.တရားသဖြင့်ပြောကြပါလေ....

"စကားပြန်မပြောရင်နေပါသမီးတော်
ပျက်ရယ်ပြုတဲ့ အမူအရာနဲ့တော့
မယ်မယ်တို့ကိုမစော်ကားမိစေနဲ့ပေါ့"....

"တကယ်တော့ မဏိစန္ဒာပြောတာမှန်ပါတယ်
သူ့ရဲ့ပေးဆပ်မှုကလည်းထိုက်တန်ပါတယ်
မွန်ရယ် မြန်မာရယ် ဆိုတာက
ဘာသာအယူဝါဒ လည်းတူကြတယ်
ဆင်ယင်ထုံးဖွဲ့မှုလည်းနီးစပ်တယ်
တိုင်းရင်းသားချင်းသွေးနှောတယ်ဆိုတာ
ချစ်ကြည် ရင်းနှီးမှုက်ို တိုးပွားစေတယ် သမီးတော်"....

"ဘာသာမတူ
အယူဝါဒ ကွဲပြား
ရေခြားမြေခြား တိုင်းတစ်ပါးသွေးဆိုတာ
ဝေးလေကောင်းလေပါ သမီးတော်
သံခင်း တမာန်ခင်း ဆက်ဆံခြင်းကတစ်မျိုး
ရောင်းဝယ်ဖောက်ကား
ကုန်သွယ်ခြင်း သဘောကတစ်ဘာသာ
သွေးနှောလာရင်တော့ အဲ့ဒါ အဆိပ်ပဲ
အမျိုးစစ်မှ အမျိုးချစ်တယ် သမီးတော်"....

"ပုဂံရဲ့ထီးညွန့် နန်းလျာ
မင့်ခမည်းတော်မှာ သားရတနာဆိုတာမရှိဘူးလေ
သဘ္ဗူလ ရဲ့ ရင်သွေး
ယောက်ျားလေးလား
မိန်းကလေးလားဆိုတာကလည်းမရေရာ
ခုထိလည်း ပေါ်မလာကြသေးဘူးမို့လား"....

"ခုနေခါ
သမီးတော်သာအခြေပျက်ရင်
ပုဂံနန်းဆက်
အမွေဆက်ခံမည့်သူဝေးလိမ့်မယ်
တိုင်းတစ်ပါးသွေးနဲ့
မွေးဖွားလာမည့် ရင်သွေးကို
ပုဂံရဲ့ ရာဇပုလ္လင် ပေါ်
တင်ပေးမလို့လားသမီးတော်..".

"သေချာစဉ်းစားပါလေ
မနက်ဖန် ညီလာခံသဘင်မှာ
သမီးတော်ကိုယ်တိုင်
တက်ရောက်ရမှာတဲ့
အဲ့ဒါ မင်းခမည်းတော်ရဲ့အမိန့်ပဲ
ကဲကဲ ပြင်ဆင်ထားပေရော့"...

ဟင် !
ပုဂံရဲ့ ထီးညွန့် နန်းလျာ တဲ့လား?
တိုင်းတစ်ပါးသွေကို
ရာဇပလ္လင်ပေါ် တင်ပေးမလို့လား တဲ့လား?
မိန်းမသားတစ်ဦးရဲ့ပေးဆပ်မှုဟာ
ဘယ်လောက်အရေးပါတယ်ဆိုတာ
ခံစားမိလာတဲ့ အခါ တဲ့လား?
----------------------------
----------------------------

"မယ်မင်းတို့
ထိပ်ထားပွဲတော်တည်မယ်
စားတော်ကဲ ဆီမှာသင့်ရာ စီမံလာခဲ့ကြ
နံ့သာဆီမွှေး သားမွှေးယပ်နဲ့တကွ
ထိပ်ထားနဲ့ လိုက်ဖက်သမျှ အဆင်အသွေးတွေ
ရွေးချယ်ထားနှင့်ကြ
ဒီညစောစော စက်တော်ခေါ်မယ်
မနက်ဖန် ညီလာခံသဘင်ဝင်ရမယ်မို့လား
အားလုံးပေါ့ပေါ့ပါးပါး ခစားကြပေရော့"......

(ယခင်အကောင့်မှ အမှတ်တရ စာစုတစ်ခု)

**Balance


No comments: