Sunday, October 18, 2015

ပြည်သူအတွက် အမှန်တကယ်အကျိုးရှိတဲ့ OSS ===========================

ပြည်သူအတွက် အမှန်တကယ်အကျိုးရှိတဲ့ OSS
===========================

သတင်းဆောင်းပါး-သိမ့်သိမ့်မိုး(မြန်မာ့အလင်း)
ဓာတ်ပုံ-သိင်္ခ

မနက်ရုံးမဖွင့်ခင်ကတည်းက ရုံးရှေ့မှာ လိုအပ်တာတွေကို မေးမြန်းပြုလုပ်ဖို့ ဒေသခံပြည်သူတွေ ရောက်နေ ကြပါပြီ။ ဝန်ဆောင်မှုပေးတဲ့ ဌာနဆိုင်ရာဝန်ထမ်းများကလည်း ပြည်သူတွေကို ဝန်ဆောင်မှုပေးဖို့အတွက် လှိုက်လှဲတဲ့ အပြုံးတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုရုံးကို စတင်ပြီး ဖွင့်လိုက်ပါတယ်။ အဲဒီရုံးကတော့ နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိခရိုင် ပုဗ္ဗသီရိမြို့နယ်က ပြည်သူ့ဝန်ဆောင်မှုရုံး OSS ဖြစ်ပါတယ်။

''ရွာကနေ ထွက်လာကတည်းက စိတ်လှုပ်ရှားနေ တာ။ တစ်ခါမှလည်း ရုံးတွေ ဌာနတွေ မသွားဖူးဘူး။ မိသားစုမှာ အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်နေပြီး ပုံစံ(၁ဝ) အိမ်ထောင်စုဇယားတောင်မရှိသေးဘူး။ ဌာန တွေသွားရမှာလည်း မဝင်ရဲ၊ မသွားရဲဆိုတော့ ဒီအတိုင်း ပဲနေလာခဲ့တာ။ ကြာလာတော့ အိမ်ထောင်စုဇယားမရှိ တော့ အခက်အခဲလေးတွေရှိလာတယ်။

အခုတော့ ပြည်သူ့ဝန်ဆောင်မှုရုံးမှာ ပြည်သူတွေ အခက်အခဲမရှိ ဆောင်ရွက်ပေးတယ်ဆိုတာကို ရွာတွေမှာကြေညာ ထားတာကြားသိရတော့ ကိုယ်တိုင်လာရောက်ပြီး ပုံစံ(၁ဝ) လာလုပ်ဖြစ်ပါတယ်'' လို့ ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာနေ ကိုကျော်ဆန်းဝင်းက OSS ရုံး ကို လာဖြစ်ခဲ့ပုံကို ပြောပြပါတယ်။
၎င်းကဆက်လက်ပြီး ''အရင်တုန်းက ပုံစံ(၁ဝ)တို့ ပုံစံ(၆၆)တို့ဆိုတာ လုပ်ရတာ ခက်ခဲတယ်လို့ သိရပါ တယ်။ အခုလို OSS ရုံးတွေဖွင့်လိုက်တော့ သွားလာရ လွယ်ကူမြန်ဆန်ပြီး အချိန်ကုန်သက်သာပါတယ်။

မိသားစုတစ်စုမှာ ပုံစံ(၁ဝ)ရသွားတော့ ကိုယ့်မိသားစု ဘာပဲလုပ်လုပ် အဆင်ပြေသွားတာပေါ့။ ဒီလိုပြည်သူ့ ဝန်ဆောင်မှုရုံးတွေရှိတဲ့အတွက် ပြည်သူတွေအတွက် အလုပ်လုပ်ရတာလွယ်ကူချောမွေ့သွားပါတယ်။ ပြည်သူ့ အတွက် OSS ဆိုတဲ့အတိုင်းပဲ တကယ့်ကို ထိရောက်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်''လို့ သူရဲ့ OSS အပေါ် အမြင်ကို ပြောပြပါတယ်။

''မှတ်ပုံတင်ပျောက်လို့လာလုပ်တာပါ။ ဒီကို ရောက်ရောက်ချင်းပဲ လိုအပ်တာတွေကို ရုံးပိုင်းဆိုင်ရာ တွေကနေ လှိုက်လှိုက်လှဲလှဲကြိုဆိုဆောင်ရွက်ပေးကြ ပါတယ်။ အရင်ကတော့ မှတ်ပုံတင်ပြန်လုပ်မယ်ဆိုရင် ကြန့်ကြာမှုတွေရှိပါတယ်။ အခု OSS ရုံးတွေ ဖွင့်ပြီး ပြုလုပ်ပေးတဲ့အတွက် နေ့ချင်းပြီး ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်'' ဟု ပုဗ္ဗသီရိမြို့နယ် ကန်သာကျေးရွာမှ ဦးတင်မြင့်က ပြောပြပါတယ်။
ပြည်သူ့ဝန်ဆောင်မှုရုံးများကို ခရိုင်မြို့တွေမှာ တစ်ရုံးစီဖွင့်လှစ်ထားရှိပြီး နေပြည်တော်ကောင်စီနယ်မြေ တွင် ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နှင့် ဒက္ခိဏခရိုင် ဇမ္ဗူသီရိ မြို့တွေမှာဖွင့်လှစ်ပြီး ဝန်ဆောင်မှုတွေပေးနေပါတယ်။

ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်သူ့ဝန်ဆောင်မှု ရုံးမှ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ပြည်သူ့ဝန်ဆောင်မှုရုံးကြီးကြပ်ရေးမှူး ဒေါ်မီမီလွင်က ''နေပြည်တော်ကောင်စီနယ်မြေ ခရိုင်ရုံးတွေမှာ နိုင်ငံ တော်သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူကိုဝန်ဆောင်မှုပြုရေး၊One Stop Shops ရုံးတွေ ဖွင့်လှစ်ပြီး ဆောင်ရွက် နေတာဖြစ်ပါတယ်။ ဒီပုဗ္ဗသီရိရုံးကတော့ သြဂုတ် ၃၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဝန်ဆောင်မှုတွေပေးလျက်ရှိ ပါတယ်။ ပုဗ္ဗသီရိမြို့ ပြည်သူ့ဝန်ဆောင်မှုရုံးအနေနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီး ဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံး၊ လျှပ်စစ်အင်ဂျင်နီယာရုံး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနဲ့ မီးသတ်ဦးစီးမှူးရုံးဆိုပြီး ဌာနကိုးခုနဲ့ ဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေပါတယ်'' လို့ ပြောပြပါ တယ်။

''အခုလို ဝန်ဆောင်မှုတွေပြုလုပ်ပေးရတဲ့အတွက် ဒေသခံပြည်သူတွေ ကျေနပ်ပြီး စိတ်ချမ်းသာသွားသလို၊ ကိုယ်လုပ်ပေးလိုက်ရတဲ့အတွက် ကိုယ်လည်း စိတ် ချမ်းသာရပါတယ်။ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရတဲ့အတွက် ဝန်ထမ်းအားလုံး တစ်ဦးနဲ့ တစ်ဦး မြင်တွေ့နေရလို့ ဝန်ဆောင်မှုအရည်အသွေး တိုးတက်လာပြီး ဝန်ထမ်းအချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုလည်း ရှိလာပါတယ်။ တစ်နေရာတည်း ဌာနပေါင်းစုံရှိတဲ့အတွက် အချိန်ကုန်လည်း သက်သာ တယ်။ ဒေသခံပြည်သူတွေက ဟိုဌာနသွားလိုက်၊ ဒီဌာနသွားလိုက်နဲ့ ထောက်ခံစာတွေလိုရင်လည်း ပြန်သွားယူစရာမလိုတော့ဘူး။ ဒီကနေ သူလိုတဲ့ဟာကို ရပ်ကွက်ထောက်ခံစာလုပ်ပေးလိုက်ပါပြီဆိုပြီး ဒီကနေ ဆက်သွယ်ပေးလိုက်ရင် သူတို့အတွက် မြန်သွားတာပေါ့။

ဌာနတစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး လုပ်ပေးရတဲ့အတွက် လည်း မြန်တာပေါ့။ ဖြေလျှော့မှုတွေလည်းများလာ ပါတယ်။ အရင်က အဆင့်ဆင့်တွေများတဲ့အတွက် ကြာတာတွေရှိတယ်။ အခုတော့ အဆင့်တွေချုံ့ပြီး ပြုလုပ်ပေးတဲ့အတွက် မြန်ဆန်လာတယ်။ အခုလို ပြုလုပ်ပေးတဲ့အတွက်လည်း ဒေသခံပြည်သူတွေက အစိုးရဌာနတွေဟာ ပြည်သူတွေအတွက် အမှန်တကယ် ဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးနေတယ်ဆိုတာကို သူတို့စိတ်ထဲမှာ သိသွားဖို့လိုပါတယ်။ နောက်ပြီး ဒီလိုမျိုးဌာနတွေကို ယုံကြည်မှုရှိသွားစေချင်ပါတယ်''ဟု ဒေါ်မီမီလွင်က ပြောပြပါတယ်။
ပြည်သူ့ဝန်ဆောင်မှု OSS ရုံးတွေက တစ်နိုင်ငံ လုံးအတိုင်းအတာနှင့် ၈၃ ရုံးရှိပြီး နောက်ပိုင်းမှာ မြို့နယ်အလိုက် OSS ရုံးများဖွင့်လှစ်သွားမယ်လို့ သိရ ပါတယ်။

'' OSS ရုံးကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဖွင့်ဖို့ လူကြီးတွေကလည်း ညွှန်ကြားတယ်။ ပထမအဆင့် အနေနဲ့ ခရိုင်ရုံးစိုက်ရာမြို့တွေမှာဖွင့်လှစ်ဖို့ ညွှန်ကြား တယ်။ နေပြည်တော်ကောင်စီနယ်မြေမှာက ဥတ္တရခရိုင် နဲ့ဒက္ခိဏခရိုင်ဆိုပြီး ခရိုင်နှစ်ခုရှိတယ်။ အခု ဥတ္တရခရိုင် ရုံးစိုက်ရာ ပုဗ္ဗသီရိမြို့မှာ ဖွင့်လှစ်ဖို့အတွက်ကျတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ဖွင့်လှစ်ရမယ်လို့တော့ သတ်မှတ်ထားတာ မဟုတ်ဘူး။ လူစည်ကားရာနေရာ မှာဆိုပြီး ပုဗ္ဗသီရိမြို့နယ်ရုံးကျတော့ လူသိအောင်အထွေ အထူးလုပ်စရာမလိုဘူး။ ဒီရုံးမှာ ဌာန ၂ဝ လောက် အထိ တွဲဖွင့်ထားတယ်။

ကျွန်တော်တို့ရုံးက နေပြည် တော် ဘူတာကြီးနဲ့လည်းနီးတယ်။ မြို့ပေါ်ရပ်ကွက် တွေနဲ့လည်း နီးတယ်။ နောက်ပြီး ဒီမြို့နယ်မှာက ခရိုင်အတွင်းမှာရှိတဲ့ တရားရုံးတို့၊ ဥပဒေရုံးတို့က တွဲဖက်ဖွင့်ထားတဲ့အတွက် ဒီရုံးနဲ့သင့်လျော်တယ်ဆိုပြီး ခရိုင်အုပ်ချုပ်ရေးမှူးတို့ တိုင်းအုပ်ချုပ်ရေးမှူးတို့က ညွှန်ကြားမှုနဲ့ ဒီရုံးမှာဖွင့်လှစ်တာ ဖြစ်ပါတယ်။

'' ဖွင့်တဲ့အခါမှာလည်း ပထမနေ့ဖွင့်ဖွင့်ချင်းမှာပဲ ပြည်သူတွေ လာရောက်ဝန်ဆောင်မှုပြုလုပ်ကြတာတွေ တွေ့ရပါတယ်။ အရင်က ပုံစံ(၆၆) လုပ်မယ်ဆိုရင် လဝကဆီမှာ စာတင်တယ်။ လဝက ကပြီးမှ မြို့နယ် အုပ်ချုပ်ရေးမှူးဆီမှာ ထောက်ခံချက်လာတင်ရတယ်။ ပြီးမှ လဝကရုံးကို တစ်ခါသွား။ ပြီးရင်ထွေ/အုပ်ရုံးကို တစ်ခါလာရတယ်။ လာတဲ့အခါမှာလည်း ရုံးဆိုတော့ စမ်းတဝါးဝါးနဲ့မေးရ။ မေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရှိ ရင် တစ်ခါတည်းလက်မှတ်ထိုးပေးလိုက်တာရှိပေမယ့် မရှိရင်စောင့်နေရတာတွေရှိတယ်။

''အခု OSS ရုံးဖွင့်တဲ့အခါကျတော့ ဒီရုံးခန်း တစ်ခန်းတည်းမှာပဲ လဝကရော၊ ထွေ/အုပ်ရော၊ ရဲရော ရှိတဲ့အတွက် ထောက်ခံချက်ကို အတူတူလုပ်ပေးတော့ တစ်ခါတည်းထိုင်စောင့်ပြီးတော့ ယူသွားလို့ရတယ်။ မှတ်ပုံတင်လိုမျိုးကိုလည်း နေ့ချင်းပြီးလုပ်ပေးနိုင်တယ်။ အချက်အလက်လည်း ပြည့်စုံတယ်။ နိုင်ငံသားလည်း ဖြစ်တယ်။ ပျောက်ဆုံးတို့ ပျက်စီးတို့ဆိုရင်လည်း ချက်ချင်းထုတ်ပေးလို့ရပါတယ်။ တော်တော်များများ လူထုက OSS ရုံးကို စိတ်ဝင်စားတယ်။ တစ်လကို နှစ်ကြိမ်လောက် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ အစည်းအဝေးလုပ်တယ်။

လက်ကမ်းစာစောင်မထုတ်ခင် ကတည်းက OSS ရုံးမှာ ဘယ်လိုဝန်ဆောင်မှုတွေ ပေးနေတယ်ဆိုတာကို ပြောပြရှင်းပြထားတော့ တော်တော်လေးထိရောက်ပါတယ်။
''အဓိကကတော့ OSS ရဲ့ ရည်ရွယ်ချက်တွေအတိုင်း ဒီရုံးမှာ သိသိသာသာပြုလုပ်ပေးနိုင်တဲ့အတွက် ပြည်သူ တွေကလည်း စိတ်ချမ်းသာပါတယ်။ ဌာနပေါင်းစုံ ဒီမှာ စုပြီး လုပ်တဲ့အတွက်ကြောင့် လာဘ်ပေးလာဘ်ယူမှုနဲ့ ငွေရေးကြေးရေးကဏ္ဍတွေ လုံးဝမဖြစ်တော့ဘူး။ ပြည်သူ တွေကလည်း ပွင့်လင်းမြင်သာစွာနဲ့ လိုအပ်တာကို ရယူလို့ရတယ်။ ဌာနဆိုင်ရာကို ထိန်းကျောင်းပြီး ပြုလုပ် ထားတဲ့အတွက် လာဘ်ထိုးပြီး ယူတာတို့မရှိတော့ဘူး'' ဟု ပုဗ္ဗသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုး က ပြောပြပါတယ်။

၎င်းကဆက်လက်ပြီး ပုဗ္ဗသီရိမြို့တွင်ရှိသည့် OSS ရုံး၌ ယခုလက်ရှိ ဌာနကိုးခုဖွင့်ပြီး ဝန်ဆောင်မှုပေး လျက်ရှိကြောင်း၊ OSS ရုံး ကြီးကြပ်ရေးမှူးကိုယ်တိုင် စစ်ဆေးပြီး ပြုလုပ်နေသည့်အတွက် တချို့ပြည်သူများ မသိတာ၊ လိုအပ်တာများကိုမေးလျှင်လည်း ဝန်ဆောင် မှုများပေးနေကြောင်း၊ ယခုဖွင့်လှစ်ထားသည့်ဌာနများ အပြင် တခြားအလုပ်သမားရေးရာအကြောင်း လာမေး လျှင်လည်း ဌာနကလုပ်မပေးနိုင်လျှင်လည်း ပြုလုပ် ပေးတဲ့ ဌာနတွေကို လမ်းညွှန်ပေးကြောင်း၊ အကယ်၍ ပြည်သူ့လိုအပ်ချက်များလာလျှင်လည်း များလာသည့် ဌာနကို တင်ပြ၍ ထပ်မံဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း၊ ခရိုင် အတွင်းတွင် ခရိုင်ရုံး၊ မြို့နယ်ရုံးဆိုက်ရာတွင်ရှိသည့် ခရိုင်ကကြီးကြပ်ပြီး ပြည်သူတွေကို ထဲထဲဝင်ဝင် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အင်တိုက်အားတိုက်နှင့် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်နေပြီး လမ်းညွှန်ချက်နှင့် အညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောပြပါတယ်။

ပြည်သူ့ဝန်ဆောင်မှုရုံးများကို နိုင်ငံတော်သမ္မတ ကြီး၏ လမ်းညွှန်ချက်နှင့် ဗဟိုအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဖွဲ့၊ နေပြည်တော်ကောင်စီအဖွဲ့၊ ခရိုင်၊ မြို့နယ် အဖွဲ့ဆိုပြီး ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ OSS ဗဟိုဝန်ဆောင်မှုအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဗဟိုအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က တွဲဖက်အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ပြည်ထောင်စုအစိုးရရုံးက အဖွဲ့ ဝင် ၁၅ ဦးပါဝင်သည့် ပြည်သူ့ဝန်ဆောင်မှုရုံးများ ထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီကို ဖွဲ့စည်းပေးခဲ့တယ်လို့ သိရပါတယ်။

''ဌာနဆိုင်ရာတွေကို ဆက်သွယ်တဲ့အခါမှာ မြန်မာ နိုင်ငံမှ ပြည်သူလူထုက ဌာနဆိုင်ရာရုံးဆိုရင် တွန့်သွား တာရှိတယ်။ အခုကျတော့ ဒီလိုပြည်သူ့ဝန်ဆောင်မှုရုံးကို ဖွင့်တယ်။ ကျွန်တော်တို့ကလည်း ပြည်သူ့အတွက် OSS ဆိုတဲ့အတိုင်း ဝန်ဆောင်မှုကို နေ့ချင်းပြီးလုပ်လို့ ရတာကိုလုပ်ပေးတယ်။ ဌာနဆိုင်ရာတွေ ပေါင်းစပ်ပြီး ပြည်သူတွေကို နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်မှုနဲ့ အညီ စိတ်ချမ်းမြေ့အောင်ဝန်ဆောင်မှုတွေပေးနေပါ တယ်'' လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပြပါတယ်။

မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူ ၇ဝ ရာခိုင် နှုန်းရှိပြီး ၄င်းတို့အမြင့်ဆုံးသွားရဲသည်က ကျေးရွာ အုပ် ချုပ်ရေးမှူးရုံးလောက်သာရှိကြောင်း၊ ယခုလို ပွင့်လင်း မြင်သာသည့် ခေတ်စနစ်ဖြစ်လာသည့်အတွက် ရုံးများ ကို ဝင်လို့ထွက်လို့ လွယ်အောင်စုံစမ်းပြီး လုပ်နိုင်တဲ့ အတွက် ကျေးလက်နေပြည်သူတွေပါ လာရောက် ဝန်ဆောင်မှုပြုကြတာကို တွေ့ရပါတယ်။

''အရင်တုန်းက ဟိုတစ်ရုံးလည်းမပြီး ဒီတစ်ရုံးလည်း မပြီး သွားရတဲ့အတွက် အချိန်ကုန်တယ်။ လုပ်အားတွေ လည်းဆုံးရှုံးတယ်။ အခုတော့တစ်ခေါက်တည်းနဲ့ အဆင် ပြေတယ်။ ဒီနေရာမှာ ပွဲစားမရှိ တိုက်ရိုက်လုပ်လို့ရတဲ့ အတွက်ကြောင့် အခက်အခဲမရှိဘူး။ ဌာနကိုသွင်းရမယ့် ငွေကလွဲပြီး ဝန်ထမ်းတွေက ပြည်သူတွေကို အခမဲ့ ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။ ပြည်သူ့ဝန်ဆောင်မှုရုံး OSS ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ပြည်သူတို့ရဲ့အခြခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ရာမှာ အဆင် ပြေချောမွေ့စေမယ့် ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေး နိုင်ဖို့၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုတွေကို တားမြစ်ပြီး ထိရောက်တဲ့ဝန်ဆောင်မှုအလေ့အကျင့်တွေ ကို ပြုစုပျိုးထောင်ပေးနိုင်ဖို့၊ ပြည်သူတွေက အစိုးရနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအပေါ် အားကိုးယုံကြည်မှု တိုးပွားလာစေဖို့၊ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း တွေ၊ ဦးစီးဌာနတွေအလိုက် အပြန်အလှန်ထိန်းကျောင်း နိုင်ရေး အထောက်အကူပြုနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက် လေးရပ်နဲ့အညီ ခဏတာမဟုတ်ဘဲ အမြဲတမ်း ဝန်ဆောင်မှုတွေပြုလုပ်ပေးပြီး ထပ်မံ၍ ပြည်သူတွေ သိအောင်လည်း ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်သွားမှာဖြစ် ပါတယ်''လို့ ဆောင်ရွက်သွားမည့် ပြည်သူ့ဝန်ဆောင် မှုများကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပြပါတယ်။

အိမ်ထောင်စုဇယား ပုံစံ(၁ဝ)ကို အိမ်ထောင်စု ဇယားထိပ်မှာ အိမ်ထောင်ဦးစီးအဖြစ်နဲ့ ရရှိတော့မှာ ဖြစ်တဲ့အတွက် ကိုကျော်ဆန်းဝင်းက ကျေနပ်ဝမ်းသာဖြစ် နေတယ်။ နောက်ပြီး ပြည်သူတွေအတွက် တကယ် ထိရောက်ပြီး အကျိုးရှိတဲ့ ပြည်သူ့ဝန်ဆောင်မှုရုံးတစ်ခု လို့လည်း မှတ်ချက်ချမိပါတယ်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: