Friday, October 23, 2015

စည်းရုံးဟောပြောရာတွင် မဘသအဖွဲ့ကိုထိပါးရှုတ်ချပြောဆိုခဲ့မိသဖြင့် NLD ရပ်ကျေးစည်းရုံးရေးမှူး ဝန်ချတောင်းပန်

စည်းရုံးဟောပြောရာတွင် မဘသအဖွဲ့ကိုထိပါးရှုတ်ချပြောဆိုခဲ့မိသဖြင့် NLD ရပ်ကျေးစည်းရုံးရေးမှူး ဝန်ချတောင်းပန်

NLD ပါတီအောင်နိုင်ရေးအတွက် စည်းရုံးဟောပြောရာတွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့နှင့် သံဃာတော်များကိုထိပါးရှုတ်ချပြောဆိုခဲ့သော မြန်အောင်မြို့နယ်မှ NLD ရပ်ကျေးစည်းရုံးရေးမှူးတစ်ဦးက အောက်တိုဘာ ၂၃ ရက် နေ့ခင်းပိုင်းတွင် သံဃာတော်များကိုဝန်ချတောင်းပန်မည်ဖြစ်ကြောင်းသတင်းရရှိသည်။

NLD ရပ်ကျေးစည်းရုံးရေးမှူး ဦးညွှန့်ရွှေသည် အောက်တိုဘာ ၆ ရက်နံနက်ပိုင်းက အုတ်ပုံကျေးရွာတွင် စည်းရုံးဟောပြောရာ၌ မဘသအဖွဲ့ဝင်များသည် အစိုးရလက်ကိုင်တုတ်များ အကျင့်သိက္ခာမရှိသည့် ဘုန်းကြီးများ ဖြစ်ကြောင်း၊ ဘာသာရေးနှင့်မဆိုင်သည့်ကိစ္စများတွင် ဝင်စွက်နေကြောင်း၊ မဘသ ဘုန်းတော်ကြီးများကအမျိုးဘာသာသာသနာကိုမစောင့်ရှောက်သူများကိုမဲမပေးရန် ဟောပြောခြင်းသည် NLD မဲမပေးနှင့်ဟုဆိုခြင်းပင်ဖြစ်ကြောင်း၊ မဘသဘုန်းကြီးများကိုဆွမ်းမလောင်းပဲ သပိတ်မှောက်ရမည် ဖြစ်ကြောင်းဟောပြောခဲ့ပြီး ၄င်း၏ဟောပြောမှုများသည် မှားယွင်းကြောင်းသိမြင်လာ၍ ဝန်ချတောင်းပန်ခြင်းဖြစ်ကြောင်းသိရှိရသည်။

မြန်အောင်မြို့နယ် မဘသအဖွဲ့ဝင် ဆရာတော် တစ်ပါးက “ဒကာဦးညွှန့်ရွှေကဘုရားမှန်းတရားမှန်းသိတတ် တဲ့သူပါ။ NLD ရပ်ကျေးစည်းမှူးဖြစ်သွားကတည်းကဘယ်လိုဖြစ်သွားမှန်းမသိ။ NLD ကိုထောက်ခံဖို့ ဟောတဲ့ ဘုန်းကြီးကလွဲရင် ကျန်တဲ့ဘုန်းကြီးတွေအကုန်လုံးဘုန်းကြီးအတုတွေ၊ အစိုးရလက်ကိုင်တုတ်တွေလို့ ဖြစ်သွားတယ်။ မဘသဦးဆောင်ဆရာတော်ကြီးတွေဟာတကယ်ကိုအကျင့်သိက္ခာနဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးတွေပါ ဆိုတာအထောက်အထားနဲ့ပြ၊ ပြီးတော့ မျိုးစောင့်ဥပဒေတွေဟာ တကယ်လိုအပ်ပါတယ် ဆိုတာ ရှင်းပြ၊ ကိုယ့် သား၊ သမီး၊ မြေးမြစ်တွေ နေရာမှာကိုယ်ချင်းစာပြီးစဉ်းစားကြည့်လို့ တော်တော် နားချယူလိုက်ရတယ်။ အခုတော့ မှားမှန်းသိပြီးသူ့အမှားကိုဆရာတော်သံဃာတော်များကို ဝန်ချတောင်းပန် မယ်ဆိုတော့ အမှားကိုအမှားမှန်းသိတာလည်းမင်္ဂလာတစ်ပါးပါ”ဟုမိန့်ကြားခဲ့သည်။

မြန်အောင်မြို့မှ ဦးတင်ညွန့်က “ကိုညွန့်ရွှေတို့ ဟောတာပြောတာကတော်တော်ဆိုးတယ်ဗျ၊ ကျွန်တော် ပါးစပ်ကကို ပြန်ပြောမထွက်ဘူး။ မျိုးစောင့်ဥပဒေတွေနဲ့ပတ်သက်ပြီးမဘသဆရာတော်တွေကိုပြောတာအတော် ပက်ပက်စက်စက်ပဲ။ အခုတော့ သူ့အမှားသူသိပြီးတောင်းပန်တာကောင်းပါတယ်။ အမှားကိုအမှားမှန်းမသိပဲ ဆက်မိုက်နေတဲ့သူတွေကတော့ သေမှ နောင်တရရင် မမှီတော့ဘူး၊ ကိုညွှန့်ရွှေလိုစောစောစီးစီး အသိတရား ရကြပါလို့ ပြောချင်ပါတယ်။ NLD ပါတီကသာသနာတော်ကိုစော်ကားတာ၊ သံဃာတွေကိုစော်ကားတာ များလှပြီ။ အခုခေတ်မှာတင် ဒီလိုစော်ကားခဲ့တာတွေအတွက် ပြန်ခံရမှာပါ” ဟုဆိုသည်။

NLD ပါတီဝင်များအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ နှင့် အခြားပါတီများကို ပုတ်ခတ် စော်ကားခြင်းမပြုရန် ညွန်ကြားထားခြင်း ရှိ/မရှိ မြန်အောင်မြို့နယ် NLD အောင်နိုင်ရေးအဖွဲ့ဝင်တစ်ဦးအား မေးမြန်းခဲ့ရာ မှတ်ချက်တစ်စုံတစ်ရာပေးရန်မရှိဟု ဆိုပါသည်။

No comments: