Saturday, October 24, 2015

ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ၊ ဗိုလ်ချုပ်ဟောင်းနှင့် ခရီုနီတို့၏ ဖားကန့်ကျောက်စိမ်းတွင်းများ မြန်မာ့သမိုင်းတွင် အကြီးမားဆုံးသယံဇာတဓားပြမှု အဖြစ် အမည်တပ်ခံရ

ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ၊ ဗိုလ်ချုပ်ဟောင်းနှင့် ခရီုနီတို့၏ ဖားကန့်ကျောက်စိမ်းတွင်းများ မြန်မာ့သမိုင်းတွင် အကြီးမားဆုံးသယံဇာတဓားပြမှု အဖြစ် အမည်တပ်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၂၃

ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ၏ မိသားစုဝင်များ၊ ဗိုလ်ချုပ်ဟောင်းများနှင့် ထိပ်တန်းခရိုနီများ၏ ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများမှာ မြန်မာ့ခေတ်သစ်သမိုင်းတွင် အကြီးမားဆုံးသယံဇာတဓားပြမှုကြီးဖြစ်ကြောင်းလန်ဒန်မြို့အခြေစိုက် Global Witness က အစီရင်ခံစာတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာတပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများပါဝင်ပတ်သက်နေသည့် အဆိုပါကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများသည် ပွင့်လင်းမြင်သာမှုမရှိပြီးနေပြီးကျောက်စိမ်းမှရရှိသည့် ငွေကြေးသန်းပေါင်းများစွာမည်ကဲ့သို့ အသုံးချနေကြောင်းလည်းသိရှိရခြင်းမရှိကြောင်း ‘နိုင်ငံတော် မဟာ လျှို့ဝှက်ချက်ကြီး’ (Big State Secret) အမည်ရအဆိုပါ အစီရင်ခံစာတွင် ပါရှိသည်။

တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံများနှင့် ပြည်တွင်းရှိကျောက်စိမ်းလုပ်ငန်းများနှင့် ပတ်သက်ဆက်နွယ်သူပေါင်းလေးရာကျော်ကိုတွေ့ဆုံမေးမြန်းမှုများနှင့် အစိုးရနှင့် သက်ဆိုင်ရာကုမ္ပဏီများထံမှ ရရှိသည့် အချက်အလက်များကိုတစ်နှစ်ကြာလေ့လာကာယင်းအစီရင်ခံစာကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လေ့လာတွေ့ရှိချက်များအရ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းတွင်ပင် ကျောက်စိမ်းရောင်းချမှုမှရသည့်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံမှ ၃၁ ဘီလီယံအကြားရှိမည်ဟုခန့်မှန်းရကြောင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းပမာဏသည် ကျန်းမာရေးကဏ္ဍအတွက် သုံးစွဲသည့် အစိုးရ၏အသုံးစရိတ်ထက် ၄၆ ဆ ပိုမိုများပြားပြီးတစ်နိုင်ငံလုံး၏ တရားဝင် အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ထက်ဝက်နီးပါး(၄၈ ရာခိုင်နှုန်း) ဖြစ်သည်။

အဆိုပါ အစီရင်ခံစာအရဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ၏ ကုမ္ပဏီ နှစ်ခုအပါအဝင် ၎င်းနှင့် နီးစပ်သူများ၊ ယခင် ကချင်ပြည်နယ်တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့ပြီးလက်ရှိမွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အထွေထွေအတွင်းရေးမှူးဟောင်းနှင့် ဗိုလ်ချုပ်ဟောင်းဦးမောင်မောင်သိမ်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာနဒုတိယဝန်ကြီး၊ ဗိုလ်မှူးချုပ်ဟောင်းဦးဘုန်းဆွေနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနဒုတိယဝန်ကြီး၊ ကာကွယ်ရေးပစ္စည်းဝယ်ယူရေးဌာန၏ ညွှန်ကြားရေးမှူးဟောင်းဖြစ်သူဗိုလ်ချုပ်(ငြိမ်း) ဦးဝင်းသန်းတို့လည်းကျောက်စိမ်းအရောင်းအဝယ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်းသိရသည်။

ကျောက်စိမ်းလုပ်ငန်းအများစု၏ နောက်ကွယ်တွင် ယခင် စစ်ဗိုလ်ချုပ်ဟောင်းများ၊ လက်ရှိတပ်မတော်ပိုင် ကုမ္ပဏီများ၊ အစိုးရနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် လက်နက်ကိုင်အဖွဲ့အစည်းများကပါဝင်ပတ်သက်နေကြောင်းတွေ့ရှိရကြောင်း Global Witness ၏
အာရှဒေသဒါရိုက်တာMr.Mike Davis က ပြောဆိုသည်။

သို့သော် မည်သည့်ကုမ္ပဏီကကျောက်စိမ်းလုပ်ကွက်ပေါင်းမည်မျှကိုလုပ်ပိုင်ခွင့်ရရှိနေကြောင်းကိုမူအသေးစိတ်သိရှိရခြင်းမရှိကြောင်းထပ်မံပြောဆိုသည်။

“ဒီအချက်အလက်တွေက ကျွန်တော်တို့လက်လှမ်းမီနိုင်တဲ့ ကိန်းဂဏန်းအချက်အလက်တွေလည်းမဟုတ်ပါဘူး၊ ဆိုတဲ့အခါမှာကျောက်စိမ်းကဏ္ဍက နိုင်ငံတော်လျှို့ဝှက်ချက်အနေနဲ့ ကျန်ရှိနေတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အစီရင်ခံပါ ကုမ္ပဏီများစာရင်းတွင် Ever Winner၊ ဦးသန်းရွှေမိသားစုပိုင်ဆိုင်သည်ဟုယုံကြည်ရသော ကြိုင်၊ မြန်မာတကောင်း၊ မြန်မာတပ်မတော်ပိုင် MEC၊ ဦးပိုင်၊ ဦးမောင်မောင်သိမ်းနှင့် ဆက်စပ်သည့် မြယမုံစသည် တို့ကဲ့သို့သောလုပ်ငန်းများ ပါဝင်သည်။

ကုမ္ပဏီစာရင်း ၎င်းတို့တွင် ရှိသော်လည်းအထက်ပါ ဗိုလ်ချုပ်ဟောင်းများ၏ အမည်ဖြင့် ကုမ္ပဏ်ီများမရှိကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွှန့်သိန်းကThe Voice သို့ ပြောသည်။

“ဘယ်ကုမ္ပဏီတွေလည်းဆိုတာစာရင်းတွေရှိတယ်။ ခင်ဗျားတို့ပြောသလို ကျွန်တော်ကိုမေးရင် သူတို့တပ်ထားတဲ့ (အစီရင်ခံစာပါ ခရိုနီနှင့် ဗိုလ်ချုပ်ဟောင်းများ) နာမည်တွေ မပါဘူး။ မပါတာကိုဘယ်အသိနဲ့ ကျွန်တော်ကပြောလို့မရပါ့မလဲဗျာ”ဟုအစီရင်ခံစာပါ တပ်မတော် အကြီးအကဲဟောင်းများ၏ လုပ်ငန်းများနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားသည်။

ယင်းသို့သောစာရင်းရှိကုမ္ပဏီများ၏ နောက်ကွယ်တွင် ပါရှိသောပုဂိုလ်များကို Global Witness က ဖွင့်ချထားပြီးအင်အားကြီးပုဂ္ဂိုလ်များနှင့် ရာထူးကြီးအရာရှိများ နှင့် ချိတ်ဆက်ထားသောကုမ္ပဏီများကိုမျက်နှာသာပေးကာဗဟိုထိန်းချုပ်စနစ်ဖြင့်ချထားပေးကြောင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနောက်တစ်ဆင့်အတွက်အရေးပါကြောင်းမှန်းဆနေကြသည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နှစ်ပတ်နီးပါးအလိုတွင် အစီရင်ခံစာကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ရေးထိုးနိုင်ခံခြင်း၊ သယံဇာတတူးဖော်ရေးလုပ်ငန်းများပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) တွင် ပါဝင်ပြီး နိုင်ငံတကာ၏ အသိအမှတ်ပြုမှု ပုံရိပ်ကောင်းရရှိရန် အစိုးရကြိုးပမ်းနေစဉ် အင်္ဂလိပ်ဘာသာဖြင့် စာမျက်နှာ ၁၂၀ ကျော်ရေးသားသောယင်းအစီရင်ခံစာထွက်ပေါ်လာခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲမဲဆွယ်ချိန်မှာသူတို့ကို အချိန်မီဗုံးပေါက်ကွဲလိုက်တဲ့ သဘောလိုဖြစ်သွားတယ်။သူတို့ ဂုဏ်သိက္ခာ ၊ ပါဝင်ပတ်သက်မှု ၊ လေးစားမှုများလျော့ကျသွားနိုင်တယ်။ အရှက်သိက္ခာအကျိုးစီးပွားဖော်ထုတ်လိုက်တော့ တော်တော်လေးကတော့စဉ်းစားရမယ် ။ နိုင်ငံတကာကလည်းစဉ်းစားရမယ့် အနေအထားတစ်ခု အပါအဝင် ကျွန်တော်တို့ ပြည်သူအပါအဝင် တစ်စုံတစ်ခုထိအရင်ကတည်းကယုံကြည်မှုနည်းနေတာကအခုလိုထုတ်ပြန်ချက် ထွက်လာတာကတော်တော်လေးယုံကြည်မှု ကင်းမဲ့လာနိုင်တဲ့ အခြေအနေကိုဖော်ထုတ်နိုင်လိုက်တယ်”ဟု EITI လုပ်ငန်းဖော်ဆောင်နေသောသုံးပွင့်ဆိုင် ညွှန်ပေါင်းအဖွဲ့ (MSG) အဖွဲ့ဝင် ဦးဝမ်အောင်က ဆိုသည်။

ကျောက်စိမ်းတွင်းများနှင့် တိုင်းရင်းသားပဋိပက္ခသည် ဆက်နွယ်မှုရှိနေပြီးအစိုးရတပ်မတော်သာမက KIA/KIO ၏ ဝင်ငွေအဓိကအားထားရခြင်းကြောင့် ကျောက်စိမ်းမှဝင်ငွေများကိုထိန်းချုပ်နိုင်ရန် တိုက်ပွဲဆင်နွဲခြင်းသည် နှစ်ဖက်စလုံးအတွက် မဟာဗျူဟာကျသည့် ဦးစားပေးမှုဖြစ်ကြောင်းလည်းအစီရင်ခံစာတွင် ပါရှိသည်။

မြန်မာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကူအညီပေးနေသော နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများအနေနှင့်လည်း မြန်မာအာဏာရှင်တို့၏ ငွေဝင်ပေါက်ကြီးဖြစ်သောကျောက်စိမ်းကဏ္ဍကိုအာရုံစိုက်ရန် အလွန်အရေးကြီးကြောင်း ယင်းတွင် ဖော်ပြထားသည်။



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: