NLD ရွေးကောက်ပွဲအောင်နိုင်ရေးမဘသ နှောင့်ယှက်နေဟု NLD နာယကဦးတင်ဦးပြောကြားချက်သည် တာဝန်မဲ့ပြီးအမျိုး၊ ဘာသာ၊ သာသနာကိုပျက်စီးရာပျက်စီးကြောင်းလုပ်ရပ်ဖြစ်သည်ဟုမဘသ(ဗဟို) ကြေညာချက်ထုတ်
NLD ပါတီဗဟိုအောင်နိုင်ရေးဥက္ကဋ္ဌ ဦးတင်ဦးကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ရွေးကောက်ပွဲအောင်နိုင်ရေးကို အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)က နှောင့်ယှက်လျက်ရှိကြောင်းပြောကြားခဲ့သည့် သတင်းများပြန့်နှံ့နေကြောင်း၊ ထိုပြောကြားချက်အမှန်ဖြစ်ပါကNLD ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦး အနေဖြင့် တာဝန်မဲ့ လက်လွတ်စပယ် ပြောကြားမှုမျိုးဖြစ်သည်ဟုလည်းကောင်း၊ အမျိုး၊ ဘာသာ၊သာသနာစောင့်ရှောက်ရေး လုပ်ရပ်ကိုပျက်စီးရာ ၊ ပျက်စီးကြောင်းလုပ်ရပ်ဖြစ်သည် ဟုလည်းကောင်း မှတ်ယူကြောင်း အမျိုး၊ဘာသာ၊သာသနာ စောင့်ရှောက်ရေး (မ.ဘ.သ-ဗဟို)ကစက်တင်ဘာ ၂၃ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့သည် ။
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ NLD ဗဟိုအောင်နိုင်ရေးရုံးတွင် စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် NLD ပါတီနာယကဖြစ်ပြီးဗဟိုအောင်နိုင်ရေးဥက္ကဋ္ဌလည်း ဖြစ်သူဦးတင်ဦးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်ပြီးဧရာဝတီသတင်းဌာနနှင့် အွန်လိုင်းသတင်းဌာနအများအပြားကဖော်ပြခဲ့သော်လည်းသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် အချို့သတင်းဌာနများမှာ ထိုသတင်းကိုဖျောက်ထားခဲ့ကြသည်။
မဘသဦးဆောင် ဆရာတော်တပါးဖြစ်သူ မန္တလေး မြို့ မစိုးရိမ်တိုက်သစ်မှ နာယက ဆရာတော်ဦးဝီရသူက ဧရာဝတီသတင်းဌာနအင်တာဗျူးတွင် မဘသအနေဖြင့် ဘယ်ပါတီကိုမဲပေးပါ ၊ ဘယ်ပါတီကိုမဲမပေးပါနဲ့ဟု မပြောကြောင်း။ အချစ်တရား၊ အမုန်းတရား၊ အကြောက်တရားနဲ့ မသိတရားများကိုရှောင်ရှားပြီးကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် ယုံကြည်စိတ်ချ အားကိုးထိုက်သည့်လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံသည့် အမတ်လောင်းများကိုပါတီစွဲပုဂ္ဂိုလ်စွဲမထားဘဲရွေးချယ်ကြရန်တိုက်တွန်းခြင်းသာဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
မဘသအဖွဲ့ဝင် ဆရာတော် ဦးဓမ္မဝိလာသက “ဧရာဝတီအင်တာဗျူးမှာ ဆရာတော် ဝီရသူမိန့်သွားတဲ့အတိုင်းပါပဲ၊ ဦးပဉ္စင်းတို့ တိုက်တွန်းနေတာက ပါတီစွဲပုဂ္ဂိုလ်စွဲမထားနဲ့၊ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် ယုံကြည်စိတ်ချ အားကိုးရမယ့်အရည်အချင်းရှိတဲ့အမတ်လောင်းတွေကိုရွေးဖို့ပဲတိုက်တွန်းနေတာပါ။ ဒါကို ဒကာကြီး ဦးတင်ဦးက NLD ရွေးကောက်ပွဲအောင်နိုင်ရေးကို မဘသကနှောင့်ယှက်နေပါတယ်ဆိုတော့ NLD အမတ်လောင်း တွေက ဘာသာ၊ သာသနာအတွက် ယုံကြည်စိတ်ချ အားကိုးထိုက်သူတွေမဟုတ်ဘူး။ အရည်အချင်းရှိတဲ့ သူတွေ မဟုတ်ဖူးလို့ ဆိုလိုပုံရတယ်။ NLD နာယကကိုယ်တိုင်က ဒီလိုမျိုးပြောတယ်ဆိုတော့ ဒကာကြီးတို့စဉ်းစားကြပေါ့ ”ဟု မိန့်ကြားခဲ့သည်။
“ဗုဒ္ဓဘာသာဟာသိပ္ပံနည်းကျ ဘာသာတရားပါ။ ဘုရားရှင်ကကိုယ်တိုင်စဉ်းစား၊ ကိုယ်တိုင်သုံးသပ်၊ ကိုယ်တိုင် ဆင်ခြင်ပြီးမှ လက်ခံဖို့ လမ်းပြသွားခဲ့တာပါ။ NLD အနေနဲ့ အခွင့်အရေးတွေ အများကြီးရခဲ့ပါတယ်။ ဒေါ်စု လာကန်တော့တဲ့အချိန် အင်းစိန် ဆရာတော်ဘုရားကြီးက ကတိတောင်းခဲ့ပါတယ်။ အဲဒီတုန်းက NLD ပါတီက ဦးမင်းသူက သံဃာတွေကိုအစွန်းရောက်အယာတိုလာနဲ့ နှိုင်းပြီးပြောခဲ့တာကိုလာပြီးတောင်းပန်တာပါ။ အဲဒီနေ့က ဒေါ်စုမွေးနေ့လည်း ဖြစ်နေတော့ မျိုးစောင့်ဥပဒေလေးခု ပြဌာန်းနိုင်ဖို့ ကူညီပါ့မယ် ဆိုတဲ့ ကတိတောင်းခဲ့တာ။ ဒေါ်စုကကတိပေးမသွားခဲ့တဲ့အပြင် လွှတ်တော်ထဲမှာ NLD ပါတီဝင်တွေက အပြင်းအထန် ကန့်ကွက်ခဲ့တယ်။ ဒီမတိုင်မီကလည်းလူ့အခွင့်အရေးအဖွဲ့အစည်းတွေကိုလွှတ်တော်မှာခေါ်တွေ့ပြီးဒီဥပဒေလေးခုကိုဆန့်ကျင်ဖို့၊ နိုင်ငံတကာလူ့အခွင့် အရေးအဖွဲ့အစည်းတွေဆီသတင်းတွေပေးဖို့ ဒေါ်စုကိုယ်တိုင် ပြောခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာ ပါခဲ့တဲ့ ဒကာမကြီးတစ်ယောက်ဆီကအတိအကျ ကြားခဲ့ရတာပါ။ NLD ပါတီက မျိုးရန်နောင်သိမ်း ဆိုတဲ့သူက ပြည်နယ် တိုင်းအားလုံးက NLD ပါတီဝင်တွေကို ညွှန်ကြားချက် ထုတ်တဲ့ အထဲမှာဘုန်းကြီးတို့ မဘသရဲ့ လှုပ်ရှားမှုတွေကိုစောင့်ကြည့်ပြီးလူထုအကြားထောက်ခံမှုကျဆင်းလာအောင် လုပ်ဖို့ ပါပါတယ်။ အမေရိကန်နဲ့ အင်္ဂလိပ်တွေကိုအားကိုးပြီး ဦးဝီရသူကို ကမ္ဘာကအစွန်းရောက်လို့ ထင်မြင်ယူဆလာအောင် OIC နဲ့ ပေါင်းပြီးလုပ်ခဲ့တာတွေ ဘုန်းကြီးတို့ သိပါတယ်။ ဒေါ်စုနားမှာအနီးကပ် အကြံပေးမျက်နှာဖြူတွေက နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ပြီးဘုန်းကြီးတို့ ဘာသာတရားကို အားလုံးက မျက်မုန်းကျိုးလာအောင် လုပ်ခဲ့ပါတယ်။ အင်တာနက်တွေမှာလည်း NLD ထောက်ခံသူတွေက ဘာသာသာသနာညိုနွမ်းအောင် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ အခုဆိုရင် NLD ပါတီကအကြံပေးဦးကိုနီရဲ့ အစီအစဉ်နဲ့ ရွှေဝါရောင် သံဃာတွေကိုမြှောက်ပင့် ပေးပြီးမဘသကိုတန်ပြန် တိုက်ခိုက်စေခဲ့ပါတယ်။ မဘသဟာသံဃာထုကိုကိုယ်စားပြုပါတယ်။ သံဃာတွေဟာသာသနာတော်ကိုစောင့်ရှောက်နေကြသူတွေပါ။ သံဃာအများထဲမှာအမှားလုပ်တဲ့ တချို့ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် မဘသဆရာတော်အများစုကို လေ့လာကြည့်ပါ လို့ ပြောချင်ပါတယ်။ သံဃာတွေ ဘာဖြစ်လို့ ဒီလိုပြောနေရသလဲ၊ လုပ်နေရသလဲဆိုတာကို ပြည်သူတွေ သေသေချာချာစဉ်းစားကြပါ။ ဘုန်းကြီးပြောတာမျက်စေ့မှိတ်ပြီးယုံခိုင်းနေတာမဟုတ်ပါဘူး။ ကိုယ့်အသိဥာဏ်နဲ့ ကိုယ့်ဘာသာစဉ်းစားကြပါ။ NLD ကိုမကောင်းမပြောပါဘူး။ ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာကိုသေသေချာချာစဉ်းစားကြပါ။ အခု NLD ပြောတာ ဝေဖန်တာတွေကြောင့် နိုင်ငံတကာမီဒီယာတွေ က ဘုန်းကြီးတို့ သာသနာကိုပျစ်ပျစ်နှစ်နှစ် ဝေဖန်လာကြတော့မယ်။ နိုင်ငံကြီးတွေကဘုန်းကြီးတို့ ဘာသာတရားကို ချိုးချိုးဖဲ့ဖဲ့ ပြောလာကြတော့မယ်။ OIC လို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေကဘုန်းကြီးတို့ သံဃာတွေကိုအစွန်းရောက်လို့ စွပ်စွဲလာကြတော့မယ်။ ဒါတွေက NLD နဲ့ အကုန်လုံးချိတ်ဆက်ထားတယ် ဆိုတာဟုတ် မဟုတ် လေ့လာကြည့်ကြပါ။ ရွှေတိဂုံဘုရားကြီးကရွှေတွေကိုအရည်ကြိုပြီးတိုင်းပြည်ထူထောင်ရေးမှာသုံးမယ် လို့ ပြောခဲ့တဲ့ ကွန်မြူနစ်တွေ ခေတ်ကောင်းခဲ့စဉ်ကကွန်မြူနစ် ပြောသမျှ မှိုင်းမိပြီးတိုင်းပြည်ကိုဒုက္ခတွင်းထဲပို့ခဲ့တာတွေ ဒီခေတ် လူငယ်တွေ လေ့လာစေချင်ပါတယ်။ NLD ဟာလည်းဒီလမ်းစဉ်အတိုင်းလိုက်လာနေပြီ ဆိုတာကို သတိကြီးကြီးထားဖို့ လိုပါတယ်။ အခုပြောနေတာကဘင်္ဂလီတွေကိုဒေါ်စုသွင်းတာမဟုတ်ဘူးဆိုတာမျိုးတွေ ငါ့စကား နွားရ ငြင်းနေကြတယ်။ ဒါတွေကခေတ်အဆက်ဆက်ကအမွေဆိုးတွေပါ။ ဒီအမွေဆိုးတွေကို ဘယ်သူကဘယ်လိုဖြေရှင်းမှာလဲဆိုတဲ့အပေါ်မှာဘုန်းကြီးတို့ကထောက်ပြနေတာ။ ယှဉ်ကြည့်လေ။ ရိုဟင်ဂျာမရှိဘူး။ ဒေါ်စုပြောရဲခဲ့သလား။ oicလက်မခံဘူးဆိုတာဒေါ်စုပါးစပ်ကထွက်ခဲ့လို့လား။ လှေစီးခရီးသည်တွေ မြန်မာနိုင်ငံကမဟုတ်ဘူးဆိုတာဒေါ်စုပြောရဲခဲ့သလား။ ၀ှိုက်ကဒ်တွေ ဖျက်သိမ်းတယ် ဆိုတာမျိုးဒေါ်စုလုပ်ရဲလို့လား။ အစိုးရမဖြစ်သေးဘူးဆိုတာနဲ့ လက်ရှိအစိုးရကိုပဲလှီးလွှဲပြောနေတာ။ လွှတ်တော်ထဲမှာ နှစ်ယောက်တစ်ပိုင်းနဲ့ လုပ်ပြနေတဲ့ အမတ်တွေ ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် လည်းမုတ်၊ နိုင်ငံရေးပါတီလည်းမရှိ၊ အမျိုးသားရေးကိုတက်တက်ကြွကြွ လုပ်ကိုင်နေတဲ့ လူငယ်တွေလောက်တောင် ရပ်တည်ချက် မမှန်၊ လုပ်ဆောင်ချက် မပြတ်သားတဲ့ သူတွေ ဒီနိုင်ငံကိုဦးဆောင်မယ် ဆိုရင် ဘာတွေ ဖြစ်လာမလဲဘုန်းကြီးတို့ကစိုးရိမ်တယ်။ အမေရိကန်မှာ မူဆလင်တွေ သမ္မတမဖြစ်နိုင်ဘူး ဒဲ့ကိုပြောနေတာ ကြားကြတယ် မဟုတ်လား။ ဒေါ်စု သားသမီး တွေနေတဲ့ အင်္ဂလန်မှာမူဆလင်တွေကို ၀န်ကြီးချုပ် ပေးနိုင်မလားမေးကြည့်။ မြန်မာနိုင်ငံက ထေရ်ဝါဒ ဗုဒဘာသာ နိုင်ငံပါ။ ထေရ်ဝါဒနော်။ ကမ္ဘာမှာ မြန်မာရယ်၊ သီရိလင်္ကာရယ်၊ ထိုင်းရယ် ဒီသုံးနိုင်ငံပဲကျန်တော့တယ်။ မန္တလေးမှာ သံဃာတစ်သောင်းဆွမ်းလောင်းပွဲတွေ့လိုက်တယ် မဟုတ်လား။ ထိုင်းသံဃာတွေကပြောတယ်။ ထိုင်းနိုင်ငံမှာ သာ မဘသလို၊ အမျိုးသားရေးအင်အားတွေ ထိန်းပေးနိုင်မယ် ဆိုရင် မြန်မာနိုင်ငံလက်အောက် နေရချင် နေရပစေ ဆိုပြီးတော့ကိုပြောတာ။ သူတို့လည်း ကြိုးစားပါ့မယ်၊ ဒါပေမယ့် ခေါင်းဆောင်တွေပေါ်မှာမူတည်တယ် ဆိုပြီး ပြောသွားတယ်။ ကိုယ့် သာသနာကိုကိုယ်မှ မစောင့်ရှောက်ခဲ့ရင် နောင်တစ်ချိန် သာသနာပျောက်ကွယ်သွားမှာပေါ့ ” ဟု ဆရာတော်က ဆက်လက် မိန့်ကြားခဲ့သည်။
မဘသ(ဗဟို)၏ ကြေညာချက်တွင် မဘသအဖွဲ့ကြီးသည် အမျိုးသားရေး၊ ဘာသာရေး၊ သာသာနာရေးအတွက်သာ ဆောင်ရွက်နေခြင်းဖြစ်ပြီးမည်သည့်အစိုးရ၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ပါတီ၏ သြဇာခံမျှ မဟုတ်ကြောင်း ဖော်ပြထားသည်။
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment