Tuesday, September 15, 2015

လယ်ယာလုပ်ကိုင်နေသော ဒေသခံရွာသား ၂ ဦးအား KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်

လယ်ယာလုပ်ကိုင်နေသော ဒေသခံရွာသား ၂ ဦးအား KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင် စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ နန့်စီးအင်ကျေးရွာတွင် လယ်ယာလုပ်ကိုင်နေသည့် ဒေသခံရွာသား ၂ ဦးအား KIA တပ်ဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။ ဖြစ်စဉ်မှာ ကာမိုင်းမြို့နယ်၊ နန့်စီးအင်ကျေးရွာသို့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ကျေးရွာအထွက်၌ရှိသော လယ်တောတွင် လယ်ယာလုပ်ကိုင်စားသောက်နေသည့် ဒေသခံရွာသား ၂ဦးအား လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားစဉ် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ယင်းကျေးရွာမှ ရွာသား တစ်ဦးက ပြောပြသည်။ “ရွာထဲကို KIA အဖွဲ့တွေ ဆိုင်ကယ်နဲ့ရောက်လာတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေကို ဆက်ကြေး ငွေနဲ့ ရိက္ခာတွေ လကုန်အပြီး စခန်းကိုလာပေးရမယ်၊ မပေးနိုင်ရင် ရွာသားတွေကို ဖမ်းဆီးအရေးယူမယ်လို့ ပြောပြီးထွက်သွား တယ်၊ ရွာကအထွက်တွင် လယ်တောမှာ လယ်ယာလုပ်ကိုင်နေတဲ့ ဒေသခံရွာသား၂ ယောက်ကိုလည်း လူသစ်အဖြစ် ဖမ်းပြီး ဆိုင်ကယ်နဲ့ခေါ်သွားတယ်၊ ဦးလနန်ကတော့ ဆိုင်ကယ်ပေါ်ကနေခုန်ချပြီးထွက်ပြေးလွတ်မြောက်လာတယ်၊ လူသစ် သင်တန်းတက်ခိုင်းဖို့ လိုက်ဖမ်းနေတာ ဖြစ်မှာပေါ့၊ မိန်းမကတော့ လယ်ထဲမှာ မျက်ရည်စတွေနဲ့ ကျန်ခဲ့တာပေါ့၊ လယ်ယာ လုပ်ကိုင်နေတဲ့ ယောက်ျားသားကို ဖမ်းခေါ်သွားတော့ မိန်းမက လယ်ယာမလုပ်နိုင်ဘဲ နွားတွေဆွဲပြီး ရွာထဲကိုပြန်လာ တယ်၊ ကျန်ရစ်တဲ့မိသားစုတွေကတော့ ဒုက္ခတွေဖြစ်နေရတယ်’’ ဟု ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။ KIA အဖွဲ့၏ လူသစ်အဖြစ် ဖမ်းဆီးခံရသူများမှာ နန့်စီးအင်ကျေးရွာမှ ဦးလနန် ၃၃ နှစ်နှင့် ဦးဒီးရောဂမ် ၂၀ နှစ်တို့ဖြစ်ပြီး ဦးလနန်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောပြပါသည်။ ကချင်ပြည်နယ်ရှိ ကျေးရွာများတွင် KIA တပ်ဖွဲ့၏ လူသစ်အဖြစ် အဓမ္မဖမ်းဆီးခြင်းများကြောင့် ဒေသခံကျေးရွာသားများ သည် ၎င်းတို့နေထိုင်သော ကျေးရွာများမှ မကြာခဏ ထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်နေရကြောင်း သိရသည်။ နော်ဂျာ

No comments: