မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, September 15, 2015
မြောက်ကိုရီးယား၏ ဂြိဟ်တုလွှတ်တင်မှုသည် ပြင်းထန်သည့် ရန်စမှုဖြစ်လာမည်ဟု တောင်ကိုရီးယားသတိပေး
စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၅
ဖြစ်လာနိုင်ခြေရှိသည့် မြောက်ကိုရီးယား၏ တာဝေးပစ်ဒုံးကျည် လွှတ်တင်မှုသည် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုဖြစ်ဖွယ်ရှိနေသဖြင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်သော ပြင်းထန်သည့်ရန်စမှုတစ်ခု ဖြစ်လာလိမ့်မည်ဟု တောင်ကိုရီးယားက စက်တင်ဘာ ၁၅ ရက်တွင် သတိပေးပြောကြားခဲ့သည်။
လာမည့်လတွင် ကျရောက်မည့် မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ (WPK) တည်ထောင်ခဲ့ခြင်း နှစ်၇၀ ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် အစိုးရက ဂြိုဟ်တုတစ်လုံးလွှတ်တင်ရန် စဉ်းစားနေကြောင်း မြောက်ကိုရီးယားအာကာသစီမံကိန်းမှ ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ခဲ့ပြီးနောက် တောင်ကိုရီးယား၏ သတိပေးထွက်ပေါ်လာခြင်း ဖြစ်သည်။
ယခင်ကတည်းက အထီးကျန်ဖြစ်နေသည့် မြောက်ကိုရီးယားသည် တာဝေးဒုံးကျည်ဖြင့် ဂြိုဟ်တုလွှတ်တင်မည့် လုပ်ရပ်ကြောင့် နိုင်ငံတကာပိတ်ဆို့မှုများနှင့် ထပ်မံကြုံတွေ့ရနိုင်ပြီး စိတ်ဝမ်းကွဲနေသည့် ကိုရီးယားနှစ်နိုင်ငံကြားတွင်လည်း တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်သည်။
မြောက်ကိုရီးယားကမူ သူ၏ ဒုံးကျည်ပစ်လွှတ်မှုသည် ကမ္ဘာပတ်လမ်းထဲသို့ ဂြိုဟ်တုများကို ပို့ဆောင်ပေးမည့် ငြိမ်းချမ်းသောအစီအစဉ်သာ ဖြစ်သည်ဟု အခိုင်အမာပြောကြားနေသည်။ သို့သော် အမေရိကန်နှင့် မဟာမိတ်များက မြောက်ကိုရီးယား၏ လုပ်ရပ်ကို အယောင်ဆောင် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုဟု ရှုမြင်နေကြသည်။
သို့သော် မြောက်ကိုရီးယား၏ အဓိကဂြိဟ်တုလွှတ်တင်ရေးစခန်းကို ရိုက်ကူးထားသည့် ဓာတ်ပုံများအရ မြောက်ကိုရီးယားတွင် မကြာမီ ဒုံးကျည်လွှတ်တင်မှုတစ်ခု လုပ်ဆောင်မည့်လှုပ်ရှားမှုများ မရှိသေးကြောင်း အမေရိကန်မှ ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။
မြောက်ကိုရီးယား အမျိုးသားအာကာသဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့၏ စက်တင်ဘာ ၁၄ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင်မူ အစိုးရသည် ဂြိုဟ်တုအသစ်တစ်လုံး ဆောက်လုပ်နေမှု၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု ဖော်ပြခဲ့သည်။ “ WPK ဗဟိုကော်မတီ ဆုံးဖြတ်ထားတဲ့ နေရာနဲ့ အချိန်ကျရောက်ရင် ကောင်းကင်ပေါ်သို့ ဂြိုဟ်တုတွေ အများကြီး ပျံတက်သွားတာကို တစ်ကမ္ဘာလုံးက ရှင်းရှင်းလင်းလင်း မြင်ရမှာ ဖြစ်ပါတယ်” ဟု မြောက်ကိုရီးယား အမျိုးသားအာကာသဖွံ့ဖြိုးရေ ;အာဏာပိုင်အဖွဲ့မှ ဒါရိုက်တာဖြစ်သူက ပြောကြားခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များထဲတွင် မြောက်ကိုရီးယားကို မည်သည့် ပဲ့ထိန်းဒုံးကျည်ကိုမှ စမ်းသပ်ပစ်လွှတ်ခွင့် မပြုထားပေ။ သို့သော် မြောက်ကိုရီးယားသည် ပင်လယ်ထဲသို့ တာတိုပစ် ဒုံးကျည်စမ်းသပ်မှုများ မကြာခဏ ပြုလုပ်နေပြီး အပြစ်ပေးခံရခြင်းလည်း မရှိခဲ့ပေ။ မြောက်ကိုရီးယားသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ က Unha-3 ဒုံးကျည်ဖြင့် ဂြိုဟ်တုလွှတ်တင်မှုတစ်ခုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment