မဲဆန္ဒရှင် သက်သေခံလက်မှတ် ပျောက်ဆုံးသော်လည်း မဲစာရင်းတွင်ပါရှိက အခြားသက်သေခံကတ်တစ်ခုခုပြနိုင်လျှင် မဲပေးနိုင်
=================================================
နေပြည်တော် စက်တင်ဘာ ၂၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် မြန်မာနိုင်ငံဆိုင်ရာ UNDP အကြီးအကဲ Ms. Renata Lok-Dessallien နှင့်အဖွဲ့ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ရာ ကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် UNDP မှ ကူညီဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ကြောင်း နှင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
UNDP အကြီးအကဲမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းကိစ္စ၊ ကြိုတင်မဲ နှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လေ့လာကြည့်ရှုနိုင်မည့် အခြေ အနေ၊ မဲဆန္ဒရှင်သက်သေခံလက်မှတ်ထုတ်ပေးမည့်ကိစ္စ၊ IDPs Camp ၌ ရောက်ရှိနေသူများ မဲပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု ကိစ္စရပ်တို့ကို မေးမြန်းပြီး ရွေးကောက်ပွဲ အတွက် အကူအညီပေးလျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက လွှတ်တော် ကိုယ်စားလှယ်လောင်း စိစစ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်(၃)ရပ်အတွက် ကိုယ်စားလှယ်လောင်းများကို ခရိုင်အဆင့်ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ယူ ဆောင်ရွက်ပြီး အယူခံမှုများကို တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင် အဖွဲ့ခွဲ များမှ ဆုံးဖြတ်အတည်ပြုကြောင်း၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စား လှယ်လောင်းများကိုမူ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများမှ စိစစ် ပြီး အယူခံမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စိစစ်အတည် ပြုကြောင်း၊ စိစစ်ရာတွင် ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ရွေးကောက်ပွဲ ဥပဒေအရစိစစ်ပြီး ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက် များအား ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ စိစစ်ဆောင်ရွက်ပါကြောင်း။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံ သားဖြစ်ခြင်း မဖြစ်ခြင်းအပေါ် စိစစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် လောင်းမှာ ၎င်းမွေးဖွားစဉ်က မိဘနှစ်ပါးသည် နိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး မဖြစ်ပါက ရွေးချယ်ခံပိုင်ခွင့်မရှိကြောင်းကို ဥပဒေတွင်ပြဋ္ဌာန်းထားပါကြောင်း၊ မိဘနှစ်ပါး နိုင်ငံသားဖြစ်ခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်က ခိုင်လုံသောသက်သေအထောက်အထား တင်ပြရမည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသား မဖြစ်ကြောင်းကို တင်ပြရမည်ဖြစ်ကြောင်း၊ ခရိုင်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ဥပဒေနှင့်အညီသာ စိစစ်ဆောင်ရွက် ခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး အား ပြည်နယ်ကော်မရှင်အဖွဲ့ခွဲမှပယ်ချခဲ့၍ ကော်မရှင်သို့ အယူခံခဲ့ခြင်း ကိုစိစစ်ပြီး ရွေးချယ်ခံခွင့်ပြုခဲ့ပါကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၃ အရ ခရိုင်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် ပယ်ချခဲ့ သည့် ၉၆ ဦးကို ဆုံးဖြတ်ချက်မှားယွင်းမှုမရှိစေရန် ပြန်လည်စိစစ်သုံးသပ်ခဲ့ ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၁ဝ၉ ဦးအနက် ၇၅ ဦးသာ ပယ်ချခြင်းခံရသဖြင့် ၁.၂၁ % သာ ဖြစ်ပါကြောင်း။
ကြိုတင်မဲပေးခြင်းကို လေ့လာကြည့်ရှုခွင့်နှင့်စပ်လျဉ်း၍ မဲဆန္ဒနယ် အတွင်းရှိ မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းနှင့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒ ရှင်များ ကြိုတင်မဲပေးခြင်းကို ဥပဒေပြဋ္ဌာန်းချက်များဖြင့် ရှင်းလင်းပြောကြားပြီး ပွင့်လင်းမြင်သာမှုရှိအောင် နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များကို ပြင်ဆင်၍ CSO များ၊ နိုင်ငံရေးပါတီများသို့ချပြပြီး အားနည်းချက်ရှိက အကြံပြုရန် ရယူဆောင်ရွက်ခဲ့ပါကြောင်း၊ ဥပဒေ နည်းဥပဒေများကိုသိရှိပြီး လိုက်နာ၊ အကာအကွယ်ယူပါက ကြိုတင်မဲပေးခြင်းအပေါ် သံသယဖြစ်ဖွယ်မရှိပါ ကြောင်း။
မဲဆန္ဒရှင် သက်သေခံလက်မှတ်ထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ ရေဘေး သင့်ဒေသများသာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲစာရင်းတွင် ပါရှိသူ အားလုံးကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ မဲပေးရာတွင် လွယ်ကူလျင်မြန်စေရန်၊ သက်သေခံကတ်များ ပျောက်ဆုံးပါကလည်း မဲပေးနိုင်ရန်နှင့် နောင်ရွေး ကောက်ပွဲများအတွက် မှန်ကန်သော မဲစာရင်းပြုစုနိုင်ရန် ရည်ရွယ်ချက်(၃)ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မဲဆန္ဒရှင် သက်သေခံလက်မှတ် ပျောက် ဆုံးသော်လည်း မဲစာရင်းတွင်ပါရှိက အခြားသက်သေခံကတ်တစ်ခုခု ပြနိုင် လျှင် မဲပေးနိုင်ကြောင်း။
IDPs Camp များ၌ ရောက်ရှိနေသူများ မဲပေးခွင့်နှင့်စပ်လျဉ်း၍ IDPs Camp များတွင် သက်ဆိုင်ရာ Camp အလိုက် ရောက်ရှိနေသူများ အမည်စာရင်းရှိကြောင်း၊ ၎င်းစာရင်းများအနက် အသက်(၁၈)နှစ်ပြည့်ပြီး သော ဥပဒေအရ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။
(သတင်းစဉ်)
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment