အလေးထားစောင့်ကြည့်လေ့လာအပ်သည့် အာရှအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုဘဏ် ( ဆောင်းပါး )
အာရှအခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံ မှုဘဏ်(Asian Infrastructure Investment Bank-AIIB) နဲ့ပတ်သက်ပြီး စာရေးသူအနေနဲ့ ''အလေးထား စောင့်ကြည့်လေ့လာအပ်သည့် အာရှအခြေခံအဆောက် အအုံဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုဘဏ်'' ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်စောင်ရေးသားခဲ့ပြီး ကြေးမုံသတင်းစာမှာ ၂ဝ၁၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ကနေ ၃ဝ ရက် နေ့အထိ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ တရုတ် နိုင်ငံက ဦးဆောင်ပြီး ဒေါ်လာဘီလီယံ ၁ဝဝ မတည် ရင်းနှီးငွေနဲ့ စတင် တည်ထောင်သွားမယ့် AIIB ဘဏ် တည်ထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးတဲ့ အခမ်းအနားကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာ လ ၂၄ ရက်နေ့က ပေကျင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့ရာမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊AIIB ဘဏ်မှာ ကနဦး တည်ထောင်သူ အဖွဲ့ဝင်အဖြစ် ပါဝင်လိုပါက ၂ဝ၁၅ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံး ထား လျှောက်လွှာတင်သွင်းဖို့သတ်မှတ်ခဲ့ရာမှာ အဖွဲ့ဝင်အဖြစ် နိုင်ငံပေါင်း ၅၇ နိုင်ငံက လျှောက် လွှာတင်သွင်းခဲ့ကြကြောင်း၊ အဲဒီ ၅၇ နိုင်ငံမှာ အာရှ ဒေသက ၃၄ နိုင်ငံ၊ ဥရောပက ၁၈ နိုင်ငံ၊ အာဖရိက ဒေသက ၂ နိုင်ငံ၊ ပင်လယ် သမုဒ္ဒရာကျွန်းနိုင်ငံ ၂ နိုင်ငံ၊ လက်တင်အမေရိကဒေသက ၁ နိုင်ငံတို့ပါဝင်ကြောင်း၊ အမေရိကန်နဲ့ဂျပန်နိုင်ငံတို့ကတော့ ဘဏ်မှာ ပါဝင်ခဲ့ခြင်း မရှိကြောင်း၊ AIIBဘဏ်ဟာ ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်း မှာ စတင်အသက်ဝင်လာဖို့ရှိကြောင်း၊ ဘဏ်ရုံးချုပ်ကို ပေကျင်းမြို့မှာ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ပါတယ်။
အဲဒီဆောင်းပါးရေးသားပြီးနောက်ပိုင်း AIIB ဘဏ်နဲ့ပတ်သက်လို့ ထပ်မံဖြစ်ပေါ်တိုးတက်လာတဲ့ အချက်တွေ၊ AIIB ဘဏ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ အနောက်နိုင်ငံအချို့က ပညာရှင်တွေရဲ့ အမြင်သဘော ထားတွေ ထွက်ပေါ်လာတဲ့အတွက် အခုဒီဆောင်းပါးကို ထပ်မံရေးသားတင်ပြရခြင်းဖြစ်ပါတယ်။
နောက်ဆက်တွဲဖြစ်ပေါ်တိုးတက်မှုများ
အခုဒီဆောင်းပါးမှာ AIIB ဘဏ်တည်ထောင်ရေးနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်မှုနှစ်ခု ကို တင်ပြသွားမှာဖြစ်ပါတယ်။ ပထမတစ်ခုကတော့ AIIB ဘဏ်တည်ထောင်ရေးအတွက် အသက်သွေးကြော ဖြစ်တဲ့ ဘဏ်ရဲ့သင်းဖွဲ့စည်းမျဉ်းကို အဖွဲ့ဝင်နိုင်ငံတွေက အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဒုတိယတစ်ခုကတော့ AIIB ဘဏ်ရဲ့ ပထမဆုံးသောဥက္ကဋ္ဌ ဖြစ်လာမယ့်သူကို အတည်ပြုရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
AIIBဘဏ် စတင်တည်ထောင်ချိန်မှာ အဖွဲ့ဝင် ဖြစ်လာမယ့်နိုင်ငံ(Prospective Founding Members) ၅၇ နိုင်ငံက ကိုယ်စားလှယ်တွေဟာ ၂ဝ၁၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ဝန်ကြီးအဆင့် အထူးအစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ ၅၇ နိုင်ငံအနက် နိုင်ငံ ၅ဝဟာAIIB ဘဏ်တည်ထောင်ရေး သင်းဖွဲ့စည်းမျဉ်းဆိုင်ရာ သဘောတူညီချက်(Articles of Agreement) ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပြည်တွင်းလုပ်ငန်းစဉ်တွေ မပြီးပြတ်သေးလို့ လောလော ဆယ် ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့ ကျန် ၇ နိုင်ငံအတွက်လည်း သဘောတူညီချက်မှာ လက်မှတ် ရေးထိုးနိုင်ဖို့ ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ စောင့်ဆိုင်း ပေးသွားမှာဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ လမှာ ဗှြု ဘဏ်တည်ထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးနောက် အဖွဲ့ဝင် ဖြစ်လာမယ့် နိုင်ငံတွေက စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ ဘဏ်ရဲ့ပဋိညာဉ်စာတမ်း (သို့မဟုတ်) သင်းဖွဲ့စည်းမျဉ်း ဆိုင်ရာသဘောတူညီချက် စာသားတွေရရှိဖို့ ပုံမှန် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
AIIBဘဏ်တည်ထောင်ရေး သင်းဖွဲ့စည်းမျဉ်း ဆိုင်ရာ သဘောတူညီချက်အရ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဘဏ်မှာ မဲပေးပိုင်ခွင့်အနေအထားတွေလည်း ပေါ်ထွက် လာခဲ့ပါတယ်။
မဲပေးပိုင်ခွင့်
AIIB ဘဏ်ရဲ့ သင်းဖွဲ့စည်းမျဉ်း ဆိုင်ရာ သဘော တူညီချက်အရ ဘဏ်ရုံးချုပ်ကို ပေကျင်းမြို့မှာ ဖွင့်လှစ် သွားမှာဖြစ်ပါတယ်။
အာရှဒေသဆိုင်ရာဘဏ်ကြီးတစ်ခု ဖြစ်တာနဲ့အညီ အာရှဒေသတွင်းက နိုင်ငံတွေဟာ ဘဏ်ရဲ့ အစုရှယ်ယာအများစုဖြစ်တဲ့ ၇၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြမှာဖြစ်ပါတယ်။ အစုရှယ်ယာပိုင်ဆိုင်မှုအနေနဲ့ ကြည့်ရင် တရုတ်နိုင်ငံဟာ ရှယ်ယာစုစုပေါင်း ထည့်ဝင် ငွေ ဒေါ်လာ ၂၉.၇၈ ဘီလီယံရှိပြီး စုစုပေါင်းအရင်းအနှီး ရဲ့ ၃ဝ.၃၄ ရာခိုင်နှုန်းရှိပါတယ်။
အိန္ဒိယနိုင်ငံကတော့ ထည့်ဝင်ငွေဒေါ်လာ ၈.၃၇ ဘီလီယံ၊ ရုရှားက ၆.၅၄ ဘီလီယံဒေါ်လာ၊ ဂျာမနီက ၄.၄၈ ဘီလီယံ၊ တောင် ကိုရီးယားက ၃.၇၄ ဘီလီယံနဲ့ သြစတြေးလျနိုင်ငံက ၃.၆၉ ဘီလီယံဒေါ်လာအသီးသီးဖြစ်ပါတယ်။
ရှယ်ယာ ထည့်ဝင်ငွေပမာဏနဲ့ ဘဏ်မှာမဲပေးနိုင်မှုစွမ်းအားကို တွက်ချက်ရင် တရုတ်နိုင်ငံက မဲပေးပိုင်ခွင့် ၂၆.ဝ၆ ရာခိုင်နှုန်းရရှိမှာဖြစ်ပြီး အိန္ဒိယနိုင်ငံက ၇.၅၁ ရာခိုင် နှုန်း၊ ရုရှားနိုင်ငံက ၅.၉၃ ရာခိုင်နှုန်း၊ ဂျာမနီနိုင်ငံက ၄.၁၅ ရာခိုင်နှုန်း၊ တောင်ကိုရီးယားနိုင်ငံက ၃.၅ ရာခိုင် နှုန်းနဲ့ ကျန်အဖွဲ့ဝင်နိုင်ငံတွေက ၅၂.၈၅ ရာခိုင်နှုန်း အသီးသီး ဖြစ်ပါတယ်။
အခုလက်မှတ်ရေးထိုးလိုက်တဲ့ AIIB ဘဏ်ရဲ့ သင်းဖွဲ့စည်းမျဉ်းဆိုင်ရာသဘောတူညီချက်မှာ ဘဏ်ရဲ့ ရည်မှန်းချက်တွေ၊ လုပ်ငန်းမူဝါဒတွေ၊ အုပ်ချုပ်မှုဖွဲ့စည်း ပုံနဲ့ ဆုံးဖြတ်ချက်ချမှတ်ရေးလုပ်ငန်းစဉ်တွေ ပါဝင်ပါ တယ်။
သင်းဖွဲ့စည်းမျဉ်းဆိုင်ရာ သဘောတူညီချက်အရ ဘဏ်ရဲ့ အရေးကြီးဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ စုစုပေါင်းမဲအရေအတွက် ၇၅ ရာခိုင်နှုန်း ရရှိဖို့လိုအပ် တယ်လို့ ဖော်ပြထားတဲ့အတွက် မဲပေးခွင့် ၂၅ ရာခိုင် နှုန်းကျော်ရရှိထားတဲ့ တရုတ်နိုင်ငံဟာ ဘဏ်မှာအရေး ပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အဓိကကျတဲ့နေရာမှာ ရှိလာခဲ့ပါတယ်။ လေ့လာသူအချို့ကတော့ တရုတ် နိုင်ငံဟာ ဘဏ်မှာ ဗီတိုအာဏာသုံးစွဲခွင့်(Right to use veto power) ရရှိသွားတဲ့ သဘောဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
AIIBဘဏ်ရဲ့ ဥက္ကဌရွေးချယ်ရေးနဲ့ပတ်သက်ပြီး AIIB ဘဏ်ရဲ့သင်းဖွဲ့စည်းမျဉ်းအရ အဖွဲ့ဝင်ဖြစ်လာ မယ့်နိုင်ငံတွေဟာ အမည်စာရင်းတင်သွင်းလိုသူရှိရင် ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းဖို့ သတ်မှတ်ခဲ့ပါတယ်။ တရုတ်အစိုးရ ကတော့ သူ့ရဲ့ကိုယ်စားလှယ်လောင်းအဖြစ် ဗှြု ဘဏ် တည်ထောင်ရေးဆိုင်ရာ နိုင်ငံစုံကြားကာလအတွင်း ရေးမှူးချုပ်ရုံး(Multilateral Interim Secretariat) မှာ လက်ရှိ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ကျင်းလီချွန်း(Jin Liqun) ကို တရားဝင်အဆိုပြုခဲ့ပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့က ဂျော်ဂျီယာနိုင်ငံ တီဘလစ်ဇီမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ AIIB ဘဏ်အဖွဲ့ဝင်ဖြစ်လာမယ့်နိုင်ငံများမှ စေ့စပ် ညှိနှိုင်းရေးမှူးများရဲ့အစည်းအဝေးမှာ ဘဏ်ဥက္ကဋ္ဌလောင်း အဖြစ် မစ္စတာကျင်းလီချွန်းကို တညီတညွတ်တည်း အတည်ပြုရွေးချယ်ခဲ့ကြပါတယ်။
မစ္စတာကျင်းလီချွန်းကို အခုနှစ်ကုန်ပိုင်းမှာAIIB ဘဏ်စတင်အသက်ဝင်လာ ပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်မယ့် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်တွေရဲ့ အစည်းအဝေးကနေ ဥက္ကဋ္ဌအဖြစ် အတည်ပြုခန့်အပ်သွားမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု ဘော့စတွန်တက္ကသိုလ်မှာ စီးပွားရေး ဘာသာရပ် လေ့လာသင်ကြားခဲ့တဲ့ မစ္စတာကျင်းလီချွန်း ဟာ တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့မှာလဲ တာဝန်ထမ်းဆောင်ဖူးတဲ့ အတွေ့အကြုံရင့်ကျက်သူတစ်ဦး ဖြစ်ပါတယ်။ အာရှ ဖွံ့ဖြိုးရေးဘဏ်မှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပါတယ်။
AIIBဘဏ်၏ ဖွဲ့စည်းပုံ
အတည်ပြုလိုက် တဲ့ ဘဏ်ရဲ့စည်းမျဉ်းသတ်မှတ် ချက် အရ AIIB ဘဏ်ကို အုပ်ချုပ်ရေးမှူးများဘုတ်အဖွဲ့(Board of Governors)၊ ဒါရိုက်တာဘုတ်အဖွဲ့(Board of Directors) နဲ့ ဘဏ်ဥက္ကဋ္ဌ (သို့မဟုတ်) ဘဏ်စီမံ ခန့်ခွဲမှုအပိုင်းဆိုပြီး သုံးချောင်းထောက်အုပ်ချုပ်မှုစနစ် နဲ့ စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အမြင့်ဆုံးအာဏာရှိတဲ့ အုပ်ချုပ်ရေးမှူးများဘုတ်အဖွဲ့ မှာ အဖွဲ့ဝင်နိုင်ငံတိုင်းက ကိုယ်စားလှယ်တစ်ဦးစီ ပါဝင် ကိုယ်စားပြုမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူးများ ဘုတ်အဖွဲ့ဟာ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ၁၂ ဦးကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
အဲဒီလိုရွေးချယ်ရာမှာ ကိုးဦးဟာ အာရှဒေသတွင်းမှဖြစ်ပြီး ကျန်သုံးဦးကတော့ အာရှဒေသပြင်ပမှ ဖြစ်ပါမယ်။ ဒါရိုက်တာဘုတ်အဖွဲ့ဝင် တွေရဲ့ သက်တမ်းကနှစ်နှစ်ဖြစ်ပါမယ်။ ဒီနေရာမှာ အရေး ကြီးတဲ့အချက်က အုပ်ချုပ်ရေးမှူးများဘုတ်အဖွဲ့ဝင်တွေ ရော၊ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေပါ ပေကျင်းမှာ အမြဲ တမ်းရုံးထိုင်မှာမဟုတ်သလို မည်သည့်လစာမျှလည်း ထုတ်ပေးသွားမှာမဟုတ်ဘူးလို့ သိရှိရပါတယ်။ ဘဏ်မှာ ဥက္ကဋ္ဌတစ်ဦးနဲ့ ဒုတိယဥက္ကဋ္ဌနှစ်ဦး ခန့်အပ်တာဝန် ပေးသွားဖို့ရှိပါတယ်။
AIIB ဘဏ်အပေါ် တရုတ်နိုင်ငံ၏အမြင်
AIIBဘဏ်ကို တည်ထောင်ခြင်းဟာ တရုတ်နိုင်ငံ အတွက်သာမကဘဲ ကျန်ကမ္ဘာ့နိုင်ငံများအတွက်ပါ အကျိုးကျေးဇူးတွေ ရရှိစေမှာဖြစ်တယ်လို့ တရုတ်နိုင်ငံက ထောက်ပြပြောဆိုပါတယ်။ တရုတ်နိုင်ငံက ငွေကြေးကဏ္ဍလေ့လာဆန်းစစ်သူတွေကAIIB ဘဏ်ကနေ တရုတ် နိုင်ငံအတွက်ရရှိလာမယ့် အကျိုးရလဒ် သုံးချက်ရှိကြောင်း သုံးသပ်ကြပါတယ်။
ပထမအချက်က AIIB ဘဏ်ကို တည်ထောင်ခြင်းဟာ ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် တရုတ်နိုင်ငံက ပိုမိုပါဝင်ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်ပါ တယ်။ အမေရိကန်သမ္မတ အိုဘားမားက ၂ဝ၁၄ ခုနှစ် သြဂုတ်လအတွင်း နယူးယောက်တိုင်းမ်စ်သတင်းစာက သတင်းထောက်နဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ''တရုတ် နိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃ဝ လုံးလုံး ကမ္ဘာကြီးရဲ့ ကောင်းကျိုးအတွက် ပါဝင်ဖြည့်ဆည်းခဲ့ခြင်းမရှိဘဲ ရေစုန်မျောပြီး လိုက်နေခဲ့တယ်''လို့ ပြစ်တင်ဝေဖန်ခဲ့ ပါတယ်။ ကမ္ဘာ့စီးပွားရေးစနစ်အတွင်း တရုတ်နိုင်ငံရဲ့ ထဲထဲဝင်ဝင်ပါဝင်လာမှုကို သိနားလည်တဲ့ တရုတ်နိုင်ငံရဲ့ လက်ရှိခေါင်းဆောင်တွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍမှာ ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ AIIB ဘဏ်ဟာ နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ် နိုင်ငံရဲ့ ပါဝင်ကြိုးပမ်းမှုလို့ တရုတ်နိုင်ငံက ခံယူထား ပါတယ်။
စီးပွားရေးအရ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လျက် ရှိတဲ့ အာရှဒေသဟာ ကမ္ဘာ့စီးပွားရေး အတွက် အရေး ပါတဲ့ မောင်းနှင်အားတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် အာရှဒေသမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေး ကို အဟန့်အတားဖြစ်နေတာက အခြေခံအဆောက်အအုံ လိုအပ်ချက်နဲ့ ရန်ပုံငွေလုံလောက်မှုမရှိခြင်းဖြစ်ပါတယ်။ အာရှနိုင်ငံတွေအနေနဲ့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ရန်ပုံငွေအဖွဲ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တွေကနေ ရရှိနေတဲ့ ချေးငွေတွေဟာ သူတို့လိုအပ်ချက်ရဲ့ အစိတ်အပိုင်းတစ် ရပ်သာဖြစ်တာကြောင့် သူတို့အနေနဲ့ အခြားဖြစ်နိုင် ခြေရှိမယ့် နည်းလမ်းတွေကို မျှော်လင့်တောင့်တခဲ့ကြ ပါတယ်။ ဒါကြောင့် AIIB ဘဏ်ဟာ အာရှနိုင်ငံတွေ အတွက် မျှော်လင့်ချက်အသစ်တွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
တက္ကသိုလ် ဟန်စိုးဦး
(ဆက်လက်ဖော်ပြပါမည်)
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment