MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁၉) ယနေ့စတင်မည်
==================================
ရန်ကုန် စက်တင်ဘာ ၂၂
၂ဝ၁၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁၉)ကို စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ကျင်းပသွား မည်ဖြစ်သည်။ MNL ပြိုင်ပွဲမှာ ပုံမှန် စနေ၊ တနင်္ဂနွေနေ့ များတွင်သာ ကျင်းပလေ့ရှိသော်လည်း ရှုံး/ထွက် ဗိုလ်လုပွဲ ရှိနေသောကြောင့် ကြားရက်တွင် ကစားခြင်းဖြစ်သည်။
ပွဲစဉ်(၁၉)အဖြစ် စက်တင်ဘာ ၂၃ ရက်တွင်YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် မကွေးအသင်း၊ ဗထူးကွင်း၌ ရတနာပုံအသင်းနှင့် ဟံသာဝတီအသင်း၊ စက်တင်ဘာ ၂၄ ရက်တွင် အောင်ဆန်းကွင်း၌ ဇွဲကပင်အသင်းနှင့် ကမ္ဘောဇအသင်း၊ သုဝဏ္ဏကွင်း၌ မနောမြေအသင်းနှင့် ရခိုင်အသင်း၊ ကျောက်တိုင်ကွင်း၌ ဧရာဝတီအသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ မုံရွာကွင်း၌ ဇေယျာရွှေမြေ အသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ပွဲစဉ် (၁၈)အပြီးတွင် ရန်ကုန်အသင်းက ၁၇ ပွဲကစား ၄၆ မှတ်ဖြင့် ထိပ်ဆုံး၌ ဦးဆောင်နေပြီး ရတနာပုံ အသင်းက ၁၆ ပွဲကစား ၃၃ မှတ်၊ ကမ္ဘောဇအသင်းက ၁၇ ပွဲကစား ၃၁ မှတ်၊ မကွေးအသင်းနှင့် ဧရာဝတီ အသင်းတို့က ၁၆ ပွဲကစား ၃ဝ မှတ်စီ၊ ချင်းယူနိုက်တက်အသင်းက ၁၇ ပွဲကစား ၁၉ မှတ်၊ ဇေယျာရွှေမြေ အသင်းက ၁၆ ပွဲကစား ၁၇ မှတ်၊ နေပြည်တော်အသင်းက ၁၇ ပွဲကစား ၁၆ မှတ်၊ ဟံသာဝတီအသင်းက ၁၇ ပွဲကစား ၁၅ မှတ်၊ ဇွဲကပင်၊ မနောမြေ နှင့် ရခိုင်အသင်းတို့က ၁၇ ပွဲကစား ၁၄ မှတ်စီ ရရှိထားသည်။
ရန်ကုန်-မကွေး
ဆားဘီးယားနည်းပြ ဂျီဆစ်နှင့် လမ်းခွဲခဲ့အပြီး ဦးတင်မောင်ထွန်းနှင့် ပွဲထွက်လာမည့် ရန်ကုန်အသင်း၏ အနေအထားမှာ စိတ်ဝင်စားစရာ ကောင်းနေသည်။ အမာခံကစားသမား အချို့ မပါဝင်နိုင်သော်လည်း ရန်ကုန် အသင်း၏လူစာရင်းမှာ အင်အား တောင့်တင်းနေဆဲဖြစ်သည်။ မကွေး အသင်းမှာ ယခုနောက်ပိုင်းများတွင် ရလဒ်ပိုင်းကျဆင်းနေသော်လည်း ရန်ကုန်အသင်း၏ နည်းပြအပြောင်း အလဲကို အခွင့်အရေးအဖြစ် ရယူနိုင် ခြင်း ရှိ မရှိကို စောင့်ကြည့်ရမည် ဖြစ်သည်။
ရတနာပုံ-ဟံသာဝတီ
စက်တင်ဘာ ၂၇ ရက်တွင် ရှုံး/ ထွက်ဗိုလ်လုပွဲကစားရမည့် ရတနာပုံ အသင်းမှာ လူစုံအသုံးပြုရန် မသေချာ သေးပေ။ နည်းပြသစ် ဆီမာဂျီ လက်ထက်တွင် ပုံစံကောင်းရရှိနေ သည့် ဟံသာဝတီအသင်းမှာလည်း တန်းဆင်းဇုန်မှ လွတ်မြောက်ရန် အမှတ်ရရှိရေး ကြိုးပမ်းမည်ဖြစ်သည်။ ရတနာပုံအသင်းမှာ အိမ်ကွင်း၌ ကစားရသောကြောင့် အားထည့် ကစားနိုင်ပြီး ပွဲကောင်းတစ်ပွဲ ဖြစ်လာ နိုင်ပေသည်။
မနောမြေ-ရခိုင်
၁၄ မှတ်စီဖြင့် တန်းဆင်းဇုန်ထဲ ကျရောက်နေသည့် မနောမြေနှင့် ရခိုင်အသင်းတို့၏ ထိပ်တိုက်တွေ့ဆုံမှု က အကြိတ်အနယ် ရှိလာနိုင်ပေသည်။ အနိုင်ရသောအသင်းမှာ တန်းဆင်း ဇုန်မှလွတ်ရန် အခြေအနေကောင်း သွားနိုင်ပြီး ခြေစွမ်းပိုင်းအရ ကွာခြားမှု မရှိသောကြောင့် ပြိုင်ဆိုင်မှုပြင်းထန် နိုင်ပေသည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ဖိုးသော်ဇင်
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment