Sunday, September 20, 2015

မဲစာရင်းမပါတာကြောင့် ကော်မရှင်ရုံးခန်းမှာ ရမ်းကားခဲ့တဲ့သူကို အမှုဖွင့် ---------------------------------------

မဲစာရင်းမပါတာကြောင့် ကော်မရှင်ရုံးခန်းမှာ ရမ်းကားခဲ့တဲ့သူကို အမှုဖွင့်
---------------------------------------

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၁ တိုးချဲ့ရပ်ကွက် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ရုံးခန်းမှာ စက်တင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီခွဲလောက်က မဲစာရင်း လာရောက်ကြည့်ရှုတဲ့ အသက် ၄၀ အရွယ် အမျိုးသားက မဲစာရင်းမှာ အမည် မပါတာကြောင့် စိတ်ဆိုးပြီး မဲစာရင်းကပ်ထားတဲ့ ကြော်ငြာသင်ပုန်းတွေကို လက်သီးနဲ့ ထုရိုက်ကာ ကော်မရှင်အဖွဲ့ဝင်တွေကို ညစ်ညစ်ညမ်းညမ်း ဆဲဆိုခဲ့တာကြောင့် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ အဲ့ဒီရပ်ကွက် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အဖွဲ့ထံမှ စုံစမ်းသိရှိရပါတယ်။

“မဲစာရင်းထုတ်ပြန်တဲ့ နှစ်ကြိမ်လုံးမှာ သူ့နာမည်မပါခဲ့လို့ ဒေါသထွက်ပြီး ရုံးခန်းထဲမှာ သောင်းကျန်းသွားတာ၊ သူသောင်းကျန်းချိန်မှာ ရုပ်သံမီဒီယာတစ်ခုက မဲစာရင်းနဲ့ ပတ်သက်ပြီး အင်တာဗျူး လာလုပ်ချိန်ဖြစ်နေတယ်။ ကော်မရှင်အဖွဲ့ဝင်တွေက သူ့ကို ပုံစံ (၃) ပြန်လျှောက်ဖို့ ပြောတာကို မင်းတို့အဖွဲ့ကို အယုံအကြည်မရှိဘူး ပြောပြီး ရုံးထဲက ကြော်ငြာသင်ပုန်းတွေနဲ့ ခုံတွေကို လက်သီးနဲ့ ထိုးခဲ့တာ” လို့ အဲ့ဒီကော်မရှင်အဖွဲ့မှ အဖွဲ့ဝင် ဦးမောင်မောင်သန်းက ပြောပါတယ်။

မဲစာရင်းမပါလို့ စိတ်ဆိုး ဒေါသထွက်ခဲ့သူဟာ ၄၁ တိုးချဲ့ရပ်ကွက် မဟာမြိုင်အိမ်ရာမှာ ဧည့်စာရင်းနဲ့ နေထိုင်တဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးဖြစ်ပြီး ရုံးခန်းအတွင်း ရမ်းကားခဲ့မှုနဲ့ ပတ်သက်လို့ မြို့နယ်ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ အစည်းအဝေး ပြုလုပ်ပြီး အရေးယူဖို့ ဆုံးဖြတ်ခဲ့ပြီးမှ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ အဲ့ဒီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ထံမှ သိရှိရပါတယ်။

“အမှုဖွင့်ပြီး ညနေရောက်တော့ ရပ်ကွက်ထဲက NLD အဖွဲ့ဝင်တစ်ဦးနဲ့ အတူ သူရောက်လာပြီး စိတ်ဆိုးဒေါသထွက်လို့ လုပ်မိတာကို ခွင့်လွှတ်ပါလို့ လာတောင်းပန်တယ်။ ဒါပေမဲ့ အမှုက ဖွင့်ထားပြီးပြီ။ ရဲစခန်းက သူ့ကို အာမခံပေးလိုက်ပေမယ့် ကျန်တဲ့ကိစ္စက တရားရုံးမှာ ဆက်ဖြေရှင်းရတော့မှာပေါ့” လို့ ရပ်ကွက်ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကော်မဝင်တစ်ဦးက ပြောပါတယ်။

အဲ့ဒီ ရမ်းကားခဲ့တဲ့သူကို ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မ ရဲစခန်းမှ (ပ) ၄၆၅/၁၅၊ ပုဒ်မ ၂၉၄/၅၀၀/၄၂၇ နဲ့ အမှုဖွင့်ထားပြီး သူ့ရဲ့ နေအိမ်ကို The Voice က သွားရောက်မေးမြန်းခဲ့ပေမယ့် သူ့မိသားစုမှ ပြန်လည် မဖြေကြားခဲ့ပါဘူး။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: