Sunday, September 20, 2015

နယ်မြေလုံခြုံရေးမရှိသည့်အတွက် ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်တချို့ ရွေးကောက်ပွဲကျင်းပရန် မသေချာသေးဟု ဒေသခံကော်မရှင်အရာရှိပြောဆို

နယ်မြေလုံခြုံရေးမရှိသည့်အတွက် ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်တချို့ ရွေးကောက်ပွဲကျင်းပရန် မသေချာသေးဟု ဒေသခံကော်မရှင်အရာရှိပြောဆို

စက်တင်ဘာလ ၂၀ ရက်၊ ၂၀၁၅

မကြာခင် ၂ဝ၁၅ ရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သော်လည်း ကချင်ပြည်နယ် ဆွမ်ပရာဘွမ်နှင့် ပူတာအိုဒေသများဘက်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် နယ်မြေ လုံခြုံရေးမရှိသည့်အတွက် မဲဆန္ဒနယ်တချို့၌ ရွေးကောက်ပွဲကျင်းပရန် မသေချာကြောင်း သိရသည်။
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်နှင့် ပူတာအိုဒေသဘက်တွင် အစိုးရတပ်မတော်နှင့် KIA တို့တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အခြေခံမဲပေး ခွင့်ရှိသူများစာရင်းကို ကောက်ခံနိုင်ခြင်း မရှိသေးကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ ဆိုသည်။
''ဆွမ်ပရာဘွမ်ဘက်တို့၊ ပူတာအိုဘက်တို့မှာရှိတဲ့ မဲဆန္ဒရှင်စာရင်းကို မကောက်နိုင် သေးဘူး။ ဒါကလဲ နယ်မြေလုံခြုံမှုမရှိတဲ့အတွက်ကြောင့် အမည်စာရင်းကောက်ခံဖို့ ခက်ခဲနေတယ်။ တိုက်ပွဲကလဲ မကြာခဏဖြစ်နေတော့ ဘယ်လိုမှကောက်လို့မရဘူး။ ဒါကြောင့် အဲဒီဘက်မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့က မသေချာဘူး''ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲအဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဦးထွန်း အောင်ခိုင်ကပြောသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲများက ကချင်ပြည်နယ်တွင်တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဆွမ်ပရာဘွမ် မဲဆန္ဒနယ်အမှတ်(၂)နှင့် ပူတာအိုမဲဆန္ဒနယ်အမှတ်(၂)တို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိဘဲ ဖျက်သိမ်းခဲ့ရကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက ပြောသည်။

''အရင်ကမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေရှိတယ်။ အခုလဲ ဒေသတချို့က မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့က မသေချာဘူးဖြစ်နေတယ်။ ဒါကတိုက်ပွဲတွေရှိနေလို့ပဲ။ ဒါကြောင့် ရွေးကောက်ပွဲကာလအတွင်းမှာ တိုက်ပွဲမဖြစ်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအပေါ်မှာ ဆိုးကျိုးတွေဖြစ်လာမယ်။

အခု ကချင်ပြည်နယ်ဘက်က ဂျာရာယန်ရွာတို့ မလိယန်ရွာတို့မှာရှိတဲ့ဒေသခံတွေ မဲပေးလို့မရဘူး။ ဘာကြောင့်လဲဆိုရင် မဲဆန္ဒရှင်စာရင်း ကောက်လို့မရဘူး။ ဒီတော့ သူတို့အတွက်လဲနစ်နာတယ်။ နိုင်ငံရေးပါတီတွေအတွက်လဲ နစ်နာ တယ်။ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက်လဲ ဟန့်တားမှုဖြစ်စေတယ်''ဟုပြောသည်။
လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း မဲဆန္ဒရှင်များစာရင်းကို ကောက်ယူနိုင်ခြင်း မရှိသည့်ဒေသများမှာ ဆွမ်ပရာဘွမ်နှင့် ပူတာအိုဒေသများမှ ဂျာရာယန်၊ မလိယန်၊ လောမိုင် ယန်စသည့်ဒေသများ အပါအဝင် တခြားသောဒေသများတွင်လည်း မဲဆန္ဒရှင်စာရင်းများကို ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပရန်မသေချာသည့် မဲဆန္ဒနယ်များ ရှိနေခြင်း ကြောင့် ထိုမဲဆန္ဒနယ်များကို ရွေးကောက်ပွဲကျင်းပပေးနိုင် ရန်လုပ်ဆောင်ပေးရမည့်တာဝန်သည် အစိုးရမှာရှိပြီး တိုက်ပွဲများရပ်တန့်ရန်အတွက်လည်း အစိုးရမှာသာလျှင်တာ ဝန်အပြည့်ရှိ နေကြောင်း ကချင်ပြည်နယ်မှဝင်ရောက်အရွေးချယ်ခံကြမည့် ကိုယ်စားလှယ်များက ဆိုသည်။ သို့သော် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် အားလုံးကို ဖွင့်ပေးထားပြီး ဖျက်သိမ်းထားခြင်းမရှိ သေးပေ။

By Kachin News



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: