မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, August 17, 2015
ရေဘေးသင့်ငွေကျပ် သိန်း ၃၀၀၀ လှူပြီး ဘဏ်တွေကို ဆက်ကြေးကောက်နေပြန်တဲ့ KIO
ရေဘေးသင့်ငွေကျပ် သိန်း ၃၀၀၀ လှူပြီး ဘဏ်တွေကို ဆက်ကြေးကောက်နေပြန်တဲ့ KIO
17 Aug 2015
မကြာခင်ရက်ပိုင်းတုန်းက ရေဘေးသင့်ပြည်သူတွေအတွက် KIO အဖွဲ့က ငွေကျပ် သိန်း ၃၀၀၀ လှူဒါန်း ခဲ့ပါတယ်။ ဘယ်ကရတဲ့ ငွေတွေနဲ့လှူတာလဲ၊ အလှူငွေက သန့်ရှင်းရဲ့လားဆိုပြီး ဝေဖန်မှုတွေလည်း ထွက်ပေါ်လာပါတယ်။ တချို့ ကလည်း ရေဘေးသင့်ပြည်သူတွေအတွက် လှူတာဖြစ်တဲ့အတွက် အသိအမှတ်ပြုကြပါ တယ်။ ဒါပေမယ့် အဲဒီလို ငွေကျပ်သိန်း ၃၀၀၀ လှူပြီး ရက်ပိုင်းမှာပဲ KIO က ဘဏ်တွေကို ဆက်ကြေး ကောက်တဲ့ အကြောင်းကြားစာတွေပို့တယ် ဆိုတဲ့ သတင်းကြားလိုက်ရပါတယ်။
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ ဘဏ်တွေကို ဆက်ကြေးပေးဖို့ အကြောင်းကြားစာ ပို့တာပါ။ သြဂုတ်လ ၁၅ ရက်နေ့ ရက်စွဲနဲ့ KIO တောင်ပိုင်းတိုင်း၊ အမှတ်(၄)တပ်မဟာမှ တာဝန်မှူးဆိုသူရဲ့ လက်မှတ်လည်း ထိုးထားတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ ရက်စွဲနဲ့ ဆက်ကြေးတောင်းခံရတဲ့ဘဏ်တွေကတော့ ရိုးမဘဏ်၊ဧရာဝတီဘဏ် မြန်မာ့အရှေ့တိုင်းဘဏ်နဲ့ CB ဘဏ်တို့လို့ သိရပါတယ်။ ဘဏ်တွေဟာ တစ်ခါမဟုတ် နှစ်ခါမဟုတ် ဆက်ကြေးငွေတွေ တောင်းခံနေရတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေကြရ တယ်လို့လည်း ပြောဆိုနေကြပါ တယ်။
-
KIO အဖွဲ့ဟာ မူဆယ်မြို့မှာရှိတဲ့ ဘဏ်တွေကို ဆက်ကြေးတောင်းတဲ့ အကြောင်းကြားစာတွေပို့တာ ၄ ကြိမ် ရှိပြီလို့ ဘဏ် ၀န်ထမ်းတွေဆီက သိရပါတယ်။ ၂၀၁၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တုန်းက အာရှစိမ်းလန်းဘဏ်၊ ရိုးမဘဏ်၊ ဧရာဝတီ ဘဏ်၊ CB ဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊မတ်လ ၂၀ ရက်နေ့မှာ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘာ့ရတနာဘဏ် ၊ ကမ္ဘောဇဘဏ် ၊ ဇူလိုင်လ ၁၆ ရက်နေ့မှာ ဧရာဝတီဘဏ်၊ CB ဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ သြဂုတ်လ ၁၅ ရက် နေ့မှာတော့ ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ်၊ မြန်မာ့အရှေ့တိုင်း ဘဏ်တို့ကို ဆက်ကြေးတောင်းတဲ့ အကြောင်းကြားစာတွေ ပို့ခဲတာဖြစ်ပါတယ်။
“ ဘဏ်တွေကို စာပို့တာ သုံးလေးခါ ရှိပါပြီ ၊ ဘဏ်တွေအားလုံးကလည်း KIO တောင်းတဲ့ ဆက်ကြေးငွေကို မပေးကြ ပါဘူး။ဒီသြဂုတ်လထဲမှာထပ်တောင်းတာပေါ့၊ မပေးရင်ထိရောက်စွာအရေးယူမယ်လို့စာထဲမှာရေးထားတယ်။ ဆက်သွယ် ရမယ့် ဖုန်းနံပါတ် ၂ လုံးလည်း ရေးထားတယ်၊ ဟိုတစ်နေ့ကရေဘေးသင့် ပြည်သူတွေအတွက် KIO က ငွေကျပ်သိန်း ၃၀၀၀ လှူတယ်လို့ကြားတယ်။ သူတို့က စေတနာရှိလို့ လှူတာမှ မဟုတ်တာ၊ ပြီးတော့ သူတို့ ချွေးနည်းစာ နဲ့ရတဲ့ ငွေတွေလည်းမဟုတ်ဘူး၊ ရှင်းရှင်းပြောရရင် အခုလို ဘဏ်တွေကို ဆက်ကြေးကောက်၊ စီးပွားရေး လုပ်ငန်းရှင် တွေကို ဆက်ကြေးကောက်၊ ရွှေမှော်ကျောက်မှော်တွေကို ဆက်ကြေးကောက်လို့ရတဲ့ငွေတွေကိုလှူတာ၊ သူတို့ လှူတဲ့ငွေ တွေကို သုံးရမယ့်ပြည်သူတွေအနေနဲ့လည်း ဘယ်လိုလုပ်လိပ်ပြာသန့်ပါတော့မလဲ” ဟု ဘဏ်ဝန်ထမ်းတစ်ဦးက ပြောပါ တယ်။
KIO အဖွဲ့အနေနဲ့ ရေဘေးသင့်ပြည်သူတွေကို ငွေကျပ်သိန်း ၃၀၀၀ လှူပြီး အခုလို ဆက်ကြေးငွေတွေ ကောက်ယူနေတာ ကတော့ အများအမြင် မသင့်တော်ဘူးလို့ပဲ ပြောချင်ပါတယ်။ တစ်ဖက်မှာ အတင်းအကြပ် ငွေတောင်း၊ တစ်ဖက်ကို ပြန်လှူ ဆိုတာကတော့ ဆင်ခြင်တုံတရားကင်းမဲ့လွန်းတဲ့ လုပ်ရပ်လို့ပဲဆိုချင်ပါတယ်။ KIO ဟာ ဘဏ်တွေကို ဆက်ကြေးတောင်း တယ်ဆိုတာ အကြောင်းကြားစာတွေကို လက်ပူးလက်ကြပ်မိလို့ သက်သေပြနိုင်တာပါ။ လက်ပူးလက်ကြပ်မမိဘဲ KIO လုပ်စားနေတဲ့ တရားမ၀င်လုပ်ငန်းတွေဟာ အများကြီးပါ။ သစ်မှောင်ခို၊ မူးယစ်ဆေးဝါးမှောင်ခို၊ ကျောက်စိမ်းမှောင်ခို တွေကနေ KIO အဖွဲ့ရရှိနေတဲ့ ၀င်ငွေတွေဟာ နှစ်စဉ် ဘီလီယံချီရှိနေတယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။
KIO အဖွဲ့ဟာ မူဆယ်မြို့ပေါ်မှာရှိတဲ့ ဘဏ်တွေကို ဆက်ကြေးကောက်တယ်ဆိုတာ သက်သေခိုင်လုံနေ တာကြောင့် တည်ဆဲဥပဒေတွေအရ အရေးယူရမှာပဲဖြစ်ပါတယ်။ လက်မှတ်ထိုးထားတဲ့ KIO တောင်ပိုင်းတိုင်း၊ အမှတ်(၄)တပ်မဟာက တာဝန်မှူးဆိုတဲ့လူကို တာဝန်ရှိအဖွဲ့အစည်းတွေက ဖမ်းဆီးအရေးယူရမှာပါ။ ဒါပေမယ့် လက်ပူးလက်ကြပ်ဖမ်းဖို့ မလွယ်တာကြောင့် KIO ခေါင်းဆောင်တွေဖြစ်တဲ့ ဇောင်းဟရားနဲ့အင်ဘန်လတို့ကို တာဝန်ယူဖြေရှင်းခိုင်းရမှာ ဖြစ်ပါတယ်။ သူတို့ ငယ်သားတွေရဲ့ အပြစ်ကျူးလွန်နေမှုကို သူတို့ ခေါင်းခံရမှာ ဖြစ်ပါတယ်။ အပစ်ရပ်လက်မှတ်ထိုးမယ့် အဖွဲ့ထဲမှာ ပါဝင်နေတဲ့ KIO အနေနဲ့ အစိုးရဘဏ်တွေနဲ့ ပုဂ္ဂလိက ဘဏ်တွေကို ဆက်ကြေးကောက်ပြီး ရေဘေးအတွက် အလှူငွေ ထည့်တာကတော့ ရှက်စရာအလွန်ကောင်းလှပါတယ်။ လုပ်တဲ့အဖွဲ့က ရှက်မရှက်တော့မသိဘူး။ မြင်ရကြားရတဲ့သူတွေ ကတော့ တော်တော်ရှက်နေကြပါပြီ။
ပြီးတော့ KIO ဟာ ရေဘေးသင့်ပြည်သူတွေကို သိန်း ၃၀၀၀ လှူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကိုယ့်ကချင်လူမျိုး အချင်းချင်း စစ်ဘေးဒုက္ခသည်တွေအတွက် ငွေတစ်ပြားမှ မလှူတဲ့အတွက် ဝေဖန်မှုတွေလည်း ခံနေရပါတယ်။ စေတနာအရင်းခံနဲ့ လှူတာမဟုတ်ဘဲ နိုင်ငံရေးအမြတ်ထုတ်ချင်လို့ လှူတာဆိုပြီး ကချင်ဒုက္ခသည်တွေက အပြစ်တင်နေကြပါတယ်။ KIO လှူတဲ့ အလှူငွေတွေကို အသုံးပြုရမယ့် ရေဘေးသင့်ပြည်သူတွေလည်း တွန့်ဆုတ်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားမ၀င် သစ်၊ မူးယစ်ဆေးဝါး၊ ကျောက်စိမ်းမှောင်ခို လုပ်ငန်းက ရတဲ့ငွေတွေ၊ ဘဏ်၊ ရွှေမှော်၊ ကျောက်မှော်၊ ဒေသခံ ပြည်သူတွေဆီကရတဲ့ ဆက်ကြေးတွေဖြစ်တဲ့အတွက် မသန့်ရှင်းပါဘူး။ ပိုပြီး အရုပ်ဆိုးအကျည်းတန်တာက ရေဘေးသင့် အလှူငွေ သိန်း ၃၀၀၀ လှူပြီးတော့ ဘဏ်တွေကို ဆက်ကြေးကောက်နေပြန်တဲ့ ကိစ္စပါ။ တရားဥပဒေအရ KIO ကို အရေး ယူရမှာဖြစ်သလို ဥပဒေနဲ့မလွတ်ကင်းတဲ့ငွေတွေကိုလည်း ပြည်သူတွေ မသုံးမိပါစေနဲ့လို့သာ ဆန္ဒပြုလိုက်မိပါတယ်။
-
နေဇင်အောင်
နေ့စဉ်သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment