Tuesday, August 18, 2015

ကိုယ့်ကိုယ်ကို သတ်သေရင်

ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံရတယ်ဆိုတဲ့ အယူအဆဟာ မှန်ပါသလား..... ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံရတယ်ဆိုတာ စာပေကျမ်းဂန်တွေမှာ ဖော်ပြထားခြင်း မရှိဘူးလို့ဆိုပါတယ်။ အဖန်ငါးရာ ငါးကမ္ဘာဆိုတဲ့ စကားဟာ ဧကကနိပါတ် မတကဘတ္တ ဇာတ်တော်ကနေလာတဲ့ စကားပါ။ အဲဒီဇာတ်တော်မှာ ဒိသာပါမောက္ခဆရာကြီးတစ်ဦးဟာ သေသူကိုရည်စူးပြီး ဆိတ်တစ်ကောင်ကို သတ်ဖို့ ရေချိုးပေးနေချိန်မှာ အဲဒီဆိတ်ဟာ တပြိုင်တည်းမှာဘဲ ရယ်လည်းရယ်ပြီး/ငိုလည်းငိုတယ်လို့ ဇာတ်တော်မှာဆိုပါတယ်။ ဆရာကြီးက ရယ်ခြင်း/ငိုခြင်းအကြောင်းကို မေးကြည့်တော့ ဆိတ်က... " အကျွနှ်ပ်လည်း အတိတ်ဘ၀တစ်ခုမှာ အခုဆရာကြီးလိုဘဲ ဆိတ်တစ်ကောင်ကို လည်ဖြတ်သတ်ခဲ့မိလို့ အဲဒီအကုသိုလ် ၀ဋ်ကြွေးဟာ ဒီဘ၀အထိ ဘ၀ပေါင်း {၄၉၉}ဘ၀တိုင်တိုင် လည်ဖြတ် အသတ်ခံခဲ့ရကြောင်း ဒီလိုဝဋ်ကြွေးကို နောက်တစ်ဘ၀ဘဲခံပြီးရင် ကုန်ဆုံးတော့မှာ ဖြစ်တာကို တွေးပြီး ၀မ်းသာလို့ရယ်ခြင်းဖြစ်ပါတယ်။ ငိုတာကတော့ အခုအကျွန်ုပ်ကို သတ်မယ့်ဆရာကြီးလည်း ကျွန်ုပ်လိုပဲ ဘ၀ပေါင်းငါးရာ အသတ်ခံရတော့မှာပါလားလို့တွေးပြီး စိတ်မကောင်းဖြစ်မိတဲ့အတွက် ငိုခြင်းဖြစ်ကြောင်း ပြောကြားလိုက် ပါတယ်.....။ ဒီတော့မှာ ဆရာကြီးဟာ ကြောက်လန့်ပြီး ဆိတ်ကိုမသတ်တော့ဘဲ လွှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် အကုသိုလ်ဝဋ်ကြွေးရှိတဲ့ဆိတ်ဟာ တစ်နေရာမှာ မိုးကြိုးထိလွင့်လာတဲ့ ကျောက်ချပ်ထိပြီး လည်ပင်းပြတ်ကာ သေသွားခဲ့ရပါတယ်။ ၀ဋ်ကြွေးပါလာတော့ တစ်ဦးမသတ်လည်း တစ်ခုခုနဲ့ သေသွားရတဲ့သဘောဘဲ ဖြစ်ပါတယ်။ ဒီဇာတ်တော်ကိုပြန်ကြည့်ရင် ဆိတ်ဟာအတိတ်ဘ၀လူဖြစ်စဉ်က ဆိတ်တစ်ကောင်ကို သတ်ခဲ့မိတဲ့ ၀ဋ်ကြွေးကံကြောင့် ဘ၀ပေါင်းငါးရာ တိုင်အောင် အသတ်ခံပြီး သေခဲ့ ရတဲ့အဖြစ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို သတ်သေလို့ အဖန်ငါးရာ ငါးကမ္ဘာ ခံရတာမဟုတ်ပဲ သူများကိုသတ်မိတဲ့ အကုသိုလ်ဝဋ်ကြွေး ကံကြောင့် ဘ၀ပေါင်းများစွာ အသတ်ခံရတဲ့ ဇာတ်တော်လာ အကြောင်းအရာပဲဖြစ်ပါတယ်။ ဒီဇာတ်တော်လာအကြောင်းကို နားစွန်နားဖျားကြားမိရာက ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံရတယ်ဆိုပြီး မြန်မာတွေ အမှတ်လွဲနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.......။ သေချာတာကတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာ အထိ အဲဒီလို ထပ်တူသတ်သေရမယ်ဆိုတဲ့ အယူအဆဟာ လွဲနေတယ်ဆိုတာ အသေချာပဲဖြစ်ပါတယ်....။ ဒီလိုပြောတော့ ကိုယ့်ကိုယ်ကို သတ်သေတာ အဖန်ငါးရာ ငါးကမ္ဘာ ခံရတာမဟုတ်ဘူးဆိုပြီး စိတ်ညစ်ညစ်နဲ့ ကိုယ့်ကိုယ်ကို သတ်သေတာလည်း မလုပ်မိဖို့တော့လိုပါတယ်။ လူအများစုဟာ မဟုတ်တာဆို သိပ်ပြီးအတုယူတတ်ကြတာဆိုတော့ သူများသတ်သေတာတွေကြည့်ပြီး ကိုယ့်ကိုယ်ကို သတ်သေမိမှာစိုးလို့ ပြောရခြင်းပါ။ သေချာစဉ်းစားရမှာက အဲဒီလို စိတ်ညစ်လို့ ကိုယ့်ကိုယ်ကို သူသတ်သေတဲ့ သူတစ်ယောက်ရဲ့ သေခါနီးစိတ်အစဉ်ဟာ ဘယ်လိုမှ ကောင်းတဲ့စိတ်အတွေး မဖြစ်နိုင်တဲ့ အတွက် ဒီစိတ်နဲ့ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ်ဆိုရင် ကောင်းတဲ့ဘုံဘ၀မှာ ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ သူတစ်ပါးကို ကိုယ်ကသတ်တယ် ဆိုရင်တော့ သတ်တဲ့စိတ်စေတနာအတိုင်း ဒီအကုသိုလ်ဝဋ်ကြွေးကိုပြန်လည် ပေးဆပ်ရတတ်ပြီး အကုသိုလ်အပြစ် သိပ်ကြီးရင် ဘ၀ပေါင်းငါးရာ အထိတောင် ခံရတတ်ကြောင်း သတိပြုစေချင် ပါတယ်။ မြန်မာတွေ အမှတ်မှားနေကြတဲ့ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ အဲဒီလိုပဲ သေရတယ်ဆိုတဲ့အယူအဆဟာလည်း လွဲနေတဲ့အယူအဆဖြစ်ကြောင်း ပါဏာတိပါတကံဆိုတာ ကိုယ့်ကိုကိုယ် သတ်သေတဲ့ကံ မဟုတ်ပဲ သူများကိုသတ်တဲ့ကံသာ ဖြစ်ကြောင်း ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံ အကြီး/အသေးကို လိုက်ပြီး တစ်ခါတလေ ဘ၀ပေါင်း ငါးရာအထိ ပြန်လည်အသတ်ခံရ တတ်ကြောင်း ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ရဲ့ စိတ်အစဉ်ဟာ ဘယ်လိုမှ ကောင်းတဲ့စိတ်အတွေး မဖြစ်နိုင်ကြောင်း ကိုယ့်ကိုယ်ကို သတ်သေလို့ အဖန်ငါးရာ ငါးကမ္ဘာ ဘ၀ငါးရာ ခံရတာမဟုတ်ပဲ သူများကိုသတ်မိတဲ့ အကုသိုလ် ၀ဋ်ကြွေးကြောင့် ဘ၀ပေါင်းငါးရာ အသတ်ခံရတာ ဖြစ်ကြောင်း မေတ္တာဖြင့်တင်ပြလိုက်ရပါသည်..။ ဗဟုသုတ မှတ်စု

No comments: