Tuesday, August 18, 2015

ငြိမ်းချမ်းရေး လင်းလက်ရောင်ခြည်

ငြိမ်းချမ်းရေး လင်းလက်ရောင်ခြည် Tuesday, August 18, 2015 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် မင်္ဂလာရှိသောနေ့ တစ်နေ့ဟုဆိုချင်သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆ဝ ကျော် ကြာမြင့် ခဲ့ပြီ ဖြစ်သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်မည့် ငြိမ်းချမ်း ရေးရောင်ခြည်လင်းလက်လာမှုကို ယနေ့မြင်တွေ့ လိုက်ရသောကြောင့် ဖြစ်သည်။ ယနေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA)ပါ အချက်အလက် များကို ပြည်သူလူထုသိရှိနိုင်စေရန် ထုတ်ပြန်ကြေညာပေးထားရာ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအတွက် စိတ်နှလုံးချမ်းမြေ့ ဝမ်းမြောက်ဖွယ်ရာ အတိဖြစ်စေသည်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရေး အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များထံသို့ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က ငြိမ်းချမ်းရေး ဖော်ဆောင်ရန် တရားဝင်ဖိတ်ခေါ်ခဲ့ရာ ယနေ့သည် ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းခဲ့ သည့် လေးနှစ်မြောက်နေ့ဖြစ်သည်။ လေးနှစ်တာကာလအတွင်း ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ချင်းစီတို့သည် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အတွက် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် သဘောတူစာချုပ် ၃၉ ခု ကို ချုပ်ဆိုခဲ့ကြပြီးနောက် ယခုငြိမ်းချမ်းရေးရောင်ခြည်လင်းလက်လာသည့် အဆင့်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေး ရန်အတွက် ကြိုတင်ကန့်သတ်ချက်မထားဘဲ အဖွဲ့အစည်းအားလုံး ကြီးငယ်မရွေး တန်းတူရည်တူဆွေးနွေးနိုင်ရန် ပွင့်လင်းမြင်သာ စွာဖြင့် ရှေးရှု ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ရှေးရှု ကာ စိတ်ရှည်သည်းခံခြင်း၊ အပြန်အလှန်နားလည်ခြင်းတို့ကို အခြေခံ၍ ရရှိလာ သည့်ယုံကြည်မှုကိုအခြေပြုကာ မကြာမီကာလအတွင်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးနိုင် လိမ့်မည်ဟု မျှော်လင့်ပါသည်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို စစ်ရေးဖြင့်ဖြေရှင်းခြင်းမှာ မအောင်မြင်သော ဖြေရှင်းနည်းဖြစ်သည်ကို နှစ်ပေါင်း ၆ဝ ကျော်ကြာ ရင်ဆိုင် ကြုံတွေ့နေရသော လက်နက်ကိုင်ပဋိပက္ခများက သက်သေပြလျက် ရှိသည်။ နိုင်ငံတော်အစိုးရကလည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၏ ဇာစ်မြစ်မှာ တိုင်းရင်းသားညီအစ်ကို အချင်းချင်း အကြား နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းများဖြင့် တွေ့ ဆုံဆွေးနွေးအဖြေမရှာနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု သဘောပေါက်နားလည်ထားသည်။ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် အမျိုးသားပြန်လည်သွေးစည်း ညီညွတ်ရေးသည် အထူးလိုအပ်နေသော အဓိကကျသည့်အချက်ဖြစ်သည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်းအကြား နှစ်ပေါင်းများစွာ အဖြေရှာမရသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းများဖြင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းမှ တက်လှမ်းလာသည့်အဖြေများမှာ ငြိမ်းချမ်းရေးအတွက် အောင်မြင်တိုးတက်မှုများပင်ဖြစ်သည်။ နှစ်ဦးနှစ်ဖက်အကြား အပြန်အလှန်လေးစားမှု၊ အပြန်အလှန် နားလည်မှုနှင့် အပြန်အလှန်စိတ်ရှည်သည်းခံမှုတို့ကို အရင်းပြု၍ လပေါင်း ၁၇ လကျော်ကြာ ဆွေးနွေးခဲ့ပြီး မတ်လ ၃၁ ရက်နေ့တွင် အခန်း(၇)ခန်းနှင့် အချက်ကြီး (၃၃)ချက်ပါ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(အတည်ပြုမူကြမ်း)ပြီးစီးကြောင်း လက်မှတ်ရေးထိုးနိုင်ခဲ့ ပြီးဖြစ်သည်။ ယခုလက်မှတ်ရေးထိုးပြီးနောက်တွင် ပဋိပက္ခဖြစ်ပွားရာဒေသများ၌ တိုက်ပွဲများလျှော့ချပြီး ရပ်ဆိုင်းသွားသည်အထိ ကြိုးပမ်းနိုင်မည်ဖြစ်၍ ပဋိ ပက္ခဒဏ်ရာဒဏ်ချက်များ ခံစားနေရသောဒေသများမှ တိုင်းရင်းသားပြည်သူ များအတွက် ငြိမ်းချမ်းရေးအသီးအပွင့်များကို လက်တွေ့ခံစားနိုင်တော့ မည်ဖြစ်သည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေးရသည်အထိ အားလုံးစိတ်တူကိုယ်တူ အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြစေရန် ဆန္ဒပြုပါသည်။ ။ MOI Webportal Myanmar

No comments: