Tuesday, August 18, 2015

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (သို့မဟုတ်) ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အဓိကကျသော တက်လှမ်းမှု Tuesday,

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (သို့မဟုတ်) ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အဓိကကျသော တက်လှမ်းမှု Tuesday, August 18, 2015 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ငြိမ်းချမ်းရေး ကြိုးပမ်းမှု၏ အဓိက မှတ်တိုင် တစ်ခု ဖြစ်သော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement -NCA) ကို ၂၀၁၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် မူချောအဖြစ် နှစ်ဖက် အပြီးသတ် သဘောတူ နိုင်ခဲ့ပါသည်။ ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့သည် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေး အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံ ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းခဲ့ သည့် လေးနှစ်မြောက်နေ့ ဖြစ်ပါသည်။ ဤနေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (Nationwide Ceasefire Agreement -NCA) ပါ အချက်အလက်များကို ပြည်သူ လူထု သိရှိနိုင်ရန် ထုတ်ပြန် ကြေညာအပ်ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့ တာဝန် စတင်ယူချိန်မှ စ၍ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးချိန်မှ စတင် ပေါ်ပေါက် ခဲ့သော နှစ်ပေါင်း (၆၀)ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကို အဆုံးသတ်နိုင်ရန် ကမ်းလှမ်းခဲ့ပါသည်။ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ၏ ဇာစ်မြစ်မှာ မိမိတို့ တိုင်းရင်းသား ညီအစ်ကို အချင်းချင်း အကြား နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်း များဖြင့် တွေ့ ဆုံဆွေးနွေး အဖြေ မရှာနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု နိုင်ငံတော် အစိုးရ အနေဖြင့် သဘောပေါက် နားလည်ခဲ့ပါသည်။ ထို့ကြောင့် မိမိတို့ တိုင်းပြည် အတွက် အထူး လိုအပ်နေသည့် အမျိုးသား ပြန်လည် သွေးစည်း ညီညွတ်ရေး အတွက် အဓိက အချက်ဖြစ်သည်ဟု ခံယူ၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် တရားဝင် ဖိတ်ခေါ်ခဲ့ပါသည်။ ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့သည် နိုင်ငံတော် သမ္မတက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ငြိမ်းချမ်းရေး စတင် ကမ်းလှမ်းခဲ့ သည့် လေးနှစ်ပြည့်သောနှစ် ဖြစ် ပါသည်။ ဤလေးနှစ်တာ ကာလအတွင်း စိတ်ရှည်သည်းခံမှု၊ အပြန်အလှန် နားလည်မှုတို့ကို အခြေခံ၍ ရရှိခဲ့သည့် ယုံကြည်မှုကို အရင်းအနှီးပြု၍ မကြာမီ ကာလအတွင်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement -NCA)ကို လက်မှတ်ရေးထိုး နိုင်ကြ လိမ့်မည် ဟု မျှော်လင့်နိုင် နေပြီဖြစ်ပါသည်။ ပြီးခဲ့သည့် လေးနှစ်တာ ကာလအတွင်း နိုင်ငံတော် အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် ကြိုတင် ကန့်သတ်ချက် မထားဘဲ အဖွဲ့ အစည်းအားလုံး ကြီးငယ်မရွေး တန်းတူရည်တူ ဆွေးနွေးနိုင် ရန်လည်း ရှေးရှု ဆောင် ရွက်ခဲ့ပါသည်။ ပြည်ထောင်စု အစိုးရ အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ချင်းစီ တို့သည် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးခဲ့ကြပြီး အဖွဲ့ ၁၅ ဖွဲ့ဖြင့် ပြည်နယ် အဆင့်နှင့် ပြည်ထောင်စု အဆင့် သဘောတူစာချုပ် ၃၉ ခုကိုလည်း ချုပ်ဆိုခဲ့ကြပြီး ဖြစ်ပါသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး စုဖွဲ့ဆွေးနွေးလိုသည့် အဆိုပြုမှုကိုလည်း နိုင်ငံတော် အစိုးရဘက်မှ လက်ခံခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံများ ကျင်းပနိုင်ရန်လည်း ကူညီ ပံ့ပိုးပေးခဲ့ပါသည်။ ထိုညီလာခံများမှ ထွက်ပေါ်လာသည့် စုဖွဲ့မှုများကိုလည်း လက်ခံခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ စုပေါင်း ပါဝင်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement -NCA) ချုပ်ဆိုရန် အဆိုပြု တင်ပြလာမှုကို လည်း နိုင်ငံတော် အစိုးရဘက်မှ လက်ခံ၍ ဆွေးနွေး အတည်ပြုခဲ့ပါသည်။ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ကိုယ်စားလှယ်များ ပါဝင် သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (Union Peacemaking Work Committee-UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordination Team-NCCT)တို့သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလဆန်း မှစတင်၍ နှစ်ဖက် လက်ခံနိုင်မည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် တစ်စောင်ရရှိရေး အတွက် စတင် ဆွေးနွေး ခဲ့ကြပါသည်။ နှစ်ဦးနှစ်ဖက် အကြား အပြန်အလှန် လေးစားမှု၊ နားလည်မှုနှင့် စိတ်ရှည် သည်းခံမှုများကို အရင်းပြု၍ လပေါင်း (၁၇)လကျော်ကြာ ဆွေးနွေး အပြီး ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် အခန်း(၇)ခန်းနှင့် အချက်ကြီး (၃၃)ချက်ပါ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (Nationwide Ceasefire Agreement -NCA) (အတည်ပြုမူကြမ်း) ပြီးစီးကြောင်း လက်မှတ် ရေးထိုးနိုင်ခဲ့ကြပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (အတည်ပြု မူကြမ်း)ကို လက်မှတ် ရေးထိုးရန် အသင့်ဖြစ်နေသော် လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များ၏ ခေါင်းဆောင်များက ပြင်ဆင် ဖြည့်စွက် လိုကြောင်း လောခီးလာ ညီလာခံ အပြီးတွင် အဆိုပြုလာပါသည်။ စာချုပ်မူကြမ်းကို ထပ်မံ ဆွေးနွေးရန် အတွက် ကိုယ်စားလှယ်အဖွဲ့ အသစ် တစ်ခုကိုလည်း ဖွဲ့စည်း ခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံတော် အစိုးရဘက်မှလည်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး တို့ အတွက် ရှေးရှုပြီး တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ၏ အသစ် ဖွဲ့စည်းထားသော အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (Senior Delegation -SD) နှင့် ပြန် လည် ဆွေးနွေး ညှိနှိုင်း ခဲ့ရာ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ တွင် စာချုပ်ပါ အချက်ကြီး (၃၃)ချက်ကို အပြီးသတ် သဘော တူညီနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယခု သဘော တူညီထားပြီး ဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘော တူ စာချုပ် (Nationwide Ceasefire Agreement -NCA) သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု သမိုင်း တစ်လျှောက်တွင် အမြင့်ဆုံး သဘော တူညီချက် တစ်ခုဖြစ်ပါသည်။ လက်မှတ် ရေးထိုးပြီးသည့်နောက်တွင် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများ၌ တိုက်ပွဲများ လျှော့ချပြီး ရပ်ဆိုင်းသွားသည် အထိ ကြိုးပမ်းနိုင်မည် ဖြစ်သဖြင့် ပဋိပက္ခ ဒဏ်ခံဒေသများမှ ပြည်သူများ အတွက် ငြိမ်းချမ်းခြင်း၏ အသီးအပွင့်ကို လက်ငင်းခံစား နိုင်တော့မည်လည်း ဖြစ်ပါသည်။ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement -NCA)သည် မိမိတို့ တိုင်းရင်းသား ညီအစ်ကို အချင်းချင်း အကြား နှစ်ပေါင်းများ စွာ အဖြေ ရှာခြင်းမပြု နိုင်ခဲ့ သည့် နိုင် ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်း များဖြင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး အတွက် ကျင်းပ ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် အဓိက ကျသည့် တက်လှမ်းမှုကြီးလည်း ဖြစ်ပါသည်။ ထို့အပြင် တိုင်းရင်းသားများ အစဉ်တစိုက် တောင်းဆိုခဲ့သည့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး ထူထောင်ရေး အတွက် ခိုင်မာသည့် ကတိကဝတ်၊ အာမခံချက် တစ်ခုလည်း ဖြစ်ပါသည်။ သို့ဖြစ်ရာ တိုင်းရင်းသား မိဘပြည်သူ တစ်ရပ်လုံး လိုလား တောင့်တနေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် အဓိက တက်လှမ်းမှု အဆင့်တစ်ဆင့် ဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (Nationwide Ceasefire Agreement -NCA) ကို လေ့လာ သိရှိနိုင်ရန် ဖော်ပြ အပ်ပါသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အပြည့် အစုံကို အောက်ပါ Link တွင် သွားရောက် ဖတ်ရှု နိုင်ပါသည်။ http://www.moi.gov.mm/sites/default/files/NCA_0.pdf

No comments: