Tuesday, August 18, 2015

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်လွှတ်တော် အဆောက်အအုံတွင် တစ်နာရီခန့် သီးသန့်တွေ့ဆုံ

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်လွှတ်တော် အဆောက်အအုံတွင် တစ်နာရီခန့် သီးသန့်တွေ့ဆုံ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ နေပြည်တော်လွှတ်တော် အဆောက်အအုံ၌ ၂၀၁၄ ခုနှစ် မတ် ၂၆ ရက်က ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် သြဂုတ် ၁၇ ရက် နံနက်ပိုင်းက တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ တစ်နာရီခန့် သီးသန့်တွေ့ဆုံမှုနှင့် ပတ်သက်၍ သူရဦးရွှေမန်း၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး အောင်ဝင်းထွန်းက “အရင်တုန်းကလည်း တွေ့ဖူးတာပဲ။ ဘာမှ မထူးဆန်းပါဘူး” ဟု သြဂုတ် ၁၇ ရက်တွင် The Daily Eleven ကို ပြောကြားသည်။ တွေ့ဆုံမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူများအား ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရခဲ့ပေ။ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုသည် သူရဦးရွှေမန်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ပူးတွဲတာဝန်မှ ဖယ်ရှားခံရပြီး ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ခေတ္တရပ်နားထားသည့် လွှတ်တော်အစည်းအဝေးများ သြဂုတ် ၁၈ ရက် (ယနေ့) တွင် ပြန်လည်ကျင်းပမည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်အစည်းအဝေးများ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေခြင်းလည်း ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့သည် လွှတ်တော်အစည်းအဝေးများ ကျင်းပသည့် ကာလများအတွင်း မကြာခဏ သီးသန့်တွေ့ဆုံမှုများ ရှိခဲ့ပြီး ထိုသို့ တွေ့ဆုံမှုများနှင့် စပ်လျဉ်း၍ မီဒီယာများသို့ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။ မိမိကြောင့် အများပြည်သူများ ဒုက္ခမတွေ့စေရ၊ အခက်အခဲ မတွေ့စေရ၊ ပြဿ နာများ မဖြစ်စေရအောင် သတိနှင့်ယှဉ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါသည်ဟု ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ် ၁၅ ရက်တွင် ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ‘မိမိ၏ ဆန္ဒအမှန်’ ဟု ခေါင်းစဉ်တပ်ကာ ရေးသားပြောကြားခဲ့သည်။ ထို့ပြင် သူရဦးရွှေမန်းက “စေတနာ၊ မေတ္တာ၊ စာနာမှုများဖြင့် မိမိအား မေးမြန်းကြသည့် ပြည်သူများအား ကျေးဇူးတင်ရှိပါတယ်။ ပြည်သူလူထု၏ မေတ္တာ၊ စေတနာကို အလေးထားလေးစား တန်ဖိုးထားပြီး ပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန်အထိ ဆက်လက်ဆောင်ရွက်သွားပါမယ်။ အများအကျိုး ဆောင်ရွက်နိုင်ကြပါစေ” ဟုလည်း ပြည်သူလူထုထံသို့ ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် သြဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သေးသည်။ နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် သြဂုတ် ၁၃ ရက်က ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့အား အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။ ထိုသို့ အသစ်ပြန်လည် ဖွဲ့စည်းရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ပူးတွဲတာဝန် သူရဦးရွှေမန်း၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း အပါအ၀င် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အချို့အား ပါတီထိပ်ပိုင်း တာဝန်များမှ ဖယ်ရှားခဲ့ပြီး အတွင်းရေးမှူး အဖွဲ့ဝင်များကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။ ပြန်လည်ဖွဲ့စည်းခဲ့သော ကော်မတီအသစ်တွင် ဦးသိန်းစိန် ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတ၊ ဦးဌေးဦး ဒုတိယဥက္ကဋ္ဌ/ဥက္ကဋ္ဌ ပူးတွဲတာဝန်၊ ဦးတင်ထွတ်၊ ဦးစိုးသာ၊ ဗဟိုအတိုင်ပင်ခံ/ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးခင်အောင်မြင့် ဗဟိုအတိုင်ပင်ခံ/အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် သူရဦးအေးမြင့်/ဒုတိယဥက္ကဋ္ဌ၊ ဗဟိုအကြံပေးများအဖြစ် ဦးသောင်း၊ ဦးလွန်းသီ၊ ဒေါက်တာချမ်းငြိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဒေါက်တာကျော်မြင့်၊ ဒေါက်တာမြဦးတို့ဖြစ်ပြီး ဦးတင်နိုင်သိန်း/အထွေထွေအတွင်းရေးမှူး၊ ဦးသက်နိုင်ဝင်း/တွဲဖက်အထွေထွေအတွင်းရေးမှူးတို့ ဖြစ်သည်။ သူရဦးရွှေမန်းသည် လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးအဖြစ်ပင် ရှိနေသေးပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ဖြူးမြို့နယ် မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သူရဦးရွှေမန်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဇေယျာသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတာဝန်နှင့် အလှည့်ကျ ပြည်ထောင်စုလွှတ်တော် နာယကတာဝန် ထမ်းဆောင်နေသူ တစ်ဦးလည်း ဖြစ်သည်။

No comments: