Saturday, August 8, 2015

“ကျောင်းသားတွေ၊ လူငယ်တွေကိုပြောပြချင်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးအကြောင်း”

“ကျောင်းသားတွေ၊ လူငယ်တွေကိုပြောပြချင်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးအကြောင်း (၃) သပိတ်…သပိတ် - မှောက် …မှောက် ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး - ဒို့အရေး …ဒို့အရေး ဖမ်းဆီး ကျောင်းသားပြန်လွတ်ရေး - ဒို့အရေး …ဒို့အရေး ကုန်ဈေးနှန်းကျဆင်းရေး - ဒို့အရေး …ဒို့အရေး တပါတီစနစ် - အလိုမရှိ ..အလိုမရှိ အရေးတော်ပုံ - အောင်ရမည် …အောင်ရမည် ..။ အဲဒီလိုကြွေးကြော်သံတွေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စခဲ့တာပါ ။ ရန်ကုန်အနေနဲ့ကတော့ သြဂုတ်လ ၈ရက်(ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်)မှ စတာမဟုတ် ပါဘူး ၊ မတ်လကစတဲ့ ကျောင်းသားလှုပ်ရှားမှုတွေကနေ ၊ ဇွန် ၊ ဇူလိုင် ၊ သြဂုတ် ဆက်တိုက်ဖြစ်လာခဲ့တာပါ ၊ ဇွန်လနဲ့ ဇူလိုင်လတွေမှာဆိုရင် အထူးသဖြင့် အထက်တန်းကျောင်းတွေမှာ ဆန္ဒပြမှုတွေဆက်တိုက်လိုဖြစ်နေခဲ့တာပါ ။ ဟိုမြို့နယ် ဒီမြို့နယ် ဟိုကျောင်း ဒီကျောင်း ဟိုနေရာ ဒီနေရာ စသဖြင့် နေရာ ကွက်ကြားဆန္ဒပြပွဲတွေ ဖြစ်နေပြီး ပြည်သူတွေပါ (ရန်ကုန်တမြို့လုံးလို)ပါလာတာက ၃.၈.၈၈ နေ့ပါ ။ အဲဒီနေ့က ကန်တော်ကြီးပန်းခြံဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ မနက်ရှစ်နာရီကျော်လောက်ကျောင်းသားတွေစုရုံးကြပြီး နတ်မောက်ကျောင်း(စက်မှုလက်မှုအထက်တန်း ကျောင်း)ရှေ့ကနေ ကားတွေတားချောဆွဲ ဆူးလေကိုမောင်းခိုင်းကြပါတယ် ၊ မြို့တော်ခန်းမရှေ့ကားတွေရပ်ပြီး သပိတ်…သပိတ် - မှောက် …မှောက် လို့ ပြေးဆင်းကြွေးကြော်လိုက်တဲ့အချိန် လူတွေ ..ပျားအုံကြီးကိုတုတ်နဲ့ဆွလိုက်သလို ၀ိုင်းအုံလာလိုက်တာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမကြုံဘူးတဲ့အဖြစ်ပါပဲ ၊ ကုန်ဈေးနှန်း ကျဆင်းရေး - ဒို့အရေး …ဒို့အရေး လို့ကြွေးကြော်ရင်း ကျွန်တော်တို့ပြည်သူတွေအတွက် တိုက်ပွဲဝင်နေပါပြီ ၊ လက်ခုတ်တီးပြီးအားပေးကြပါ အော်တော့ တီးလိုက်ကြတဲ့လက်ခုတ်သံတွေ ၂၆ နှစ်အောင့်ထားမျိုသိပ်ထားခဲ့ရသမျှ ဖွင့်ဟအားပေးလိုက်ကြတာ..၊ ဓါတ်ပုံရိုက်ရင်ကာဘို့ ၊ မျက်ရည်ယိုဗုံးနဲ့ ပစ်ရင်ကာဘို့ ၊ လက်ကိုင်ပုဝါလေးတွေပေးကြပါတောင်းတော့ တိုက်တွေပေါ်ကနေတောင်ပစ်ချပေးကြတာ ။ လေထဲမှာ လက်ကိုင်ပုဝါလေးတွေဝဲလို့ ၊ ပြည်သူတွေရဲ့တခဲနက် အားပေးမှုက ပြန်တွေးတိုင်း ၊ ကြက်သီးမွှေးညှင်းထရလောက်အောင်ပါပဲ ။ မတရားမှုတွေများလွန်းလို့ ဆင်းရဲမွဲတေလွန်းလို့သာ ဆန္ဒပြအုံကြွခဲ့ကြတာဖြစ်ပြီး ပြည်သူတွေနဲ့ကျောင်းသားတွေ(အများစု)က နိုင်ငံရေးနားလည်လို့မဟုတ်ပါဘူး၊ ဘာတွေတောင်းဆိုရမလဲတောင် မသိကြပါဘူး ၊ နေ၀င်းနဲ့ မဆလအစိုးရ ပြုတ်ကျဘို့ပဲ သိကြတာပါ ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်စိန်လွင်(1962 ၊ 7 July ကျောင်းသား သတ်တပ်ရဲ့တပ်ရင်းမှုး)သမတဖြစ်နေတော့ “ဆန်တပြည်၁၅ကျပ် စိန်လွင် ခေါင်းကိုဖြတ် ” “ဆန်တပြည်၁၅ပြား နေ၀င်းသေမှစား” “စိန်လွင် ခြောက်တန်း တစောက်ကန်း စောက်ရမ်းမလုပ်နဲ့” ဆိုတာမျိုးတွေလဲ အော်ကြပါတယ် ။ တပါတီစနစ် - အလိုမရှိ ..အလိုမရှိ အော်နေကြပေမဲ့ တပါတီစနစ်ကပဲမကောင်းတာလား ၊ အာဏာရှင်စနစ်ကပဲမကောင်းတာလား ၊ ဒီမိုကရေစီဆိုတာဘာလဲ မသိကြသေးပါဘူး ။ “အဲဒီနေ့က မုန်တိုင်းဆင်မဲ့ကောင်းကင်ပြင်တခုလိုပဲ ၊ လူလှိုင်းတွေတလိမ့်လိမ့် ၊ ဟစ်ကြွေးသံတွေတချိမ့်ချိမ့်နဲ့ မြေမိုးပွက်လျံသိမ့်သိမ့်ညံခဲ့ ၊ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် တဲ့ ၊ ခေတ်တခေတ်ကို ထုဆစ်ပေတော့မည် ” မုန်တိုင်း၈၈ ဆိုတဲ့ကဗျာအစပိုဒ်လေးလိုပါပဲ ၊ ရှစ်လေးလုံးနေ့မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အုံကြွဆန္ဒပြခဲ့ကြပါတယ် ၊ ရန်ကုန်မှာတော့ ကမ္ဘာအေးဘုရားလမ်းမကြီးပေါ် ၊ ခုဆီဒိုးနားနဲ့ က္ကိုင်းလမ်းဆုံကြား ကားလမ်းတခြမ်း စစ်ကားတန်း လက်နက်မျိုးစုံနဲ့စောင့်နေတာကို စတင်တွေ့ရပြီး ပြည်သူတွေက “ပြည်သူ့စစ်သား ဒို့စစ်သား ၊ ပြည်သူ့တပ်မတော် ဒို့တပ်မတော်” လို့ ဟစ်အော်ကြပါတယ် ၊ တချို့ကျောင်းသားငယ်တွေက ထိုင်ကန်တော့ကြပါတယ် ။ ညဆယ့်တစ်နာရီခွဲဝန်းကျင်မှာတော့ မြို့တော်ခန်းမရှေ့မှာ ရန်ကုန်မြို့မီး အမှောင်ချပြီး ပစ်ခတ်သတ်ဖြတ်တဲ့ပွဲကြီး စပါတော့တယ် ၊ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကိုင်ထားတဲ့ ဆယ့်လေးငါးနှစ်လောက်ကျောင်းသူလေးရဲ့ခေါင်း ဂျီ3မောင်း ပြန်ပြင်းအားကြောင့် ပွင့်ထွက်သွားပြီး လက်နက်မဲ့လူအုပ်ကြီး သွေးသံအရဲရဲ အလဲလဲအပြိုပြိုဖြစ်ကုန်ပါတော့တယ် ။ အစွမ်းကုန်ရက်စက်ပြပစ်ခတ်သတ်ဖြတ်ပြလိုက်လို့ ကျောင်းသားတွေနဲ့လူထုကြီးရဲ့ ဆန္ဒပြသပိတ်မှောက်အုံကြွမှုတွေ ရပ်မသွားပါဘူး ၊ စစ်တပ်ကလဲ ထပ်ထွက် ထပ်ပစ်တာပါပဲ ၊ မခံမရပ်နိုင်ပေါက်ကွဲလာတဲ့ လူထုကြီးကတော့ တောင်ဥက္ကလာနဲ့မြောက်ဥက္ကလာတွေမှာ ရဲတွေကိုခေါင်းဖြတ်သတ်တာမျိုး ပြန်ခံချကြပါတယ် ၊ ၉ရက် ၁၀ ရက် ၁၁ ရက် ၁၂ ရက်နေ့တွေတောက်လျှောက်ပစ်လိုက်တာ ရန်ကုန်ဆေးရုံကြီးဝန်းထဲတောင်မချန်ပစ်ထဲ့လို့ ဆရာဝန်တွေပါသေဆုံးခဲ့ကြရပါတယ်။ တနေရာထဲမှာ အစုလိုက်အပြုံလိုက်ပစ်သတ်ခံရမှုမှာ ကျောင်းသား ၊ ရဟန်း ၊ ယောက်ကျား ၊ မိန်းမ ၊ ကလေး အားလုံးလူသုံးရာကျော် အလောင်းချင်းထပ် နေအောင်ပစ်သတ်ခံခဲ့ကြရတဲ့ စစ်ကိုင်းမြို့ကအဆိုးဆုံးလို့ပြောကြပါတယ် ။ ဘယ်လောက်ပစ်ပစ် အသေခံတိုက်မယ်ဆိုတဲ့ ကျောင်းသားတွေနဲ့လူထုကြီးရဲ့စိတ်ဓါတ်ကို စစ်ဝါဒီတွေအရှုံးပေး နည်းဗျူဟာပြောင်းရပါတော့တယ် ၊ ၁၂ ရက်နေ့ ည မှာ စိန်လွင်အနားယူပြီဖြစ်ကြောင်း ကြေငြာပြီးသေနတ်သံတွေရပ်သွားပါတော့တယ် ။ နိုင်ငံတော်သမတအဖြစ် ဒေါက်တာမောင်မောင်တက်လာပေမဲ့ မြို့တိုင်း မှာ သပိတ်စခန်းတွေဖွင့်ပြီး ကိုယ့်အုပ်ချုပ်ရေးနဲ့ကိုယ် လုပ်ကြပါတယ် ၊ ကိုယ့်ဘာသာတရားစီရင်ကြပါတယ် ၊ ဆန္ဒပြသူတွေသောက်မဲ့ရေအိုးကိုအဆိပ်ခတ်တာ ၊ အသိပျောက်စေတဲ့ထုံဆေးမူးယစ်ဆေးတွေထိုးပေးပြီး သံဃာတွေကျောင်းသားတွေကိုသတ်ခိုင်းတာမျိုးတွေ ရှိတဲ့အတွက် မိတဲ့သူတွေကို ခေါင်းဖြတ်သတ်တာတွေ ရှိလာပါတယ် ၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မင်းမဲ့စရိုက်ဖြစ်စဉ်တွေလို့ သုံးနှုန်းပြီး ပြည်သူတွေကြောက်ရွံ့ထိတ်လန့်စေမဲ့ရက်စက်မှုမျိုးတွေကိုသာ ကွက်ဖေါ်ပြခဲ့ပါတယ် ၊ ဘာကြောင့်ဖြစ်ရတယ် ၊ ဘယ်လိုလူတွေအသတ်ခံရတာဆိုတာတွေမပြပဲ ပြည်သူတွေ ရမ်းရမ်းကားကားလူသတ်တယ်ဆိုတာမျိုးဖြစ်အောင် ဖုန်းကွယ်လိုက်ပါတယ်။ ဟုတ်ပါတယ် ။ ပြည်သူတွေရဲ့ လက်စားချေတဲ့လူသတ်ပွဲတွေ ၊ တန်ပြန်သပိတ်ဆိုပြီး ဆန္ဒပြသူတွေကိုလုပ်ကြံသတ်ဖြတ်လာသူတွေကို ပြည်သူတွေကိုယ်တိုင် တရားစီရင်တဲ့ လူသတ်ပွဲတွေ တကယ်ဖြစ်ခဲ့ပါတယ် ၊ ဘာကြောင့်ဖြစ်ရတာလဲဆိုတာတော့ ထည့်ပြောရမှာပါ ။ မင်းရှိနေလျက်နဲ့အားကိုးမရလို့ ၊ မင်းကိုယ်တိုင်က မင်းဆိုးမင်းညစ်ဖြစ်နေလို့ ကိုယ့်တရားကိုယ်စီရင်ဖြစ်လာရတာတွေပါ ၊ လွတ်လပ်ရေးရပြီးတာတောင် လွတ်လပ်ရေးအရသာမခံစားရပဲ အမျိုးသားချင်းကျွန်လို ပြန် အုပ်ချုပ်ခံလာရတဲ့ နှစ်ပေါင်းများစွာမျိုသိပ်ခံစားလာရတဲ့ ၊ လက်နက်မဲ့ဆန္ဒပြမှုကို ဗလာချီပစ်သတ်ခံထားရတဲ့ လူတွေရဲ့မခံမရပ်နိုင်ပေါက်ကွဲမှုတွေပဲဖြစ်ပါတယ် ။ မြို့တိုင်းမှာ သပိတ်စခန်းတွေဖွင့်ကြပြီး နေရာအများစုမှာ သံဃာတော်တွေဦးဆောင်လို့ ကိုယ့်မြို့နယ်/ရပ်ရွာတွေကို ကိုယ့်ဘာသာအုပ်ချုပ်ကြပါတယ် ၊ ဓါး ၊ လှံ ၊ လောက်လေး ၊ ဂျင်ကလိတွေနဲ့ ရပ်ကွက်အဆင့်ထိ ကိုယ့်ဒေသလုံခြုံရေးကိုယ်တာဝန်ယူကြပါတယ် ၊ ရန်ကုန်ဆေးရုံကြီးကတော့ ရန်ကုန်တိုင်းသပိတ်စခန်း အဖြစ်ရှိခဲ့ပြီး တရားဟောပွဲတွေတောက်လျှောက်ကျင်းပခဲ့ပါတယ် ၊ ကိုဇာဂနာလို ရယ်စရာဟာသတွေ ပုံနှိုင်းပြောပြဟောပြောတဲ့သူရှိသလို ၊ မင်းသိင်္ခလို ခပ်ကြမ်းကြမ်းတွေပြောပြီး ဆဲပြီးဟောပြောတဲ့သူတွေလဲရှိပါတယ် ၊ ရှေ့နေတွေ ၊ စာရေးဆရာတွေ ၊ ဂီတနဲ့အနုပညာရှင်တွေ၊ အသိုင်းဝိုင်းစုံကလာရောက် ဟောပြောကြပြီး ဒီမိုကရေစီ ၊ လူ့အခွင့်အရေး စတဲ့ နိုင်ငံရေးဝေါဟာရတွေခေတ်စားလာသလို ကြွေးကြော်သံလည်းပြောင်းသွားခဲ့ပါတယ် ။ “ဒီမိုကရေစီရရှိရေး - ဒို့အရေး … ဒို့အရေး …၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး - ဒို့အရေး … ဒို့အရေး ” တဲ့။ ရဟန်းပျိုများသမဂ္ဂ ၊ သံဃာ့သမဂ္ဂီ ၊ သီလရှင်များသမဂ္ဂ ၊ အိမ်ထောင်ရှင်မများသမဂ္ဂ ၊ တောင်သူလယ်သမားများသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ ၊ စသဖြင့် အလွှာစုံ အသင်းအဖွဲ့တွေဖွဲ့ဆန္ဒပြကြသလို ၀န်ထမ်းတွေကလဲ သက်ဆိုင်ရာဌာနတွေအလိုက် စုဖွဲ့ဆန္ဒပြကြပါတယ် ၊ ရဲ ၊ လေတပ်နဲ့ ရေတပ် တပ်ဖွဲ့ဝင်အချို့လဲ တဖြည်းဖြည်းပါဝင်လာကြပါတယ် ၊ မိန်းမလျှာတွေကတောင် အလှဖန်တီးရှင်များသမဂ္ဂလို့ ဆန္ဒပြခဲ့ကြပါတယ် ။ လူတိုင်းလူတိုင်းဟာ သက်ဆိုင်ရာအဖွဲ့အစည်းတံဆိပ်နဲ့ နဘူးစီးအနီတွေ ၊ လက်ပါတ်အနီတွေပါတ်ပြီး ထိုင်သပိတ် ၊ အစာငတ်ခံဆန္ဒပြပွဲ ၊ လမ်းလျှောက် ကြွေးကြော်ချီတက်ပွဲ ၊ မဆလ အသက်၂၆နှစ် ရေးထားတဲ့အခေါင်းကိုမီးရှီု့ပွဲ ၊ ခွေးလည်ပင်းမှာ နေ၀င်း , စိန်လွင်ရေးပြီးလွှတ်ပွဲ စသဖြင့်အသွင်သဏ္ဍာန်မျိုးစုံနဲ့ တစ်နိုင်ငံလုံးမှာ အုံးအုံးကြွက်ကြွက် ဆန္ဒထုတ်ဖေါ်ပြသခဲ့ကြပါတယ် ။ နိုင်ငံတော်သမတ ဒေါက်တာမောင်မောင်က “ဆန္ဒတွေ မစောကြပါနဲ့ ၊ တစ်ပါတီစနစ်ကိုပဲ ကြိုက်ကြိုက် ပါတီစုံကိုပဲကြိုက်ကြိုက် ရွေးကောက်ပွဲကြီး လုပ်ပြီးဆုံးဖြတ်ကြတာပေါ့ ၊ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကိုလဲ ပျော်ပျော်ကြီး အုတ်မြစ်ချကြတာပေါ့လို့ ” နတ်ကတော်တွေထက် ချွဲပျစ်တဲ့လေသံနဲ့ ညတိုင်းလို မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေတောင်းပန်ပြော ပြောနေပေမဲ့ ၊ နောက်ကွယ်မှာတော့ ပြည်သူတွေကိုသတ်ဖြတ်နှိမ်နှင်းဘို့ ကောက်ကျစ်စဉ်းလဲစွာ အကြံထုတ်ပြင်ဆင်နေခဲ့ပါတယ် ။ လူထုအုံကြွမှုကြီး တစ်နိုင်ငံလုံးအတိုင်းတာနဲ့လေးဆယ့်နှစ်ရက်အကြာ ၁၉၈၈ခုနှစ် ၊ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေမှာ ရာထောင်ချီတဲ့စစ်သားတွေက မြို့ကြီး တွေကို ပစ်ခတ်စီနင်းပြီး စစ်တပ်အနေနဲ့အာဏာပြန်သိမ်းလိုက်ကြောင်း ကြေငြာပါတော့တယ် ။ ဗမာပြည်စစ်တပ်အတွက်မဆန်းတော့တဲ့ အပြစ်မဲ့ပြည်သူကို သတ်ပွဲတွေထဲမှာ အရက်စက်အပြင်းထန်ဆုံးသတ်ပွဲကြီးဖြစ်ပါတယ် ၊ G-3 , G-4 မောင်းပြန်ရိုင်ဖယ်တွေအပြင် စက်လတ်လိုအမျိုးအစားတွေနဲ့ပါ အတွဲလိုက် ပစ်ခတ်ခဲ့ကြပါတယ် ၊ ပြည်သူတွေက စစ်ကားတွေဝင်မလာရအောင် သစ်ပင်တွေခုတ်လှဲ လမ်းတွေပေါ်ကန့်လန့်စီချပိတ်ဆို့ ၊ လက်ထဲရှိ လောက်လေးတွေ ၊ ဂျင်ကလိတွေနဲ့ခံချ လုပ်ကြသေးပေမဲ့ အဆမတန်ရက်စက်မှုရဲ့ဒါဏ်ကို မခံနိုင်ကြတော့ပါဘူး ၊ အားမတန်မာန်လျှော့ပေးခဲ့ကြတဲ့နောက်မှာ စောမောင်နဲ့ခင်ညွန့် ဦးစီးတဲ့ စစ်တပ်က န၀တ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့)ဆိုပြီး စစ်တပ်အစိုးရအမည်ခံအုပ်ချုပ်ခဲ့ပါတော့တယ်။ ဆက်ရန်....

No comments: