Tuesday, August 18, 2015

ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေး ထပ်မတိုးတော့ဟုဆို

ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေး ထပ်မတိုးတော့ဟုဆို Tuesday, August 18, 2015 ကိုးကန့်ဒေသ၏ စစ်အုပ်ချုပ်ရေးကာလသည် သြဂုတ် ၁၇ ရက်က ပြီးဆုံးသွားပြီဖြစ်ပြီး သက်တမ်းထပ်မံမတိုးတော့ဟုသတင်းရထားကြောင်း မြန်မာ့တပ်မတော်မှ အရာရှိတစ်ဦးက ပြောသည်။ လောက်ကိုင်၊ ကုန်းကြမ်းနှင့်မောက်ထိုက်မြို့နယ်ခွဲတို့ပါဝင်သည့် ကိုးကန့်ဒေသတွင် အစိုးရတပ်မတော်နှင့်ကိုးကန့်အဖွဲ့တို့ကြား တိုက်ပွဲများကြောင့် သမ္မတကစစ်အုပ်ချုပ်ရေး ကြေညာထားခြင်းဖြစ်သည်။ ၂၀၁၅ ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ကာ စစ်အုပ်ချုပ်ရေး ရက်ပေါင်း ၉၀ ကြေညာခဲ့ပြီး ဒေသတွင်း လုံခြုံရေးစိတ်မချရ ခြင်းကြောင့် သြဂုတ် ၁၇ ရက်အထိ စစ်အုပ်ချုပ်ရေး ထပ်မံကြေညာခဲ့သည်။ စစ်အုပ်ချုပ်ရေးသက်တမ်း မတိုးတော့သည့်အကြောင်းကို ယနေ့ (သြဂုတ် ၁၈) ကြေညာဖွယ်ရှိသည်ဟုရှမ်းပြည်နယ်ရဲ တပ်ဖွဲ့က ပြောကြားပြီး နေပြည်တော်မှ တပ်မတော်အရာရှိတစ်ဦးကလည်း ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေး ရပ်တန့်တော့မည်ဟု သိထားကြောင်းပြောသည်။ မူလက လုံခြုံရေးအခြေအနေကြောင့် ကိုးကန့်ဒေသတွင် ရွေးကောက်ပွဲကျင်းပနိုင်ဖွယ်မရှိဟု သတင်းထွက်ပေါ်ခဲ့သော် လည်း ယခုအခါ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ရွေး ကောက်ပွဲကျင်းပမည်ဟု ပြောကြားထားသည်။ လက်ရှိအချိန်တွင် လောက်ကိုင်နှင့် ကုန်းကြမ်းမြို့၌ တိုက်ပွဲမဖြစ်ပွားသော်လည်း မော်ထိုက်မြို့နယ်ခွဲတွင် တိုက်ပွဲအချို့ ဖြစ်ပွားနေဆဲဟု လောက်ကိုင်ဒေသခံများကပြောသည်။ မဲစာရင်းကိုလည်း မော်ထိုက်မြို့နယ်ခွဲတွင် မကောက်ယူနိုင်သေးဘဲ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တွင်သာ စာရင်း ကောက်ယူနေသည်ဟု ရှမ်းရွေးကောက်ပွဲကော်မရှင်ရွေးကောက်ပွဲအရာရှိဦးသိန်းလွင်မြင့်က ပြောကြားထားသည်။ 7Day Daily

No comments: