Thursday, August 13, 2015

ပူတာအိုခရိုင်အတွင်း ရှေးဟောင်းစေတီပုထိုး ၁၀၀ ကျော်အား ပူတာအို တိုင်းခမ်းတီးသာသနာ့နုဂ္ဂဟအသင်းမှ ရှာဖွေ ဖေါ်ထုတ်သွားမည် 12.8.2015

ပူတာအိုခရိုင်အတွင်း ရှေးဟောင်းစေတီပုထိုး ၁၀၀ ကျော်အား ပူတာအို တိုင်းခမ်းတီးသာသနာ့နုဂ္ဂဟအသင်းမှ ရှာဖွေ ဖေါ်ထုတ်သွားမည် 12.8.2015 မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်) ပူတာအိုခမ်းတီးလုန်ဒေသ ပူတာအိုခရိုင်အတွင်း တိုင်းခမ်းတီးစော်ဘွားများ တည်ထားကိုးကွယ်ခဲ့ကြသည့် ရှေးဟောင်းစေတီပုထိုး ၁၀၀ ကျော်အား တိုင်းခမ်းတီး သာသနာ့နုဂ္ဂဟအသင်းမှ ရှာဖွေ ဖေါ်ထုတ်သွားမည်ဟု ပူတာအို-ဇေယျသိဒ္ဓိကျောင်း၌ (25.7.2015)နေ့တွင် တိုင်းခမ်းတီးသာသနာ့နုဂ္ဂဟအသင်းမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးအရ သိရှိရသည်။ ပူတာအိုခရိုင်အတွင်း ရှေးဟောင်းစေတီပုထိုးပေါင်း (၁၀၀)ကျော် ရှိသည့်အနက် ၇၀ ကျော်ကိုတော့ ရှာဖွေတွေ့ရှိထားပြီးပါပြီ၊ အခြားဘာသာ သက်ဝင်ယုံကြည်ကိုးကွယ်သူများ၏ နေအိမ်, ခြံဝင်း, လယ်ယာပိုင်နက်များအတွင်း ရောက်ရှိသွားတဲ့ စေတီပုထိုးတွေက ပိုများတယ်၊ ရှေးဟောင်းစေတီပုထိုးတွေရဲ့ တစ်ဝက်လောက်က ဌာပနာဖောက်ခံထားရတယ်၊ အခြားသက်ဝင်ယုံကြည်ကိုးကွယ်သူများ၏ ပိုင်နက်အတွင်း ရောက်ရှိသွားသော စေတီပုထိုးများနှင့် မသမာသူများ၏ ဖောက်ထွင်းဖျက်ဆီးမှုကြောင့် ပျောက်ပျက်နေသော စေတီပုထိုးများကို ပြုပြင်မွမ်းမံဖို့တော့ အရမ်းခက်ခဲပါတယ်လို့ ဆရာတော် ဦးက၀ိနန္ဒက မိန့်ကြားပါသည်။ ပူတာအိုခရိုင်အတွင်းရှိ ရှေးဟောင်းစေတီပုထိုးများကို သမိုင်းဆရာ ဦးစိုင်းအောင်ထွန်းက နှစ်ပေါင်း (၇၀၀)ကျော်ခန့်က စေတီပုထိုးများဖြစ်တယ်လို့ ခန့်မှန်းထားပြီး ကချင်ပြည်နယ် အဓိပတိ မဟာနာယက၊ သက်တော်(၉၀)ရှည် ၀န်းသိုကျောင်းဆရာတော်ဘုရားကြီးကတော့ နှစ်ပေါင်း (၁၀၀၀)ကျော် ရှိပြီဖြစ်ကြောင်း၊ နှစ်မြွေဖြူရှင်မ စောင့်ကျက်ကြောင်း ခန့်မှန်းအတည်ပြု မိန့်ကြားပါသည်။ ၄င်းပူတာအို-ဇေယျသိဒ္ဓိကျောင်း၌ ကျင်းပပြုလုပ်သော အစည်းအဝေး၌ ရှေးဟောင်းစေတီပုထိုးများကို ရှာဖွေဖေါ်ထုတ် ထိန်းသိမ်းရာတွင် အခြားသက်ဝင်ယုံကြည်ကိုးကွယ်သူများ၏ ပိုင်နက်အတွင်းရှိ စေတီပုထိုးများကို ဦးစားပေးဆောင်ရွက်ရန်အချက်အပါဝင် အချက်(၄)ချက်ကို အတည်ပြုဆုံးဖြတ်ခဲ့ကြတယ်လို့လည်း သိရှိရသည်။ တိုင်းခမ်းတီး သျှမ်းလူမျိုးများ အများစုနေထိုင်ခဲ့ဖူးသော မြန်ပြည်မြောက်ပိုင်း ပူတာအိုခရိုင် ခမ်းတီးလုန်ဒေသသည် သာသနာသက္ကရာဇ် -၂၄၄ ၊ BC - ၃၀၄ ၊ လွန်ခဲ့သည့်နှစ်ပေါင်း (၂၃၁၉)၀န်းကျင်တစ်ဝိုက် စော်ဘွားကြီး စ၀်လွမ်းလုန်လက်တွင် ဗုဒ္ဓသာသနာတော် စည်ပင်ထွန်းကားခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ ပူတာအိုခရိုင်အတွင်း တိုင်းခမ်းတီး သျှမ်းရွာပေါင်း (၁၈)ရွာခန့်လောက်သာ ကျန်ရှိတော့တာ ဖြစ်ပါသည်။

No comments: