Saturday, November 19, 2016

ဒေါ်လာဈေးစံချိန်တင် တက်သော်လည်း ရှမ်းတောင်တွင် စိတ်ကြွဆေးပြား WY တစ်ပြား ၃၀၀ ကျပ်အထိ စံချိန်တင် ဈေးကျ ---- ---- ----

အစိုးရသစ် လက်ထက် ငွေလဲလှယ်နှုန်းထားတွင် အမေရိကန် ဒေါ်လာဈေးမှာ စံချိန်တင်အဖြစ် တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၃၀၀ ကျော်အထိ မြင့်တက်လာ ခဲ့သော်လည်း ရှမ်းပြည်နယ် တောင်ပိုင်းတွင် စိတ်ကြွဆေးပြား ဈေးနှုန်းများမှာ စံချိန်တင် ကျဆင်းလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“တအားပေါနေတာ။ ကျွန်တော် သိသလောက် ဒီနှစ်မှာ မကြုံစဖူးပဲ ။ WY  က ကျွန်တော်တို့ သိသလောက်ဆိုရင် တပြားကို လက်လီဈေးကွက်မှာ ၃၀၀ လောက်ပဲကို ဖြစ်နေတယ်” ဟု ပင်လုံဒေသခံ စိုင်းဇော်( အမည်လွှဲ) က The Ladies News သို့ နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောသည်။

စိတ်ကြွဆေး ပေါများလာမှုမှာ ပင်လုံတစ်မြို့ထဲတွင်တင်မကပဲ နမ့်စန် ၊ လွိုင်လင် ၊ ဟိုပုံး ၊ ကွန်ဟိန်း ၊ ဆီဆိုင် အစရှိသည့် ဒေသများတွင်ပါ ဖြစ်နေေ ကြာင်း ဒေသခံများက ဆိုသည်။ အများစုမှာ အက်ဖ်တမင်း ပေါများလာမှုဟု ဆိုကြသည်။

“ဟုတ်တယ်။ တအားပေါနေတာ။ တစ်သက်နဲ့ တစ်ကိုယ် မကြုံဖူးဘူး။ အရက်သမား အချို့တောင် အရက်မသောက်ပဲ ဆေးပြား ပြောင်းသုံး ကုန်တယ်။ ဖမ်းဆီးတာ အချို့လည်း လုပ်နေတာပဲ။ ဘာကြောင့်ပေါမှန်း မသိဘူး” ဟု နမ့်စမ်ဒေသခံ ကိုဇော်လတ်ကလည်း ပြောသည်။

နမ်စမ်တွင်လည်း WY တပြားလျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်အထိသာ ကျသင့်နေသည်ဟု ကြားသိရကြောင်းလည်း ၄င်းက ပြောသည်။

“ကျွန်မတို့ဆို မြို့မှာ ဆေးသမားများလာလွန်းလို့ ညနေစောင်းတာနဲ့ အိမ်တံခါးကို အလုံပိတ်တယ်။ အပြင်တောင် သိပ်မထွက်ဘူး” ဟု လွိုင်လင် ဒေသခံ နန်းစံအေးကလည်း ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်းဒေသတွင် စိတ်ကြွဆေးပြားများ တွေ့ရှိရမှု များပြားလာခြင်းမှာ ယခုနောက်ပိုင်း ၅ နှစ်အတွင်းတွင် ဖြစ်သည်ဟု ဆိုကြပြီး WY ဆေးပြား ဈေးနှုန်းမှာလည်း နောက်ပိုင်းနှစ်များတွင် တဖြည်းဖြည်းခြင်း ကျဆင်းလာခဲ့ခြင်းဖြစ်ကာ ယခုနှစ်တွင် စံချိန်တင် ကျဆင်းနေခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဘက်တွေမှာ လာစုပြုံသလို ဖြစ်နေတယ်” ဟု ပင်လုံ ဒေသခံ စိုင်းဆုကလည်း ညည်းတွားသည်။ ရှမ်းတောင်ဒေသတွင် RCSS/SSA မှာ အပစ်ခတ် ရပ်စဲထားသည်မှာ ၅ နှစ် ရှိလာခဲ့ပြီဖြစ်သည်။ ဒေသတွင်းတွင် RCSS/SSA မှ ဘိန်းဖြတ်စခန်းများ တည်ထောင်မှုများ ရှိနေသော် လည်း ဆေးသမား အရေအတွက်နှင့် မလုံလောက်နိုင်ဟု စိုင်းဆုက သုံးသပ်သည်။

လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှလည်း ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ပြည်သူ့စစ်များက တောထဲတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု အကြီးအကျယ် ပြုလုပ်နေကြောင်း မကြာသေးခင်က ထုတ်ပြန်ထားသည်။

ဒေသတော်တော်များများတွင် ဘိန်းစိုက် တောင်သူများအား ဘိန်းအ တွက် ငွေပေးချေရာတွင် ငွေကြေးအစား စိတ်ကြွဆေးပြားဖြင့် ပေးချေမှု များကြောင့် တောင်သူများမှာ ဖြန့်ဖြူးသုံးစွဲသူ ဖြစ်မှန်းမသိ ဖြစ်နေသည်ဟု ရှမ်းအင်အားစုများက ဆိုသည်။

“မူးယစ်ဆေးဝါးပြသ၁နာက ပြည်တွင်းစစ်နဲ့ ပတ်သက်တယ်။ နိုင် ငံရေးပြသ၁နာကို နိုင်ငံရေး နည်းလမ်းနဲ့ မြန်မြန်ဖြေရှင်းမှ ဒီပြသ၁နာကို ရှင်းနိုင်မယ်။ ဘိန်းအစားထိုး သီးနှံစိုက်တာက အစပေါ့လေ။ အခုရှမ်းပြည် မှာ ဈေးတအားပေါတော့ ယောက်ကျားလေးတွေ တင်မကဘူး။ ကောင် မလေးတွေပါ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးစွဲတာတွေ ရှိတယ်။ တစ်ဖက်က တိုက်ပွဲတွေလည်း ရှိနေတော့ ကောင်းကောင်းမွန်မွန် စိုက်ပျိုး . ကောင်းရောင်းကောင်းဝယ် လုပ်တာက အချိန် ကြာတယ်။ သေလည်း မသေချာဘူးဆိုတော့ မြန်မြန်ငွေဖြစ်တဲ့ စိတ်ကြွဆေးလိုဟာမျိုးကို အားပြုလာတာပေါ့။ ကျွန်တော်ဆိုလိုတာ တစ်ဖက်တည်း မဟုတ်ပါဘူး။ ဒီပြည်တွင်းစစ်နဲ့ တိုက်ပွဲတွေမှာ ပါဝင်နေသူ အားလုံးက ဒီလို ကိစ္စတွေမှာ ပတ်သက်နိုင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကော ပြည်သူ့ စစ်တွေက အစပါ။ အခုလို စိုက်ပျိုးသီးနှံတွေ ဆုံးရှုံးမှုများ ၊ စီးပွားရေးကျဆိုတဲ့ အချိန်မှာ စိတ်ကြွဆေးပြား ပေါများလာတာ သိပ်မဆန်းဘူးလို့တောင် ဖြစ်နေ တယ်။ ပြည်တွင်းစစ် မြန်မြန်ချုပ်ငြိမ်းအောင် လုပ်ဖို့လိုတယ်။ ဒါမှ မူးယစ်ပြသ၁နာ မြန်မြန်ရှင်းနိုင်မယ်” ဟု ရှမ်းပြည်နယ်အတွင်း အင်အားကြီး ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရ ဦးစိုင်းလိတ်က မှတ်ချက်ပြုပြောဆိုသည်။

The Ladies News

No comments: