Tuesday, November 22, 2016

လူမှုကူညီရေးအသင်း ယာဉ်အား KIA ၊TNLA နှင့် MNDAA လက်နက်ကိုင် တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်၊ လူငယ်တစ်ဦး ဒဏ်ရာရ


Posted: November 22, 2016

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဒေသတွင် KIA ၊TNLA နှင့် MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များ တိုက်ခိုက်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သာမက အပြစ်မဲ့ အရပ်သား ပြည်သူများပါ ထိခိုက် သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်အတွင်း ပိတ်မိနေသော စစ်ဘေးရှောင် ပြည်သူများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရန် နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက သွားရောက်ခဲ့သော မူဆယ်မြို့မှ မေတ္တာမွန် လူမှုကူညီရေးအသင်း၊ ၁၀၅ မိုင် ပါရမီလူမှု ကူညီရေးအသင်းတို့၏ မှန်လုံမော်တော်ယာဉ် ၂ စီးအား KIA ၊TNLA နှင့် MNDAA လက်နက်ကိုင် တပ်ဖွဲ့များက ပစ်ခတ်ခဲ့သည်။

အဆိုပါ လူမှုကူညီရေး အသင်းမှ မော်တော်ယာဉ် ၂ စီးသည် လွယ်အင်ကျေးရွာ နှင့် အနီးပတ်ဝန်းကျင်တွင် စစ်ဘေးရှောင် ဒုက္ခသည်များ ရောက်ရှိနေကြောင်း ဆက်သွယ် အကြောင်းကြား သဖြင့် အကူအညီပေးရန် သွားရောက်စဉ် KIA ၊TNLA နှင့် MNDAA လက်နက်ကိုင် အဖွဲ့များက ဘုရားကုန်းလမ်းဘေး တောင်ကုန်းမှ လက်နက်ငယ်ဖြင့် ၄ ချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုကြောင့် ယာဉ်မောင်း ဦးလင်းပု မောင်းနှင်လာသည့် မေတ္တာမွန် လူမှုကူညီရေးအသင်း ယာဉ်ပေါ်တွင် လိုက်ပါလာသော ရွှေလီမြို့နေ ကြင်နာနွေးထွေး ပရဟိတလူငယ်အသင်းမှ ကိုရဲမင်းအောင် (၂၃ နှစ်) (အဘ) ဦးချက် ၏ ဝဲဘက် ရင်ဘတ်ဘေး ဖောက်ထွက် ဒဏ်ရာ ရရှိခဲ့ပြီး၊ မော်တော်ယာဉ်အား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆက်လက် သွားရောက်ခြင်း မပြုနိုင်ဘဲ ဒဏ်ရာရရှိသူနှင့် အတူ မူဆယ်မြို့သို့ ပြန်လှည့်လာခဲ့ပြီး ညနေ ၄ နာရီခွဲ အချိန်တွင် မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

The Ladies News

No comments: