ကျောက်မီးသွေး စီမံကိန်းများ အားလုံး ရပ်ဆိုင်းပေးရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၇၀ ခန့် လက်မှတ်ရေးထိုးပြီး ရုရှားနိုင်ငံတွင် ပြုလုပ်နေသည့် COP 22 အစည်းအဝေးသို့ တင်ပြထားကြောင်း ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူက ပြောကြားသည်။
“ကျောက်မီးသွေးနဲ့ ပတ်သက်ပြီးတော့ COP 22 မှာ တင်ပြထားတယ်။ အဓိကအားဖြင့် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကျောက်မီးသွေး အသုံးပြုတာ လျှော့ချဖို့ရယ်။ ကျွန်တော်တို့ နိုင်ငံတွေမှာ လာပြီးတော့ အသုံးပြုမှာတွေကို ကာကွယ်ဖို့အတွက် ဖြစ်တယ်။ လောလောဆယ်မှာ ADB ကလည်း မြန်မာနိုင်ငံမှာ ကျောက်မီးသွေးနဲ့ သုံးလို့ရတယ်ဆိုပြီး ပြောထားတာ ရှိတယ်။ မြန်မာနိုင်ငံမှာရော အိမ်နီးချင်းနိုင်ငံတွေမှာရော နေစွမ်းအင် အသုံးပြုလို့ ရတယ်။ ရှမ်းပြည်နယ်ဘက်မှာ ဆိုရင်လည်း Mini Hydropower လေးတွေ ရှိတယ်။ ထောင်ကျော်လောက် ရှိတယ်။ ကျောက်မီးသွေးဆိုတာ မဖြစ်မနေမှ သုံးတဲ့ဟာမျိုး စဉ်းစားဖို့အတွက် တွန်းအားပေးချင်တာ။ ကျွန်တော်တို့ ကောက်လိုက်တော့ ရက်တိုတို အတွင်းမှာပဲ အဖွဲ့အစည်းပေါင်း ၁၇၀ လောက် ရတယ်” ဟု ဒေါက်တာကျော်သူက ပြောကြားသည်။
COP 22 အစည်းအဝေးတွင် ကျောက်မီးသွေး စီမံကိန်းများ ရပ်တန့်ရန် အရပ်ဘက် အဖွဲ့အစည်းများ၏ လက်မှတ်ကောက်ခံရာတွင် ကျောက်မီးသွေး စီမံကိန်း လုပ်ဆောင်မည့် နေရာနှင့် ကျောက်မီးသွေး တူးဖော်သည့် နေရာများမှ အရပ်ဘက် အဖွဲ့အစည်းများကို အဓိကထား ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူများနိုင်ငံမှာ မှားခဲ့ပြီးပြီ။ ကိုယ့်နိုင်ငံမှာ လျှပ်စစ်ရဖို့အတွက် ကောင်းတဲ့ အခွင့်အလမ်းတွေ ရှိတယ်။ အဖွဲ့ ၁၇၀ ကျော်က ကျောက်မီးသွေးလုပ်မယ့် နေရာကပါတယ်။ ကျောက်မီးသွေးကို တူးနေတဲ့ ဒေသတွေ ပါတယ်။ ပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေ လည်းပါတယ်။ အခု တင်ပြတာက နိုင်ငံတကာ အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ တင်ပြတာ ဖြစ်တယ်” ဟု ဒေါက်တာကျော်သူက ဆက်လက် ပြောကြားသည်။
ကျောက်မီးသွေး စီမံကိန်းများ ရပ်တန့်ပေးရန်အတွက် ဘယ်ဂျီယံ၊ UK၊ ကနေဒါ၊ စပိန်၊ ဂျာမနီ၊ ဆွီဒင်၊ တူရကီ၊ ဂါနာ၊ ဖီလစ်ပိုင်နိုင်ငံတို့မှ အရပ်ဘက် အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံမှ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းပြီး International Campaign ပြုလုပ်ကာ COP 22 အစည်းအဝေးသို့ နိုဝင်ဘာ ၁၀ ရက်တွင် တင်ပြခဲ့ကြောင်း သိရသည်။
ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချနိုင်ရန် ပြုလုပ်သည့် Conference of the Parties (COP 22) အစည်းအဝေးကို နှစ်စဉ်ပြုလုပ်ခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ ပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ရုရှားနိုင်ငံ၌ နိုဝင်ဘာ ၇ ရက် မှ ၁၈ ရက်အထိ ပြုလုပ်နေကြောင်း သိရသည်။
Writer:
ဆန်းထူးအောင်
No comments:
Post a Comment