ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပွဲရုံတစ်ခုတွင် ရောင်းချနေသော ငရုတ်သီးများအား တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
ဈေးကွက်၌ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၇၅ မျိုး ရှိသည့်အနက် အစားအသောက် ထုတ်လုပ်ခွင့် ထောက်ခံချက် မရှိဘဲ ရောင်းချသည့် အမှတ်တံဆိပ် ၆၀ ခန့် ရှိနေကြောင်းနှင့် ယင်းတို့နှင့် ပတ်သက်၍ အချက်အလက်များ သိရှိပါက သတင်းပေး တိုင်ကြားရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ အသိပေးထားကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်ရှိ၌ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိထားသော ငရုတ်သီးမှုန့်လုပ်ငန်း ၁၄ ခုသာ ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် လေးခု၊ မန္တလေးတိုင်း ဒေသကြီးတွင် တစ်ခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ခုနှင့် မွန်ပြည်နယ်တွင် သုံးခုရှိကြောင်း၊ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိထားသည့် အမှတ်တံဆိပ်များမှာ မြန်မာရနံ့၊ ဘုတ်ဆုံမ၊ မြို့မဆင်ဖြူတော်၊ နံပါတ်ဝမ်း၊ ကိုလှထွန်း၊ ဒေါ်ထွေး၊ ရှူးရှဲ၊ ဂွတ်ရှယ်၊ KSS၊ ထူးအံ့၊ OK ထွန်း၊ ဒေါ်တင်(ဆင်ဖြူကျွန်း)၊ မခင်အေး (မော်လမြိုင်)၊ အိအိချို၊ ဖိုးဝအမှတ် တံဆိပ်များဖြစ်ကြောင်း သိရသည်။
“ဈေးကွက်ထဲမှာ ထောက်ခံချက်မရှိ ရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်တို့ စစ်ဆေးဖို့ ဈေးကွက်နမူနာ ကောက်ယူခဲ့တဲ့ ငရုတ်သီးမှုန့် ၆၀၀ ကျော်ထဲမှာ အမှတ်တံဆိပ်ပါ ထောက်ခံချက် ရပြီးတဲ့ ငရုတ်သီးမှုန့် နမူနာ ၁၄၃၊ အမှတ်တံဆိပ်ပါ ထောက်ခံချက် လျှောက်ထားခြင်း မရှိသော ငရုတ်သီးမှုန့် နမူနာ ၁၄၀၊ အမှတ်တံဆိပ် မပါသော ငရုတ်သီးမှုန့် နမူနာ ၃၆၈ မျိုး ပါပါတယ်။ မှတ်ပုံမတင် ထုတ်လုပ်နေတဲ့ ငရုတ်သီးမှုန့် လုပ်ငန်းတွေ အများကြီး ရှိနေပြီး ဒီလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့မှာ အချက်အလက်တွေ မရှိသလောက် ဖြစ်နေပါတယ်။ ဒါကြောင့် ဘယ်တံဆိပ်နဲ့ ဘယ်နေရာမှာ ထုတ်လုပ်တယ် ဆိုတာကို သိရင် ကျွန်တော်တို့ကို အသိပေးနိုင်သလို မြို့နယ်တွေမှာ စားသုံးသူရေးရာ ဦးစီးဌာနတွေ ရှိပါတယ်။ သူတို့ကို သတင်းပေး တိုင်ကြားနိုင်ပါတယ်။ ကျွန်တော်တို့ လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် ပြည်တွင်းဈေးကွက်၌ ရောင်းချလျက်ရှိသော ငရုတ်သီးမှုန့် (အကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းမှုန့်၊ အစိမ်းမှုန့်) များတွင် ခွင့်မပြု ဆိုးဆေးများ၊ Aflatoxin များ ပါဝင်နေခြင်း ရှိ မရှိ စက်တင်ဘာလ အတွင်းက စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးမှုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု၊ နေပြည်တော်နယ်မြေ အတွင်းရှိ ဈေးများမှ ငရုတ်သီးမှုန့် (အကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းမှုန့်၊ အစိမ်းမှုန့်) များကို ဈေးကွက် နမူနာေ ကာက်ယူ၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ဓာတ်ခွဲခန်းများ၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ငရုတ်သီးမှုန့် စုစုပေါင်း ၆၅၁ မျိုးရှိရာ ယင်းတို့အနက် Aflatoxin B1 ပါဝင်မှု ၃၈၇ မျိုး၊ ခွင့်မပြုဆိုးဆေး Rho-damine B ပါဝင်မှု နှစ်မျိုး စစ်ဆေးတွေ့ရှိထားပြီး ကျန်နမူနာများမှာ Aflatoxin B1 ပါဝင်မှု မရှိကြောင်း သိရသည်။ ငရုတ်သီးမှုန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအတွက် နည်းပညာပိုင်းဆိုင်ရာ သီးခြားသင်တန်းများ ပေးရန်လည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ စီစဉ်နေကြောင်း သိရသည်။
Writer:
အိသဉ္ဇာကျော်
No comments:
Post a Comment