Tuesday, November 15, 2016

အင်းလေးကန် လေထုနှင့် အသံညစ်ညမ်းမှု လျှော့ချမည့် စီမံကိန်း စတင်



14-Nov-2016  tagged as အင်းလေး 

ရန်ကုန်၊ နိုဝင်ဘာ ၁၄

အာဆီယံ အမွေအနှစ် စာရင်းဝင် တစ်ခုဖြစ်သည့် အင်းလေးကန်အတွင်း စက်လှေများမှ ထွက်ရှိသည့် မီးခိုးငွေ့များကြောင့် ဖြစ်ပေါ်လာနိုင်သည့် လေထုညစ်ညမ်းမှုနှင့် အသံ ဆူညံမှုကို လျှော့ချနိုင်ရန် စီမံကိန်း ဆောင်ရွက်မည်ဖြစ်ကြောင်း Save The Inle Lake အဖွဲ့ထံမှ သိရသည်။

အဆိုပါစီမံကိန်းကို အင်းလေးဒေသ ခရီးသွား ပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်ပြီး အင်းလေးကန်အတွင်း သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်သည့် လေထု ညစ်ညမ်းမှုနှင့် အသံဆူညံမှုတို့ကို လျော့နည်းလာစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းစီမံကိန်း Noice & Air Pollution Reduction Pilot Project (NAP Reduction Pilot Project) ကို ၂၀၁၆- ၂၀၁၇ ခုနှစ်အတွင်း စက်လှေ အစီးရေ ၃၀ ခန့်ဖြင့် စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောကြားသည်။

ထို့ပြင် ဒေသခံ တစ်နိုင်တစ်ပိုင် စက်လှေလုပ်ငန်း ထူထောင်ခဲ့သူများ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာစေရန် တစ်စိတ်တစ်ဒေသ ရည်ရွယ်ဆောင်ရွက်သည့် NAP Reduction Pilot Project တွင် အင်းဒေဝီကန်လှေလုပ်ငန်းအဖွဲ့က စက်ပိုင်းဆိုင်ရာ နည်းပညာနှင့် အသိပညာပိုင်းဆိုင်ရာ နည်းပညာများကို ကူညီ ထောက်ပံ့မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြ ပြောဆိုသည်။

အင်းလေးကန်သို့ ကမ္ဘာလှည့် ခရီးသွား အများအပြား လာရောက် လည်ပတ်လျက်ရှိပြီး စက်တပ်လှေ အသုံးပြုမှုများသည့်အပြင် ဒေသခံ စက်လှေများမှ ထွက်ရှိသည့် မီးခိုးငွေ့များနှင့် ဆီယိုဖိတ်မှုများကြောင့် လေထု ညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်းနှင့် အသံဆူညံခြင်းတို့ရှိနေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ် ပြောဆိုသည်။

THE VOICE

No comments: