Tuesday, November 15, 2016

ရွှေတိဂုံစေတီအနီး ခါးပိုက်နှိုက်ကျူးလွန်သူများကို ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီး

14-Nov-2016  tagged as 

ရန်ကုန်၊ နိုဝင်ဘာ ၁၄

 

တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံ စေတီတော် အနီး ပတ်ဝန်းကျင်တွင် ဘုရားဖူးလာသည့် အများပြည်သူများထံမှ ခါးပိုက်နှိုက် ကျူးလွန်သူများကို ဝိုင်းဝန်း ပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

 

အဆိုပါ ခါးပိုက်နှိုက် ကျူးလွန်သူများကို ဒဂုံမြို့နယ်၊ ဗဟန်းမြို့နယ်နှင့် စမ်းချောင်းမြို့နယ်များမှ ပိတ်ဆို့ ဖမ်းဆီးခဲ့ရာ ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ကြားတောရလမ်း၊ ပညာရေး ဓမ္မာရုံရှေ့တွင် အသက် ၂၃ နှစ်နှင့် ၃၂ နှစ်အရွယ် အမျိုးသား နှစ်ဦးကိုလည်းကောင်း၊ ယနေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီးမှ အသက် ၂၈ နှစ်အရွယ် အမျိုးသား တစ်ဦးကိုလည်းကောင်း သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

 

“ဘုရားဖူးလာတဲ့ ပြည်သူတွေ စိတ်အေး ချမ်းမြေ့စွာ ဘုရားဖူးနိုင်ဖို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဦးစီးပြီး ဖမ်းဆီးခဲ့တာပါ၊ ဘုရားပရိဝုဏ် အတွင်းနဲ့ လူစည်ကားရာ နေရာတွေမှာ အဖွဲ့လိုက် စောင့်ကြည့်နေပါတယ်၊ ပြစ်ချက်ဟောင်းရှိသူ၊ သင်္ကာမကင်းသူတွေ့ရင် ခေါ်ယူ စစ်ဆေးတာတွေ ရှိတယ်၊ သူတို့ဆီမှာ နှိုက်လာတဲ့ ပစ္စည်း လက်ဝယ် တွေ့ရှိရင် အရေးယူမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ခါးပိုက်နှိုက် ကျူးလွန်သူများထံမှ သိမ်းဆည်း ရရှိသည့် ပစ္စည်းများကို ပိုင်ရှင်များထံ ပြန်လည်အပ်နှံ ပေးနိုင်ရန် စိစစ် ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရရှိသူ ခါးပိုက်နှိုက်များကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉(နှိုက်)/ကျင့် ၅၄ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

 

အလားတူ နိုဝင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းက ဒဂုံမြို့နယ်၊ ပြည်လမ်း အရှေ့ ရပ်ကွက်၊ ပြည်သူ့ဥယျာဉ်ဝင်း ရေလွှာ လျှောစီး ရေကူးကန် အနီးတွငှ်ျောကညါ Samsung GlaxyJ-7 ဖုန်းတစ်လုံးနှင့်အတူ အသက် ၂၈ နှစ် အရွယ် အမျိုးသမီး တစ်ဦးကို ဖမ်းဆီး ရရှိခဲ့ကြောင်း၊ အဆိုပါ လက်ကိုင်ဖုန်းမှာ အမည်မသိ အမျိုးသား တစ်ဦး၏ လက်ကိုင်အိတ်အတွင်းမှ ခိုးယူလာသည့် ပစ္စည်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းကို ဒဂုံမြို့မရဲစခန်းက (ပ)၂၂၄/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် အရေးယူထားကြောင်း သိရှိရသည်။ 

No comments: